Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, September 19, 2014

မိန်းမနှင့် ကျိန်စာ

စုမီအောင်
(မိန်းမ - ၉)

        ဝတ္ထုထဲက စာသားပဲလား၊ ကဗျာတစ်ပုဒ်ပဲလားမသိ၊ ဇိုယာ ငယ်စဉ်ကတည်း က ဖတ်ခဲ့ဖူးသည်။ မိုးကောင်ကင်ကြီးပြာသလို ယောက်ျားတွေလည်း ညာနေသည်... တဲ့။ ကမ္ဘာတည်သရွေ့ မိုးကောင်ကြီးပြာနေမှာဖြစ်သလို အမြဲတစေ ညာနေမှာဖြစ် သည့် ယောက်ျားတွေ၏ စိတ်သဘောချင်းတူနေကြောင်း ခိုင်းနှိုင်းဖွဲ့ဆိုခဲ့သည်။
          ငယ်စဉ်ကတော့ ဘာရယ်မဟုတ်၊ ဘာရယ်မသိ၊ နှစ်သက်ခဲ့ဖူးခြင်းသက်သက် သာဖြစ်သည်။ ကြီးပြင်းလာတော့ နားလည်စွာအတည်ပြုလျက် လက်ခံယုံကြည်မိတော့ ၏။ ထိုအချိန်မှာ ပြာသောကောင်းကင်တစ်ခုအောက်သို့ အားကိုးတကြီးပြုလျက် ခိုဝင်ခဲ့ပြီးပြီဖြစ်သည်။ ဒါကြောင့်လည်း လက်ခံမိခြင်းဖြစ်၏။ သို့သော်လည်း တစ်သက်မှာ တစ်ခါသာ ခိုလှုံခွင့်ရသော ထိုကောင်းကင်အောက်မှ ရုန်းထွက်ရန်အထိတော့ ဇိုယာ မမိုက်ရဲပါ။ ခိုဝင်ခဲ့ပြီးသူ ဇိုယာ့အတွက် ထိုကောင်းကင် သည် အမြဲတစေ ရှိကိုရှိပေးရမည်။ ဘာပဲဖြစ်ဖြစ် ကောင်းကင်ပြာအတွက် သူနှင့် ထိုက်တန်သော လက်ဆောင်တစ်ခုကို တော့ ပြန်ပေးရမည်။
            ထိုလက်ဆောင်သည် ဇိုယာ့အသွေးအသားတို့နှင့် ဖလှယ်၍ ပေးလိုက်ရသော  ကျိန်စာတစ်ခုပဲဖြစ်သည်။
xxxxx
            ဧည့်ခန်းထဲတွင် တစ်ယောက်တည်းအထီးကျန်ဆန်ရသည့် အကြောင်းများ တွေး မိရင်း ဇိုယာ မမြင်ဖူးလိုက်သည့် အဖေနှင့်အမေကို လွမ်းဆွတ်သတိရလာသည်။ အဘွား၏ဓာတ်ပုံရှေ့မှာရပ်ပြီး ''မာမီရေ''ဟု တီးတိုးရေရွတ်မိသည်။ (ငယ်စဉ် ကတည်း က ပြုစုစောင့်ရှောက်ခဲ့သည့် အဘွားဖြစ်သူကို မေမေ့အစား ဇိုယာက မာမီ ဟုခေါ်သည်)။မာမီက သူမရှိသည့်နောက်ပိုင်း အစစအရာရာ စိတ်ချရအောင် မောင်နှင့် လက်ထပ် ပေးခဲ့သည်။ မာမီ စိတ်ချစွာ မျက်နှာလွှဲသွားအောင် လုပ်ပေးရခြင်းအတွက် ဇိုယာ ဝမ်းမြောက်မိသည်။ တစ်စုံတစ်ရာကြိုတင်ပြင်ဆင်ခွင့် မရှိဘဲ ကောင်းကင်တစ်ခုအောက်သို့ လျင်မြန်စွာခိုလှုံလိုက်ရခြင်းမှာ မာမီကြောင့်ဟုဆိုလျှင် မမှား၊ မောင်နှင့်စတင် ဆုံစည်းခဲ့ရခြင်းသည်လည်း မာမီကြောင့်ပဲဖြစ်ခဲ့သည်။ သူ့အဖေ ခိုင်းလိုက်သော ကုမ္ပဏီလုပ်ငန်းတစ်ခုနှင့်ပတ်သက်ပြီး ဇိုယာ့အဘွားဆီ မောင် ရောက်ရှိလာခဲ့ခြင်းသည် ဇိုယာ့ဘဝထဲ ဇွတ်အတင်းဝင်ရောက်ရန် အစပျိုးခြင်းနေ့တစ်နေ့ ဖြစ်ခဲ့သည်။ ဧည့်ခန်းကြမ်းပြင်မှာ ခြေဆင်း၍  gameကစားနေသော ဇိုယာသည် သံတံခါးဝ၌ လာရပ်သော မောင့်ကို သတိမပြုမိခဲ့ပါ။
            ''ချာတိတ် အန်တီကြီးရှိလား''
            တစ်ချက်လှည့်ကြည့်ပြီွးောန ဆော့မရပ်ဘဲ ဇိုယာပြန်မေးလိုက်သည်။
            ''အန်တီကြီးဆိုတာ ဘယ်သူလဲ နာမည်ပြောမှပေါ့''
            ''ဒေါ်မာလာခင်''
            ''သြော် ... လာခဲ့လေ''
            ''တံခါးဖွင့်အုံးမှပေါ့ ချာတိတ်ရဲ့ ကိုယ်အလှူခံမဟုတ်ဘူး''
            သည်တော့မှ ဇိုယာတံခါးထဖွင့်ပေးသည်။ ဘောင်းဘီတို၊ တီိရှပ်နှင့် ဇိုယာ့ကို သူက တအံ့တသြကြည့်သည်။
            ''ခဏထိုင် သွားခေါ်ပေးမယ်၊ မာမီ့မိတ်ဆွေဆိုတော့ နောက်တွေ့နေရမှာမို့ ကြိုမှာထားမယ်၊ နောက်တစ်ခါ ကျွန်မကို ချာတိတ်လို့မခေါ်နဲ့၊ ကျွန်မနာမည်ဇိုယာ၊ ကျောင်းတောင်ပြီးသွားပြီ၊ လူတွေရဲ့မျက်နှာဖုံးတွေကို မကြည့်ချင်လို့ အပြင်ထွက်အလုပ် မလုပ်ဘဲ အိမ်မှာနေတာ၊ ရှင်က အလုပ်လုပ်တော့ လူတွေရဲ့ မျက်နှာဖုံးတော်တော်များ များကို တွေ့ဖူးမှာပေါ့''
            ''မင်းဘာကို ဆိုလိုတာလဲ ကိုယ်မသိဘူး''
            ''ထားပါလေ ဒီမှာ စောင့်နေ''
            ထိုစဉ်ကတော့ ကိုယ်တိုင်မျက်နှာဖုံးတပ်ထားသူကိုမှ မျက်နှာဖုံးအကြောင်း မေးမိ ခြင်းဖြစ်ကြောင်း ဇိုယာမသိခဲ့ပါ။ စကားတွေ တသီတန်းကြီးပြောသည့် ဇိုယာကို မောင်က တွေ့တွေ့ချင်း သဘောကျခဲ့သည်တဲ့။ ဇိုယာကတော့ သူ့ကို gameဆော့ခြင်းနှင့် စာအုပ်ဖတ်ခြင်းလောက် စိတ်မဝင်စားခဲ့ပါ။ ရည်းစားထားဖို့ကိုလည်း ဇိုယာ သဘောမကျပါ၊ အိမ်နီးချင်းများ ပြောပြသည့် မျက်နှာဖုံးများအကြောင်း သူငယ်ချင်း များပြောကြသည့် ပူလောင်ခါးသီးဖွယ်ရာ အချစ်အကြောင်း၊ အိမ်ထောင်ရေးနယ်ပယ်ထဲ ခြေစုံပစ် ဝင်နှင့်ကြသော သူငယ်ချင်းများပြောပြသည့် ဖောက်လွဲ ဖောက်ပြန်လုပ်တတ်သည့် ယောက်ျားတို့အကြောင်း အံ့သြမကုန်နိုင်ဖွယ်ရာ ကြားနာခဲ့ရဖူးသည်။ ဇိုယာ့မှာ အချစ်အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး သံသယစွက်သည့် ခံယူချက်ရှိနေကြောင်း ဇိုယာကိုယ်တိုင် မသိခဲ့သေးပါ။ ထိုအရာကို မရိပ်မိခဲ့သော မောင်သည် ဇိုယာ့ကို လက်ထပ်ခွင့် တွင်တွင်တောင်းခံခဲ့ပေသည်။
            မောင်သည် မိန်းကလေးများ ငေးကြည့်ရလောက်အောင် ချောမောလှပသူတစ်ဦး မဟုတ်၊ ယောက်ျားပီသသော ဟန်ပန်နှင့် တည်ကြည်ခန့်ညားသည့် မျက်နှာအနေ အထားတစ်ခုကို ပိုင်ဆိုင်ရသဖြင့် အကြည့်ရမဆိုးပါ။ ရခိုင်ပုဆိုးနှင့် တိုက်ပုံအင်္ကျီကို အမြဲလို ဝတ်ဆင်ခြင်းသည် နှစ်ခြိုက်သဘောကျစွာ တန်ဖိုးတစ်ခုထား၍ ဝတ်ခြင်း မဟုတ်ဘဲ မျက်နှာဖုံးနှင့် လိုက်ဖက်ညီအောင် ကိုယ်ခန္ဓာကို အကာအကွယ်ယူ၍ ကောင်းအောင် အပေါ်ယံသက်သက်သာ ခြုံလွှမ်းထားသည့် အရေခွံတစ်မျိုးဖြစ်ကြောင်း ဇိုယာနောက်ပိုင်းမှ သိလာရပါသည်။ တက္ကသိုလ် တစ်ခုခုမှ ဘွဲ့တစ်ခုခုရယူပြီးသူတိုင်းအား ဘွဲ့ရပညာတတ်ဟု သတ်မှတ်မည်ဆိုလျှင် မောင်သည် ပညာတတ်တစ်ဦး အမှန်ဖြစ်၏။ ဇိုယာ့ထက် ၅ နှစ်စော၍ ကျောင်းပြီးခဲ့ပြီ။ ထိတ်ထိတ်ကြဲစီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦး မဖြစ်သေးသော်လည်း ကုမ္ပဏီကြီးတစ်ခု၌ အရေးပါသူပင် ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ၊ ပညာပိုင်းဆိုင်ရာ၊ လုပ်ငန်းပိုင်းဆိုင်ရာ ဘာတစ်ခုမှ ငြင်းစရာမရှိသည့် မောင့်ကို လက်ထပ်ဖို့ ဝန်လေးသည်ကတော့ ဇိုယာ့ရင်ထဲက သံသယအစွဲတစ်ခုကြောင့် ဖြစ်ကြောင်း ဇိုယာဝန်ခံရတော့သည်။
            ''အင်မတန် ဖောက်လွဲ ဖောက်ပြန်လုပ်တတ်တဲ့ ယောက်ျားတွေကို နောက်ပိုင်း ကနေ သဝန်တို၊ စိတ်မချရဖြစ်ရ၊ လိုအပ်ချက်မှန်သမျှကို ကိုယ့်ဆန္ဒကို ဘေးဖယ်လို့ အကုန်လုံးမညည်းမငြူ ဖြည့်ဆည်းပေးရ၊ ဒါတွေဟာ ကျွန်မတို့အတွက်တော့ ဘယ်လိုမှ လှပနိုင်မှာ မဟုတ်တဲ့ ဒုက္ခတွေပဲ၊ အဲဒီဒုက္ခတွေနဲ့ နေ့ရှိသရွေ့ နပမ်းလုံးပြီး မနေချင်ဘူး၊ နေလည်းမနေနိုင်ဘူး၊ နေခဲ့ရရင်လည်း ကျွန်မသေမှာ၊ တစ်ခုတော့ ရှိပါတယ်လေ၊ အဲဒီဒုက္ခအလုံးစုံနဲ့ နေသားတကျဖြစ်ချင်တဲ့ စိတ်လေးဝင်လာရင်တော့ ကျွန်မရှင့်ကို လက်ထပ်ဖို့ စဉ်းစားပါ့မယ်''
            မောင်က ဇိုယာစကားကို အလေးမထား။
            ''ဇိုယာပြောသလို ဖောက်ပြန်တဲ့ ယောက်ျားတွေထဲမှာ ကိုယ်ပါတယ်လို့ သေချာ တွက်ထားတယ်ဆိုရင်တော့ ဝမ်းနည်းစရာပဲ''
            ''ဒါဖြင့် အဲဒါဟာ ဘယ်တော့မှ မဖြစ်လာနိုင်တဲ့ကိစ္စတစ်ခုပဲလို့ ရှင်အာမခံ မလား''
            ''ဇိုယာ မင်းအသည်းများ ကွဲခဲ့ဖူးသလား''
            ''အို...နိုး...နိုး...နိုး အသည်းကွဲမိန်းမ တော်တော်များများနဲ့တော့ ရင်းရင်းနှီးနှီး စကားပြောဖူးတယ်၊ ကျွန်မသူငယ်ချင်း ၁ဝ ယောက်ရှိရင် ၁ဝ ယောက်လုံးက မိုးကောင်းကင်ကြီး ပြာသလို ယောက်ျားတွေ ညာတယ်ဆိုတဲ့အကြောင်းပဲ ပြောဖြစ်ခဲ့ ကြတယ်၊ ဒါအမှန်ပဲ၊ ရှင်တို့ ယောက်ျားတွေညာနေတယ်ဆိုတာ ကောင်းကင်ကြီး ပြာသလို ကမ္ဘာတည်သရွေ့မြဲနေမယ့်ကိစ္စပဲလေ၊ ကဲ...ရှင်ငြင်းဦးမလား''
            ''ထားလိုက်ပါတော့ ဇိုယာ၊ ကိုယ် စကားရည်လုပွဲ လာနားထောင်တာမဟုတ် ဘူး၊ မိန်းမတစ်ယောက်ကို လက်ထပ်ခွင့်လာတောင်းနေတာ၊ ဒါပေမဲ့ ကိုယ် လက်ထပ် ခွင့်တောင်းတာ မိန်းမတစ်ယောက်မဟုတ်ဘဲ ယုန်တစ်ကောင်ဖြစ်နေတာ အံ့သြစရာပဲကွ''
            ''ရှင် ဘာစကားပြောတာလဲ''
            ''ဇိုယာရေ..တကယ်တော့ မင်းဟာ မိုးပြိုမှာကို တွေးကြောက်နေရှာတဲ့ ယုန် သူငယ်လေးပဲ''
            ''ရှင် ဘယ်လိုထင်ထင် ဂရုမစိုက်ဘူး။ ဒါပေမဲ့ သိထားဖို့တော့ လိုသေးတယ်ရှင့်၊ မိုးပြိုမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စ၊ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုကို တွေးပူရ လောက်အောင် ကျွန်မအသိÓဏ်တွေ သတ္တဝါတစ်ကောင်လောက် မနိမ့်ကျသေးဘူး၊ ရှင်တို့ယောက်ျားတွေ ဖောက်ပြန်လာနိုင်တဲ့ကိစ္စ ရာနှုန်းပြည့် သေချာနေတာလေ... မဟုတ်ဘူးလား''
            ''ဇိုယာ ကိုယ်ထပ်ပြောမယ်၊ မင်းဟာ တကယ်သနားစရာကောင်းတဲ့ ယုန်လေး ပဲ''
            ''လာပြန်ပြီလား၊ ဒီယုန်... ကဲပါရှင်... ရှင် ကျွန်မရှေ့က မြန်မြန်ထွက်သွား လိုက်ပါ၊ ကျွန်မ တရားရုံးတွေ မသွားချင်ဘူး၊ ရှင် အေးအေးဆေးဆေး ထွက်သွား တာပဲ မြင်ချင်တယ်''
            ''မင်းမြင်ချင်တာကို ကိုယ်လုပ်ပေးဖို့ ဝန်မလေးပါဘူး၊ ဒါပေမဲ့ ကိုယ်အခု ဒီကထွက်သွားတာဟာ မင်းဘဝထဲကို အသေအချာဝင်ဖို့ ခြေတစ်လှမ်းဆုတ်ပေး လိုက်တာပဲဆိုတာ မင်းမေ့မထားနဲ့''
            ''အဲဒီ တောင်စဉ်ရေမရစကားတွေပါ သယ်ပြီး ရှင်မြန်မြန်ထွက်သွား''
            ထိုစဉ်က ဇိုယာသည် ယောက်ျားတစ်ယောက်အား တစ်ညလုံး မအိပ်နိုင်သည် အထိ (ပထမဆုံးအကြိမ်) ဒေါသဖြစ်စွာ သတိရနေမိခဲ့သည်။ ထိုနေ့မှစ၍ ဇိုယာ gameမဆော့ဖြစ်တော့ပါ။ စာအုပ်များ မှန်မှန်မဖတ်ဖြစ်တော့ပါ။
            မောင်သည် ဇိုယာ့ကိုရရန် အမျိုးမျိုးကြိုးစားတော့သည်။ မာမီကပါ သဘော တူပြီးသားဖြစ်နေခြင်းသည် မောင့်ကြိုးစားမှုအောင်မြင်စေသည့်အကြောင်းရင်းပဲဖြစ်၏။ အဲဒီနောက် ဇိုယာနှင့်ဆုံတိုင်း မောင်သည် အစစအရာရာ အသေးအဖွဲကစ၍ ဇိုယာ ဘာလုပ်လုပ် ဘာပြောပြော အတိုက်အခံမလုပ်တော့ဘဲ လိုက်လျောပေးခဲ့သည်။ ထိုလိုက်လျောမှုသည် ရယူမှုတစ်ခုအတွက် ရင်းနှီးမြှုပ်နှံခြင်းသက်သက်သာ ဖြစ်ကြောင်း ခိုင်မြဲလိမ့်မည်မဟုတ်ကြောင်း ဇိုယာစဉ်းစားဖို့ တစ်ချက်သတိလစ်ခဲ့ပါသည်။ မာမီရဲ့ ကျန်းမာရေးအခြေအနေအရ 'မာမီ မျက်ကွယ်မပြုခင် စိတ်ချသွားချင်တယ်ကွယ်' ဆိုသည့်စကားသည် မောင့်ကိုလက်ထပ်ရန် အဓိကအကြောင်း ဖြစ်သည်။ နောက်တစ်ခုက ဇိုယာ့မှာ မောင့်လောက်နီးပါးကောင်းသူ၊ မောင့်ထက် သာလွန်ကောင်းမွန်သူ မည်သူမျှ မရှိခဲ့၍ဖြစ်ပါသည်။ မာမီရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ပေးလိုခြင်းနှင့် အခြား ရွေးချယ် စရာမရှိခြင်းတို့သည် မောင့်ကို အားကိုးတကြီး လက်ထပ် ဖြစ်စေခဲ့သည့် လုံလောက်သော အကြောင်းချက်ဖြစ်ပါသည်။
            တကယ်တော့ လက်ထပ်ခြင်းသည် ဘာအကြောင်းကြောင့်မှ အလွယ်တကူ အလျင်စလိုပြုလုပ်ဖို့မကောင်းကြောင်း ဇိုယာ သိလိုက်ရချိန်မှာ ဇိုယာ့အတွက် အင်မတန် နောက်ကျခဲ့ပြီဖြစ်ကြောင်း ထပ်ဆင့်နားလည်လိုက်ရသည်။ ဇိုယာသည် မောင့်ရဲ့ အပေါ်ယံလိုက်လျောမှုတွေမှာ သာယာခဲ့ပြီး မောင်သည်လည်း ဇိုယာ့ အပေါ်ယံ အသွင်အပြင်တို့ကိုသာ သဘောကျခဲ့ခြင်းဖြစ်သည်။ တစ်ယောက်၏ကောက်ကြောင်း ကို တစ်ယောက်က မှန်ကန်ဖြောင့်တန်းအောင် ရေးဆွဲနိုင်ခဲ့ခြင်း မရှိပါ။ ရေးဆွဲနိုင် သည့်အချိန် ရောက်ပြန်တော့လည်း မောင်နှင့်ဇိုယာတို့ကို ဘာမှလုပ်ပိုင်ခွင့်မရှိအောင် လက်ထပ်ခြင်းက ချုပ်နှောင်၍ ပြက်ရယ်ပြုပြီး ဖြစ်ပါသည်။
            မောင်နှင့်ဇိုယာသည် ညများကို တစ်စုံတစ်ရာ၏အကူအညီဖြင့် လှပအောင် ပြုလုပ်နိုင်သည့် လူပီသသည့် လူသားနှစ်ဦးဖြစ်ကြသော်လည်း နံနက်ခင်းများစွာကို အရုပ်ဆိုးစေသူများဖြစ်သည်။ အသေးအဖွဲ အတ္တလေးများ၏ အရိပ်သည် နံနက်ခင်း စားပွဲပေါ် ကိုးရိုးကားယား ထိုးကျစေခဲ့သည်။
            ''အဒေါ်ကြီးအတွက်လား ဇိုယာ...များလိုက်တာ''
            စားပွဲပေါ်မှ စမူဆာ၊ ကော်ပြန့်များကိုကြည့်ပြီး မောင်က တအံ့တသြမေးသည်။
            ''အင်း ဟုတ်တယ်၊ နှစ်ယောက်စာလေ.. ဇိုယာ့အတွက်ရော၊ လာ..ထိုင် မောင်''
            ''ဒီမှာ စပါယ်ရှယ်'ကိတ်'တွေရှိတာပဲ၊ အဲဒါတွေ ဘာလို့စားနေတော့မလဲ''
            ''ဟင့်အင်း...အဲဒီကိတ်မုန့်အသေတွေ ကျွန်မ မကြိုက်ဘူး''
            ''ဘယ်လို..ဇိုယာ''
            ''မောင်ကလည်း ဝေးလိုက်တာ၊ ဆိုင်က မှန်ဗီရိုထဲမှာ ဘယ်နှရက်ကြာမှန်းမသိ၊ မွန်းကြပ်လှောင်ပိတ်ပြီး ရောက်လာတဲ့ အဲဒီလိုမုန့်အသေတွေစားရမှာ ဇိုယာ အသက် ရှူ ကျပ်တယ်၊ ဒါတွေကမှ မုန့်အရှင်တွေပေါ့၊ အခုချက်ချင်း ကြော်နေတာကို စောင့် ဝယ်လာတာလေ၊ စားကြည့်ပါလား မောင်၊ လွတ်လပ်မှုရှိတယ်''
            ''ဇိုယာ မင်းရဲ့ခပ်ကြောင်ကြောင်အတွေးတွေ ထုတ်လိုက်စမ်းပါကွာ၊ အစာ စားတာ လွတ်လပ်မှုရှိဖို့ မလိုပါဘူး၊ အရသာရှိဖို့ပဲ လိုတာ''
            မောင်က ယုံကြည်စွာ ပြောသည်။
            ''ဒါတွေက အရသာမဲ့နေလို့လား မောင်''
            ဇိုယာက ကော်ပြန့်တစ်လိပ်ယူ၍ အချဉ်ဖြင့် တို့စားလိုက်သေးသည်။
            ''ကိုယ် ဒီလိုမဆိုလိုပါဘူး၊ ကလေးတစ်ယောက်ကိုပဲ ယှဉ်ကျွေးကြည့်၊ သူ ဘာကို စားမယ်ထင်လဲ၊ ကိုယ်နဲ့လောင်းမလား''
            ''ကျွန်မ ရှင့်လို အလောင်းအစား ဝါသနာမပါဘူး၊ ကိုယ်ကြိုက်ရာကို လွတ်လပ် စွာ စားပိုင်ခွင့်မှမရှိဘူးဆိုရင် ဒီနေ့ နေ့လယ်စာကို ရှင်တစ်ယောက်တည်းစားဖို့ ကြိုတင်ပြင်ဆင်ခဲ့ပေတော့''
            စိတ်လိုက်မာန်ပါ ပြောခဲ့ပေမဲ့ ဇိုယာ မျက်နှာလွှဲခဲပစ် မလုပ်နိုင်ပါ။ မောင် သည် သူမ၏ခင်ပွန်းဖြစ်သည်။ ခင်ပွန်းဖြစ်သူကို ဇနီးမယားက အသေးအဖွဲကိစ္စလေးကြောင့် မခေါ်မပြော၊ ထမင်းလက်ဆုံမစားခြင်းသည် သေးနုပ်ညံ့ဖျင်းသော လုပ်ရပ်ဖြစ်ကြောင်း စဉ်းစားမိပြီး နေ့လယ်စာစားပွဲတစ်ခုကို ပြည့်စုံစွာပြင်ဆင်၍ မောင့်ကိုစောင့်မျှော်နေခဲ့သည်။ ကားသံကြားပြီ။ ဇိုယာ့ကို ထမင်းစားပွဲမှာမြင်လျှင် မောင် အံ့အားသင့်လိမ့်မည်။ မောင်နှင့်အတူ လက်ဆုံစားရန် စောင့်နေခြင်းဖြစ်ကြောင်း မောင့်ကို အသိပေးလိုက်လျှင် မောင်သည် အားတုံ့အားနာဖြစ်ပြီး ရေတောင်မချိုးနိုင်သေးဘဲ အဝတ်အစား ကပျာကသီလဲ၍ ဇိုယာနှင့်အတူ လာထိုင်စားပေလိမ့်မည်။
            သို့သော် မောင့်ခြေသံက ဇိုယာ့အနားသို့ တော်တော်နှင့်ရောက်မလာ။ ရောက်လာ ပြန်တော့လည်း မလှမပ...။
            ''မင်းမှာတဲ့အတိုင်း ကိုယ် ကြိုတင်ပြင်ဆင်ဖို့ မမေ့ခဲ့ပါဘူး။ ဒါပေမဲ့ ကိုယ့် ပြင်ဆင်မှုက မင်းမျှော်လင့်သလို အိမ်မှာ တစ်ယောက်တည်းထိုင်ပြီး နေ့လယ်စာကို ခြောက်ကပ်ကပ်စားဖို့တော့ မဟုတ်ဘူး၊ ဝမ်းနည်းပါတယ် ဇိုယာ၊ ကိုယ် အပြင်မှာ စားခဲ့ပြီးပြီ''
            ထမင်းစားပွဲပေါ်က ဇိုယာ့မျှော်လင့်ချက်တွေ ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။
            ''ဘယ်သူနဲ့အတူစားခဲ့တယ်ဆိုတာရော ကိုယ်ပြောပြဖို့ လိုသေးလား''
            မောင်က စားပွဲကို တစ်ပတ်ပတ်လျှောက်၍ ဇိုယာ့မျက်နှာကို အကဲခတ်နေသေးသည်။ နောက် ဇိုယာ့ရှေ့တည့်တည့်မှာရပ်ပြီး ထိုင်နေသည့် ဇိုယာ့မျက်နှာကို ငုံ့ကြည့်ကာ တိုးညှင်းစွာ စကားဆိုခဲ့သည်။
            ''ကိုယ်တို့ကုမ္ပဏီက အတွင်းရေးမှူးမလေး ဟယ်လင်နီနီနဲ့ပေါ့''
            ကြမ်းပြင်ပေါ်က ဇိုယာ့မျှော်လင့်ချက်တွေ ကြမ်းခင်းထဲပြုတ်ကျ၊ အဝီစိသို့ တစ်ဆင့်ပြီးတစ်ဆင့် ခေါင်းစိုက်ကျသွားခဲ့ပြီ။ သံသယစိတ်နှင့် ကြိုတင်မျှော်လင့်ခဲ့ ပြီးဖြစ်သော်လည်း ယခုလို ယောက်ျားတစ်ယောက်၏ ဖောက်ပြန်ရန် အစပျိုးမှုတစ်ခု ကို မျက်စိဖြင့် မမြင်ရသေး၊ နားဖြင့်ကြားရုံမျှနှင့်ပင် ဇိုယာ တုန်လှုပ်ချောက်ချားစွာ ထိခိုက်ရသည်။ တခြားမိန်းမတစ်ယောက်နှင့် နေ့လယ်စာ အတူစားခြင်းဟာ လုပ်ငန်း သဘောအရပဲလား၊ အမှန်တော့ ဇိုယာ ဝမ်းနည်းကြေကွဲသည်။ သို့သော် ထိုကြေကွဲမှုကို မောင် တွေ့သွားမှာစိုးသည့်အခါ...
            ''ရှင့်ဘာသာ ဘယ်သူနဲ့စားစား''
            စားပွဲတစ်ခုလုံးကို အားကုန်တွန်း၍ မှောက်ချပစ်လိုက်သည်။ မောင်က တစ်ချက် လှည့်ကြည့်၍ ထွက်သွားသည်။ အဲဒီ ဟယ်လင်နီနီဆိုတဲ့ အတွင်းရေးမှူးမဆီ သွားသလား ဇိုယာ မတွေးချင်ပါ။
            ပန်းကန်ကွဲသံ၊ ဝုန်းဒိုင်းကြဲသံများကြောင့် အပြေးရောက်လာသော အဒေါ်ကြီးသည် ကြမ်းပြင်မှာ ဒူးထောက်၍ ပန်းကန်ကွဲများ၊ မှောက်ကျပေကျံနေသော ထမင်းစ၊ ဟင်းစများ သိမ်းရန် ပြင်ဆင်နေသည့် ဇိုယာ့ကို တွေ့ရလျှင် အံ့အားသင့်သွားပုံရသည်။
            ''ဘာလို့ ဒီလိုလုပ်ရတာလဲ မိန်းကလေးရယ်၊ ပြေပြေလည်လည် စကားပြော မှပေါ့''
            ''ကျွန်မလည်း မရည်ရွယ်ပါဘူး၊ သူ့ဘာသာသူဖြစ်သွားတာ၊ အို...သူ..သူ့ စကားကြောင့် ကျွန်မ ကြမ်းကြမ်းတမ်းတမ်း တမင်လုပ်ပြလိုက်တာ၊ ကျွန်မ ဘယ်လို မှ စိတ်မကောင်းပါဘူး၊ ကျွန်မလေ ငို...ငိုချင်သလိုပဲ ဒေါ်ကြီးရယ်''
            ''ငိုမနေနဲ့ မိန်းကလေး၊ အခုကျလာမယ့် မင်းမျက်ရည်က စောစောက ဖြစ်သွား ပြီးသား လုပ်ရပ်ကို ပြင်ဆင်ခွင့်ပေးမှာ မဟုတ်ဘူး၊ အဲဒီတော့ ဒီပန်းကန်ပွဲတွေ သိမ်းနေမယ့် အစား စိတ်ငြိမ်ဆေးတစ်ပြားသောက်ပြီး ပျော်အောင်အိပ်လိုက်တာက ကောင်းမယ်''
            စိတ်ငြိမ်ဆေးပြားသည် ဇိုယာ့အတွက် မထူးခြားပါ။ ဇိုယာ့ရင်သည် ပင်လယ် ပြင်မှာထန်သော လှိုင်းကဲ့သို့ မငြိမ်မသက်ရှိလှသည်။ ဟယ်လင်နီနီ.. တစ်ခါကြားရုံနဲ့ မှတ်မိသောနာမည်၊ နာမည်လှသလို လူလည်းလှပေလိမ့်မည်။ ဇိုယာ့မှာတော့ စောင့်ဆိုင်း ခြင်းနှင့် အသက်ရှူမဝ ဖြစ်ခဲ့ရ၏။ ဒီအချိန် သူက ဟယ်လင်နီနီဆိုသည့် မိန်းမနှင့် တကယ်ပဲ စားသောက်ကြည်နူးနေခဲ့သည်ပေါ့။ စားသောက်ဆိုင်ထိုင်၊ အတူတူစား၊ ဒီလိုက အစပြုကြတာပဲမဟုတ်လား။ ဖောက်ပြန်ခြင်းရဲ့ အစပျိုးခြေလှမ်းတွေလေ။ အို...နောက်ဆုံးတော့ ဇာတိပြတာပဲ။ ဇိုယာ့ကို ယုန်သူငယ်လိုတင်စားလို့ ပြက်ရယ် ပြုခံရတာ ဇိုယာ မမေ့သေးပါ။ ဇိုယာ ယုန်သူငယ်ပဲ ထားလိုက်ပါ။ အခု တွေးကြောက် ခဲ့သည့်အတိုင်း မိုးပြိုခဲ့ပြီပဲမဟုတ်လား။ ဇိုယာ အားကိုးတကြီး ခိုဝင်ခဲ့သည့် မိုး ကောင်းကင်ကြီး ပြိုကျတာပဲဖြစ်မှာပေါ့။
            မခံစားဖူးသည့် ခံစားချက်တစ်ခု နှမြောသလို၊ မနာလိုဝန်တိုသလို၊ တစ်စုံတစ်ရာ လွမ်းဆွတ်တမ်းတလျက် နောင်တရသူလို ဇိုယာ ထိတ်လန့်မိသည်။ မျက်လုံးတို့သည် အားကောင်းသော လက်တစ်စုံဖြင့် ဖမ်းယူဆုပ်ညှစ်ထားခြင်းခံရသလို ကျိန်းစပ်လျက် အမြင်အာရုံသည် မှုန်ဝါးဝါး...။
            ''မျက်ရည်ကျတာဟာ ရှုံးနိမ့်တာပဲ၊ မျက်ရည်နဲ့ ရှုံးနိမ့်ခြင်းဟာ ဆက်စပ်နေတယ်။ ဒါတွေဟာ ယောက်ျားတစ်ယောက်ကို ချစ်မိသွားတတ်တဲ့အခါ ဖြစ်ပေါ်လေ့ရှိတဲ့ အရာတွေပဲ၊ သည်အရာတွေ ဘယ်တော့မှ မဖြစ်စေနဲ့''
            သူငယ်ချင်းတစ်ယောက်၏ပြောစကားကို ကြားယောင်ရင်း လက်များက ပါးပြင်ဆီ ယောင်ယမ်းစမ်းမိသည်။ မြတ်စွာဘုရား...ဇိုယာ့ပါးပြင် စွတ်စိုနေပါပေါ့လား။ ဇိုယာ အလန့်တကြား ထထိုင်ကြည့်မိတော့ ခေါင်းအုံးဖြူပေါ်မှာ မျက်ရည်စက်များ။ ဇိုယာ မယုံသေး။ ခုတင်ပေါ်မှပြေးဆင်း၍ မှန်တင်ခုံရှေ့ တည့်တည့်ရပ်ကြည့်မိသည်။ မှန်ရှေ့က ဇိုယာ့မျက်လုံးက မှန်ထဲမှ မျက်လုံးများကို စူးစိုက်ကြည့်မိသည်။ မျက်ရည်စတို့ လိမ်းကျံနေသည့် မျက်လုံးလေးများက ဇိုယာ့ကို သေချာခြင်းဆီသို့ တွန်းပို့လိုက်သည်။
            ဇိုယာ ရှုံးနိမ့်ခဲ့ပြီပေါ့။ ဒါ...ဒါဖြင့် ယောက်ျားတစ်ယောက်ကိုလည်း ချစ်မိ သွားခဲ့ပြီးပြီပေါ့။ ဒါဟာ အမှန်ပဲလား။ မျက်ရည်၊ ရှုံးနိမ့်ခြင်းနှင့် အချစ်အကြောင်း ပြောခဲ့ဖူးသည့် သူငယ်ချင်းကို တွေ့ချင်မိသည်။ ဘယ်အချိန်က ဘယ်နေရာမှာ ဘယ်လိုချစ်မိသွားပါလိမ့်။ မရေမရာ ဝိုးတဝါးသာ။ သေချာသည်ကတော့ ယောက်ျား သည် မောင်မှတစ်ပါး အခြားမရှိနိုင်။ ဇိုယာ မောင့်ကိုချစ်ခဲ့ပြီဖြစ်ကြောင်း ပြောပြဖို့ လိုသေးလားမသိ။ လိုအပ်မှာပါပဲ။ မောင်သိချင်မှာပေါ့။ ယောက်ျားတစ်ယောက် ဟာ သူ့ကိုချစ်နေမှန်းသိတဲ့ မိန်းမတစ်ယောက် (တရားဝင်ဇနီးတစ်ယောက်)ကို ဥပေက္ခာပြုပြီး တခြားမိန်းမတစ်ယောက်ဆီသွားဖို့တော့ ရက်ရက်စက်စက် လုပ်ရက်မှာမဟုတ်ပါဘူးနော်။ ဒါဖြင့် မောင် ဘယ်သူ့ဆီကိုမှ ရောက်မသွားဖို့၊ သူမဆီမှာပဲ ရှိနေဖို့၊ ဇိုယာရဲ့ အချစ်ကိုပြောပြဖို့ သိပ်ကိုလိုအပ်မှာပေါ့။ အိုး...မဖြစ်သေးဘူး။ မောင်ဟာ ဇိုယာ့ကို ရယူပိုင်ဆိုင်ဖို့အတွက် လက်ထပ်ရန်သာ တွင်တွင်တောင်းဆိုခဲ့ဖူးသည်။ မောင့်ဘက်က ချစ်စကားဆိုခဲ့ဖူးခြင်းမရှိဘဲ ဇိုယာ မောင့်ကိုချစ်ကြောင်း ဘယ်လိုပြောရပါ့မလဲ။ ဘာပဲ ဖြစ်ဖြစ် ဇိုယာ့တစ်သက် တစ်ခါမှ မဖြစ်ခဲ့ဖူးသည့်အချစ် ကိစ္စအကြောင်း မောင့်ကို အသိပေးသင့်သည်ဟု ဇိုယာ ဆုံးဖြတ်လိုက်ကာ စာတစ်စောင် ကောက်ရေးလိုက်သည်။
            မောင်...
                        နေ့ခင်းကကိစ္စကို ကျွန်မတို့ မေ့လိုက်ကြရအောင်နော်၊          
                        မောင့်ကို အရေးကြီးတဲ့ကိစ္စတစ်ခု ပြောစရာရှိတယ်သိလား၊
                        ကျွန်မ မောင့်ကိုချစ်တယ်၊ တစ်ခါမှမဖြစ်ဖူးတဲ့ ကျွန်မရင်ထဲက အချစ် ကိစ္စ အဲဒါ မောင့်ကို အသိပေးသင့်တယ်ထင်လို့...။
                                                                                    ချစ်ဇနီးဇိုယာ
            ဒီစာကို မောင်ပြန်လာတာနဲ့ မြင်နိုင်အောင် ဘယ်နေရာမှာထားရင် ကောင်းမလဲ၊ ဇိုယာ ဗျာများရပြီ။ ဧည့်ခန်းစားပွဲပေါ် ထားရကောင်းမလား။ မောင်က ဧည့်ခန်းကို အမှတ်တမဲ့ဖြတ်လာလျှင် ခက်ချေမည်။ အိပ်ခန်းထဲကမှန်မှာ ကပ်ရင်ကောင်းမလား၊ မဖြစ်သေး အပြင်ထွက်ခါနီး တစ်ချိန်မှလွဲ၍ မောင်မှန်ကြည့်လေ့မရှိ။ မောင်အပြင်က ပြန်လာတိုင်း အရင်ဆုံး ရေခဲသေတ္တာဖွင့်၍ ရေအေးပုလင်းအမြဲမော့သောက်လေ့ ရှိသည့်အကျင့်တစ်ခုကို ဇိုယာ စဉ်းစားမိသည့်အခါ စာတစ်စောင်အတွက် နေရာရသွားခဲ့ သည်။ စောစောကသောက်ခဲ့သည့် စိတ်ငြိမ်ဆေး၏ ပါဝါသည် ဇိုယာရင့်ကို အခုမှ ထိုးဖောက်နိုင်သည်။ ဇိုယာ စိတ်ချလက်ချ အိပ်ပျော်သွားသည်။
            အိပ်ရာမှ နိုးနိုးချင်း ရေခဲသေတ္တာဆီ အပြေးသွားမိသည်။ ဇိုယာ့စာမရှိတော့၊ မောင့်စာကိုတွေ့ရလျှင် ဇိုယာ့ရင်သည် တဆတ်ဆတ် တုန်ယင်လျက် ချက်ချင်း မကြည့်ရဲ။ နာရီကိုကြည့်တော့ မနက် ၉နာရီ။ မောင်ပြန်လာသည်ကို မသိရသည့်အထိ ဇိုယာတစ်ညလုံး အိပ်မောကျခဲ့သည်ပဲ ...။
            ဇိုယာ ...
                        အခုလို အသိပေးတာ အရမ်းကျေးဇူးတင်တာပဲ၊ ကိုယ်မင်းမပြောခင် ကတည်းက အဲဒီကိစ္စကို မေ့ထားပြီးသား၊ ကိုယ့်အမှားလည်းပါပါတယ်၊ ကိုယ်နောက်ကို မင်းရှေ့မှာ တခြားမိန်းမတစ်ယောက်နာမည် ဘယ်တော့မှ မပြောဘူးလို့ ကတိပေး ပါတယ်၊ ပြီးတော့ မင်းပိုဝမ်းသာရမှာက ဟယ်လင်နီနီဆိုတာ တကယ်မရှိဘူးကွဲ့၊ လောလောလတ်လတ် ဖတ်ထားတဲ့ ဘာသာပြန်စာအုပ်ထဲက ဇာတ်လိုက်မနာမည် စိတ်စွဲပြီး ကိုယ်တမင်ထည့်ပြောခဲ့တာ၊ ညနေကိုယ်ပြန်လာရင် ဘုရားသွားကြစို့၊ အလှဆုံး ပြင်ထားနော်။
                                                                                    ချစ်သောမောင်
            ကြည့်စမ်း ဘယ်လောက် ပျော်စရာကောင်းတဲ့ စာပါလိမ့်၊ အဝတ်အစားတွေ တစ်မျိုးပြီး တစ်မျိုးထုတ်ကြည့်၊ ဝတ်ကြည့်ဖြင့် ဇိုယာအလုပ်ရှုပ်ရပြီ။ အချိန်တွေ ဘယ်လိုကုန်သွားမှန်းမသိ။ ညနေမှာ ရေချိုးပြီး ထူးထူးဆန်းဆန်း အလှအပပြင်ရပြီ။ အံ့သြစရာပဲ။ မောင်နဲ့ လက်ထပ်ခဲ့တုန်းက လှလှပပရှိခဲ့ရဲ့လားမသိ၊ လှပဖို့လည်း စိတ်မဝင်စားခဲ့၊ အခုမှ စိတ်ဝင်စားခဲ့ရပြီ။ ကဲဘယ်လောက်များ ကြည်နူးစရာကောင်းတဲ့ ညနေခင်းလေးလဲ...။
xxxxx
            ဘုရားပေါ်ရောက်တော့ မောင့်ကို ဇိုယာမေးကြည့်မိသည်။
            ''မောင် ကျွန်မကိုချစ်စကားတစ်ခွန်းမှ မပြောဘဲ လက်ထပ်ခွင့်တောင်းခဲ့တာလဲ''
            ''ဟုတ်လား၊ ကိုယ် ဇိုယာ့ကို ချစ်တဲ့အကြောင်း မပြောမိခဲ့ဘူးလား''
            မောင်က ရူးချင်ယောင်ဆောင်လိုက်ပါသည်။
            ''အမှန်က ကိုယ် ဇိုယာ့ကို ပထမဆုံးကလေးတစ်ယောက်လို လွတ်လွတ်လပ်လပ်ွှဠွောန ထိုင်ဆော့နေပုံမြင်ကတည်းက ချစ်ခဲ့တာ၊ ချစ်လို့ပဲ ရယူပိုင်ဆိုင်ချင်တာ၊  ပိုင်ဆိုင်ချင်လို့ပဲ လက်ထပ်ခွင့်တောင်းခဲ့တာ ဇိုယာမသိဘူးလား''
            ကဲ ကြည့်လေ..ဘယ်လောက်လှပ ကျေနပ်စရာကောင်းတဲ့ စကားလေးလဲ။
            ''ကဲ ဒီနေ့ကစပြီး ဇိုယာ့ကို ကိုယ်ချစ်တယ်လို့ နေ့တိုင်းပြောမယ်'' 
            သည်စကားအတိုင်း မိုးလင်းသည်နှင့် Good morning zoyar I love you..ဟု ဘိုဆန်ဆန် နှုတ်ဆက်လေ့ရှိတော့သည်။
            မြန်မာနာမည်မှည့်ဆိုထားသည့် ကိုကိုကျော်ဆိုသော မြန်မာယောက်ျားသည် အင်မတန် ဘိုဆန်ဆန် ပြောဆိုလေ့ရှိပြီး၊ ဘိုနာမည်နှင့် ဇိုယာဆိုသော မြန်မာမိန်းကလေးသည် ကိုကိုကျော့်လို မဟုတ်ပါ။ မုန်တိုင်းထန်ပြီး ငြိမ်သက်နေသော ပင်လယ်ပြင်လိုပင် မောင်နှင့် ဇိုယာသည် ရန်ပွဲတစ်ခုဖြစ်ပြီး အတန်ကြာငြိမ်းချမ်းသာယာမှုရရှိခဲသည်။
            မနက်တိုင်း စမူဆာ၊ ကော်ပြန့်နှင့် လက်ဖက်ရည်တို့ကိုသာ နှစ်ခြိုက်စွာ စားသောက်လေ့ရှိသည့် ဇိုယာသည် မောင့်ကိုအမှီပြုလျက် နက်စ်ကော်ဖီ၊ ကိတ်မုန့်တို့ကို ရင်းနှီးကျွမ်းဝင်ခဲ့သည်။
            ဇွန်းခက်ရင်းနှင့် စားရတာ လွတ်လပ်အားရမှုမရှိဟု ယုံကြည်ခဲ့သော ဇိုယာသည် ကိုယ့်ယုံကြည်ချက်အတိုင်း မသွားဖြစ်တော့ပါ။ ကိုယ်ပိုင်လွတ်လပ်မှုများကို စွန့်လွှတ်ပစ်လိုက်သည်။
            ထမင်းစားတိုင်း ရေနွေးသောက်လေ့ရှိသော ဇိုယာသည် သူမအတွက် တကူး တက လုပ်မနေတော့ပဲ မောင်နှင့်အတူ ရေခဲရေအေးအေးများသောက်၍ တိတ်ဆိတ် အေးစက်စွာ စားဖြစ်ခဲ့သည်။
            ဇိုယာ့အကျင့် ဇိုယာ့အကြိုက်၊ ဇိုယာ့လွတ်လပ်မှုအလုံးစုံတို့ ပျောက်ကွယ်ဆုံးရှုံးခဲ့ ရသော်လည်း ဇိုယာဝမ်းမနည်းပါ။ ထိုအရာတို့သည် မောင့်အပေါ် ရစ်ပတ်နှောင်ဖွဲ့ ခဲ့သည့် ချစ်ခြင်းအောက်မှာ ပျောက်ကွယ်ခြင်းဖြစ်သည့်အတွက် ဇိုယာကျေနပ်စွာ အဆုံးရှုံးခံရဲပါသည်။ မောင်သည်လည်း ဇိုယာ့အပေါ် အင်မတန် ဂရုတစိုက်ရှိခဲ့သည်။ သို့သော် ယောက်ျားတို့သည် မိန်းမတစ်ယောက်အတွက်သာ သီးသန့်ရှိမနေဘဲ အခြား မိန်းမများအပေါ်၌လည်း ပရမ်းပတာ ပြန့်ကြဲလွှမ်းခြုံနေနိုင်ကြောင်း၊ ဇိုယာသိခဲ့ရသည်။ ငြိမ်းချမ်းသာယာစပြုသည့်ဘဝလေး တိုတောင်းလွန်းသည်ကတော့ ဇိုယာ့ ကံကြမ္မာဟုသာ ဆိုရတော့မည်။
            ထိုနေ့ကို ဇိုယာ ဘယ်တော့မှမမေ့ပါ။ တည်ကြည်ခန့်ငြားသည့် မျက်နှာအနေ အထားတစ်ခုကို ပိုင်ဆိုင်သည်ဟု သတ်မှတ်ခဲ့သော ထိုယောက်ျား(မောင်)သည် ရက်ရက်စက်စက် လိမ်ညာတတ်သူ တစ်ဦးပဲဖြစ်ကြောင်း သိခွင့်ရခဲ့သည်။ ထိုနေ့ သည် စနေနေ့၏ ညနေခင်းတစ်ခုဖြစ်ပြီး၊ ဘုရားသွားဖို့ တောင်းဆိုသူမှာ ဇိုယာ ဖြစ်ပါသည်။      
xxxxx
            ဇိုယာ အရမ်းကိုပျော်ရွှင်နေခဲ့ပါသည်။ ဘုရားမှအဆင်း ကားရပ်သည့်နေရာသို့ အသွား...
            ''ဟာ ကိုကိုကျော်ပါလား အတော်ပဲ''     
            စူးရှရှအသံနှင့်အတူ ခပ်ချောချော အမျိုးသမီးတစ်ဦးကိုမြင်သည်။ဟယ်လင်နီနီ ဖြစ်နိုင်ကြောင်း ဇိုယာ လုံးဝမျှော်လင့်မထားပါ။ ထိုနာမည်သည် ဘာသာပြန်စာအုပ်ထဲမှ နာမည်တစ်ခုဖြစ်သည်ဟု မောင်ပြောခဲ့သည်မဟုတ်လား။ ထိုစကားကို ဇိုယာအြ
            ''အတော်ပဲ၊ ဟယ်လင် ဘုရားကို ယတြာချေချင်လို့သာ လာခဲ့ရတာ၊ အခု တစ်ယောက်တည်းဖြစ်နေလို့ အိမ်ပြန်ပို့ပေးနော် ကိုကိုကျော်''
            အမျိုးသမီးက 'ဟယ်လင်' ဆိုသည့် နာမည်ကို ထည့်၍ပြောလိုက်ခြင်းကြောင့် မောင်သည် သိသိသာသာ မျက်နှာပျက်သွားသော်လည်း အမူအရာကို ထိန်းချုပ်နိုင်ခဲ့သည်။
            'ရပါတယ်၊ လာလေ'
            ထိုသို့ ခပ်တည်တည်ပင် ဆိုလိုက်သေးသည်။ ထိုအမျိုးသမီးကလည်း ပြောပြောဆိုဆို ကားရှေ့ခန်းတံခါးကို အပြေးဖွင့်၍ ဝင်ထိုင်နှင့်ပြီ။
            ဘုရားရေ ... အင်မတန်ရဲတင်းရိုင်းစိုင်းလွန်းတဲ့ အမျိုးသမီးပဲ၊ ဇိုယာ့ကို ရှိတယ်လို့ မသတ်မှတ်၊ အဲဒါကျွန်မထိုင်ရမယ့်နေရာလေ၊ ကျွန်မက မောင့်နားမှာ ထိုင်ခွင့်မရှိတာ အရုပ်ဆိုးလွန်းတဲ့ လုပ်ရပ်ပဲဆိုတာ သတိမပြုမိကြဘူးလား၊ ဒါဖြင့် ကျွန်မက ဟော့ဒီ နောက်ခန်းတံခါးကိုဖွင့်ပြီး ခေါင်းငုံ့ဝင်ထိုင်လိုက်ဖို့ ကျေနပ်ပေးရမယ်တဲ့ သဘောပေါ့ ဟုတ်လား။ မဖြစ်နိုင်တာဘဲ၊ မဖြစ်သင့်ဘူးထင်တယ်။        
            ဇိုယာသည် သူမမရွေးချယ်ရဘဲနှင့် နေရာသတ်မှတ်ပေးပြီးသားဖြစ်နေသည့် နောက်ခန်းတံခါးကို စက်ဆုပ်မုန်းတီးစွာကြည့်ရင်း ဖွင့်လိုက်ဖို့ ဝန်လေးနေတော့သည်။
            ''တက်လေဇိုယာ ဘာလုပ်နေတာလဲ''
            မောင်က ခပ်ဖိဖိ ပြောထွက်ရက်သေးသည်။ ဇိုယာရုတ်တရက် ရိုင်းပျချင်လာသည်။ မောင်က ယုန်သူငယ်လို့ ထင်ပေမဲ့ ခြင်္သေ့တစ်ကောင်ဖြစ်ကြောင်း အခုချက်ချင်း သိစေ ရမည်။
            ခြင်္သေ့ဆိုတာ တစ်ဂူထဲနှစ်ကောင် မနေဘူးမောင်ရဲ့ ...သိရဲ့သားနဲ့၊ နောက်ကပဲ ဖြစ်ဖြစ် ယှဉ်ရက်ပဲဖြစ်ဖြစ်၊ ရှေ့ကပဲဖြစ်ဖြစ် တခြားမိန်းကလေးတစ်ယောက်ရယ် မောင်ရယ်၊ ကျွန်မရယ် ခရီးမသွားလိုပါ၊ ဘယ်လိုမှလက်မခံနိုင်အောင် ဆိုးဝါးသည်က ထိုမိန်းမသည် 'မောင်လိမ်ညာဖုံးကွယ်ခဲ့သည့် လျှို့ဝှက်ချက်တစ်ခု' ဟယ်လင်နီနီ ဖြစ်နေခြင်းပင်၊ မဖြစ်နိုင်ပါ။ မျက်မှောင်ကျုံ့၍ ကြည့်နေသည့် မောင့်မျက်နှာကို စူးစူးရဲရဲ ကြည့်ကာ ပြောလိုက်မိသည်။
            ''ဟင့်အင်း၊ မတက်တော့ဘူး ... ကျွန်မ taxiနဲ့ ပြန်နှင့်မယ်''                
ထိုသို့ဆိုကာ ချက်ချင်းပင် ကျောခိုင်းလှည့်ထွက်ခဲ့လိုက်သည်။ ထိုမိန်းမကိုတော့ ဇိုယာလှည့်ကြည့်ဖို့ပင် မလိုပါ၊ မောင်က 'ဇိုယာ' ဟု ခပ်အုပ်အုပ် အသံဖြင့် တစ်ချက် လှမ်းခေါ်သော်လည်း မိန်းမနှစ်ယောက်ကြားမှာ ဗျာများပြီး စိတ်ဆိုးလှည့်ထွက်သည့် မိန်းမနောက်ကို အတင်းပြေးခေါ်ရမည့် ရုပ်ရှင်ဆန်ဆန်ပြကွက်မျိုးမှာ သရုပ်ဆောင်လိမ့်မည် မဟုတ်ပါ။ taxiနှင့် အိမ်ပြန်ရောက်လာသော ဇိုယာကိုအဒေါ်ကြီးက ရင်ဘတ်ဖိကာ မေးသည်။
             ''မိန်းကလေး ဘာလို့ တစ်ယောက်တည်း ပြန်လာတာလဲ မောင်ကျော်ရာ''                      
ဇိုယာမဖြေချင်။ အဒေါ်ကြီးက ဟိုတစ်ခါကလို 'ကျွန်မ ငိုချင်သလိုပဲ' ဟု ဇိုယာပြောလေမလား နားစွင့်အကဲခတ်နေသည်။
            ''ကျွန်မငိုနေလို့ မရဘူး ဒေါ်ကြီးရယ်''                                                     
အဒေါ်ကြီးသက်ပြင်းချသည်။
            ''အင်းလေဒါလည်း ဖြစ်တတ်ပါတယ် မိန်းကလေးရယ် လူတစ်ယောက်ကို မုန်းတီးမိတဲ့အခါ အဲဒီမုန်းတီးစိတ်ဟာ မျက်ရည်တွေကို အရည်ဖြစ် ပျော့ညံ့စွာစီးဆင်းဖို့ ခွင့်မပြုတတ်ကြဘူးကွဲ့၊ တင်းမာစွာဖွဲ့တည်ပြီး အစိုင်အခဲဖြစ်သွားလေတော့ ငိုမရဘူးပေါ့။ မိန်းကလေးလုပ်သင့်တာက အားလုံးကို ခေါင်းထဲက ထုတ်ပစ်ပြီး အိပ်ပစ်ဖို့ပါပဲ''
            ''ဟင့်အင်း ကျွန်မသူနဲ့ စကားပြောရဦးမယ်''
            ''ဟိုတစ်ခါလိုကြမ်းတဲ့ အပြုအမူတွေမလုပ်ဖို့တော့ ဒေါ်ကြီးကိုကတိပေးမယ် မဟုတ်လား၊ မိန်းကလေးက လိမ်မာပါတယ်''
            အဒေါ်ကြီးကကြိုတင်ဖျောင်းဖျနေသည်။ ထိုစဉ် အရှိန်မလျှော့ဘဲ ခပ်ပြင်းပြင်း မောင်းဝင်လာသည့် ကားသံကို ကြားရသည်။
             လိမ်ညာတဲ့ယောက်ျားတစ်ယောက်ကိုကြိုဆိုဖို့ ဇိုယာစိတ်ကူးမရှိတော့ပါ။ ခြေသံပြင်းပြင်းဆောင့်နင်းလျက် မောင်ရောက်လာ၏။
            ''မင်းသိပ်ရိုင်းတာပဲ ဇိုယာ''                 
            ဇိုယာ ကြောင်စီစီဖြစ်သွားသည်။
            ''အလို ... ဘုရားရေ၊ ဒေါသထွက်ရမယ့်သူက ကျွန်မမဟုတ်ဘူးလား၊ အခုတော့''
လူကြီးလူကောင်းရဲ့ဇနီးပီပီ အိနြေ္ဒရရ လိုက်ပြန်သင့်တာပေါ့၊ taxiနဲ့ ပြန်လာရတယ်လို့ကွာ..အဲဒါ ဘာသဘောလဲ..”
''သြ သြော်.. ဒါလား၊ ဂူတစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင်မနေနိုင်လို့ တစ်ယောက်တည်း လွတ် လွတ်လပ်လပ် ပြန်လာတာလေ''
            ''စာအုပ်ထဲက စကားကြီးစကားကျယ်တွေ လာပြောမနေနဲ့ဇိုယာ၊ ကိုယ့်မိန်းမက ကလေးဆန်လိုက်တာ၊ လူမူရေးမသိဘူး လို့ထင်ကုန်ပြီ''
            ''ထားပါ၊ ကျွန်မလုပ်ရပ်ကို ကလေးဆန်တယ်လို့ဆိုရင် မိန်းမ တစ်ယောက်လုံး ပါတာသိရက်နဲ့ မျက်နှာပြောင်တိုက် အရှက်တရားကင်းမဲ့စွာနဲ့ ရှင့်ဘေးမှာ ဝင်ထိုင်လိုက်တဲ့ အဲဒီလိုမျိုး ရဲတင်းတဲ့လုပ်ရပ်ကိုရော ရှင်ဘယ်လိုသတ်မှတ်မလဲ ၊ ဆိုစမ်းပါဦး၊ ပြီးတော့ ဟယ်လင်နီနီဆိုတာ တကယ်မရှိပါဘူး။ ဘာသာပြန် စာအုပ်ထဲက နာမည်တစ်ခုစိတ်စွဲပြီး လျှောက်ပြောတာဆိုပြီး လုပ်ဇာတ်ခင်း လိမ်ညာဖုံးကွယ်ခဲ့တဲ့ ရှင့် လျှို့ဝှက်ချက်ပေါ်သွားတာကိုရော ရှင်ဘယ်လိုဖြေရှင်းမလဲ''
            မောင်သည်ငြိမ်သက်သွားကာ တိုးညင်းစွာပြောသည်။
             ''ဇိုယာ မင်းကိုကိုယ်ချစ်ပါတယ်..ဒါအမှန်ပါပဲ''                                          
တုန်ယင်နေသည့်စကားသံကြောင့် ဇိုယာဝမ်းနည်းသွားသည်။
            ''ကိုယ်စိတ်မကောင်းအောင်မလုပ်ပါနဲ့လား ဇိုယာ၊ နောက်သုံးရက်ကြာရင် ကိုယ်ခရီး တစ်ခုထွက်ရမယ်၊ အရေးကြီးတယ်၊ စိတ်အနှောင့်အယှက် ဖြစ်လို့မရဘူး၊ ဇိုယာကို နောက်စိတ်ဆင်းရဲအောင် မလုပ်ဘူး၊ ဟုတ်ပြီလား''
ဇိုယာ တိတ်ဆိတ်စွာငြိမ်နေမိသည်။ မောင့်ကို မချစ်ချင်တော့ပါ။ အမှန်ပြောရလျှင်ရွံရှာ သည်အထိမုန်းတီးမိပြီ။ သို့သော် ယောက်ျားတစ်ယောက်ကိုချစ်မိပြီဆိုစဉ်က အချစ် ကိစ္စကို မနေနိုင်အောင်ဝန်ခံချင်စိတ် ပြောပြလိုစိတ်ပြင်းပြခဲ့သော်လည်း အခုတော့ 'ကျွန်မ ရှင့်ကိုမုန်းတယ်'ဟု အမုန်းကိစ္စအတွက် ဖွင့်ဟဝန်ခံဖို့ ဘာကြောင့်များတွေဝေ တုန့်ဆိုင်း နေရတာပါလိမ့်။ ဇိုယာရဲ့အချစ်စိတ်သည် အမုန်းကိုပြောခွင့်မပေးဘဲ တားဆီး ပိတ်ပင်ထားရလောက်အောင် အချစ်စိတ်က အားကောင်းခဲ့၍ပဲလား၊ ဇိုယာ မတွေးချင်တော့ပါ။
            သေချာသည်က ဇိုယာမျက်ရည်မကျတော့။ မျက်ရည်ကျလျှင်ရှုံးနိမ့်ခြင်းပဲဟုပြော  ခဲ့ဖူးသောသူငယ်ချင်းကို ---------ပြောပြချင်ပါသည်။ မျက်ရည်မကျသော်လည်း ရှုံးနိမ့်ခဲ့ဖူးသည့် အဖြစ်အပျက်တစ်ခုကိုပေါ့...။
            ပြောသည့်အတိုင်း မောင်ခရီးထွက်သွားသည်။ အရေးကြီးသည်ဟု မောင်ကပြော သည်မို့ မောင်ပြောသည့်ကုမ္ပဏီကိစ္စများ အဆင်ပြေစေဖို့ ဇိုယာမိုးလင်းသည်နှင့် ဘုရား ခန်းဝင် ဆုတောင်းမေတ္တာပို့ရသည်။ ကျန်သည့်အချိန်မှာတော့ အဒေါ်ကြီးနှင့် စကားပြော စာအုပ်တွေဖတ်၍ အချိန်ကုန်ဖြစ်သည်။ အခုတစ်လာ ဇိုယာဖတ်ဖြစ်သည်မှာ ကျန်းမာရေးနှင့်ပညာပေးဆေးစာအုပ်များပဲဖြစ်သည်။ အစပျိုး သန္ဓေတည်လို့နေတဲ့ မောင့်ရင်သွေးလေး ဇိုယာရင်ထဲမှာဘေးအန္တရယ် ကင်းရှင်းစွာအန္တရယ် ရှင်သန်ကြီးထွား စေဖို့ ဘာဆေးတွေစားရမလဲ၊ ဘယ်လိုအစားအသောက်မျိုးတွေ ရှောင်ရမလဲ၊ ဇိုယာလေ့လာနေရသည်။ ကြမ်းတမ်းခက်ထန်ခြင်းကင်းစွာနဲ့ နှလုံးစိတ်ဝမ်းငြိမ်း ချမ်းစွာ ကိန်းဝပ်စေဖို့ ဗုဒ္ဓရဲ့အဆုံးအမ သြဝါဒစာအုပ်များအပါအဝင် နူးညံ့သိမ့်မွေ့သော စာများ ခပ်များများ ဖတ်ပေးခြင်းဖြင့် အကောင်အထည်မပေါ်သေးသည့် ရင်သွေးလူသား ငယ်လေး အတွက်ပြင်ဆင်နေရလေပြီ။
            သားလေးဖြစ်ခဲ့လျှင်တော့ မလိမ်မညာဘဲ တည်ကြည်ဖြောင့်မတ်တဲ့ ယောက်ျား ကောင်းဖြစ်ဖို့၊ သမီးလေးဆိုလျှင်တော့ သည်းခံခွင့်လွှတ်စိတ် အပြည့်ရှိပြီး ရင့်ကျက်တဲ့ မိန်းကလေးမျိုးဖြစ်ဖို့ ဇိုယာဘယ်လိုလမ်းညွှန်ဦးဆောင်မှုပေးနိုင်မလဲ။                             ဘာပဲဖြစ်ဖြစ် မိဘတိုင်းဟာ သားသမီးကိုချစ်ကြ၊ လိုလားတပ်မတ်ကြမှာ အမှန်ပါပဲ။ မောင်သိပ်ပျော်နေမှာပေါ့။ သည်ကလေးငယ်ဟာ မောင့်ရဲ့ဦးနှောက်ထဲကို ဇိုယာ့ထက်ပိုပြီး နေရာယူနိုင်ခွင့်ရှိမှာ အသေအချာပဲ။ အလုပ်ကိစ္စတွေ များနေသည့်ကြားက ကလေးငယ် လေးဆီ မောင်စိတ်ရောက်မိလိမ့်မည်။ အလုပ်တွေပြီးတာနဲ့ မောင်သည် ကလေးဆီသို့ (ဖခင်ကိုများမျှော်နေသလားအတွေးဖြင့်) အပြေးပြန်လာချင်လိမ့်မည်။ ထိုအခါ မောင်စိတ်တို့ သည်လည်း ဟိုဟိုသည်သည် ပျံ့လွင့်ချိန်ရှိတော့မည်မဟုတ်။ ဇိုယာထင်သည်၊ မောင်ပျော်ပါလိမ့်မည်။ မနက်ဖြန် မောင်ပြန်လာသည့်အခါ သာယာလှပတဲ့အိမ်မက်ကလေးတစ်ခု အခုမှ ပြည့်စုံစွာ အစပြုရမည်ဖြစ်ကြောင်း ဇိုယာပြောပြဖို့စောင့်နေပါမည်။

            ည ၁ဝနာရီမှာ မောင်ပြန်ရောက်ခဲ့သည်။ ကိစ္စတွေအားလုံးအဆင်ပြေပေမဲ့ အလွန်ပင်ပန်းကြောင်း ဇိုယာ့ကို အခုလိုခွဲရမှ ပိုသတိရမိကြောင်း၊ လွမ်းဆွတ်တမ်းတမိ ကြောင်းများ တဖွဖွပြောနေသည်။ ဇိုယာ့အကြောင်းကို ပြောပြဖို့ရာတော့ မောင့်ကိုရှက် မိနေသေး၏။ မောင်စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေချိန် အချိန်မတော်ကြီးမပြောချင်။ ဟုတ်ပြီ။နံနက်ကျမှပြောတော့မည်။ နေရောင်ခြည်လေးနွေးထွေးချိန်၊ ကျေးငှက်လေးတွေ တေးဆိုချိန် မင်္ဂလာရှိဆုံးနံနက်ခင်းတစ်ခုမှာ ကောင်းသောသတင်းစကားတစ်ခု မောင့်ကိုပေးမည်။အတွေးဖြင့်ဇိုယာအိပ်မပျော်။ မောင်ကတော့ ခရီးအတော်ပင်ပန်းလာသည် ထင်ပါရဲ့။ တုတ်တုတ်မျှမလှုပ်ချေ။ နာရီထကြည့်တော့ လေးနာရီသာသာ။ ဘာလုပ်ရရင်ကောင်းမလဲ။ အိပ်မရမည့်အတူ မောင့်ရဲ့အဝတ်သေတ္တာကို ရှင်းပေးဖို့ စိတ်ကူးရမိသည်။
            သို့သော် ထိုစိတ်ကူးသည် ဇိုယာ့အတွက် မလှပခဲ့ပါ၊ အင်္ကျီတွေကြားမှာ တွေ့လိုက်ရသည့် နဂ္ဂတစ်ဖလင်တစ်လိပ်စာသည် ဇိုယာ့ဘဝကို ကျွမ်းထိုးမှောက်ခုံ ဖြစ်စေခဲ့သည်။ စပ်စပ်စုစု မီးရောင်အောက်မှာ ထောင်၍ကြည့်ခဲ့မိခြင်းသည် ဇိုယာ့အတွက်အမှန်တစ်ခုကို မျက်ဝါးထင်ထင် တွေ့လိုက်ရခြင်းပင်။ ထိုအမှန်ကြောင့် အမှားတစ်ခုကျူးလွန်မိခဲ့တော့သည်။      
            တကယ်တော့ လှပတဲ့ နံနက်ခင်းတစ်ခုမှာ ဇိုယာမောင့်ကိုသတင်းကောင်းတစ်ခု ရှက်ရွံကြည်နူးစွာပေးဖို့ နိုးထခဲ့ရခြင်းဖြစ်သော်လည်း နံနက်ခင်းသည် မမျှော်လင့်ဘဲ တွေ့လိုက်ရသည့် အရာတစ်ခုကြောင့်ရုပ်ဆိုးသွားခဲ့သည်။
            Good morning darling, I love you
            မောင်က သူ့ထုံးစံအတိုင်း ဘိုဆန်ဆန်ခပ်သွက်သွက် နှုတ်ဆက်သည်။ ဒီယောက်ျားကို တုံ့ပြန့်နှုတ်ဆက်ဖို့မလိုတော့ဟု ဇိုယာ ထင်မိသည်။
            ''ကျွန်မအတွက်တော့ ရှင်နှုတ်ဆက်သလို ကောင်းသောနံနက်ခင်းတွေ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တော့ဘူး...သေချာတယ်၊ ကျွန်မရှင့်ကို သတင်းကောင်းလေးတစ်ခုပေးဖို့ စောင့်နေလိုက်ရတာ၊ ဒါပေမဲ့ အဲဒါဟာ အလွန်တန်ဖိုးရှိတဲ့အသတင်းကောင်းဖြစ်တဲ့အတွက် ရှင်လွယ်လွယ်နဲ့မကြားစေရဘူး။ ရှင်နဲ့ ကျွန်မ အပေးအယူလုပ်မှဖြစ်မယ်''
            ''ဘာတွေပြောနေတာလဲ၊ ဘာအပေးအယူလဲ ဇိုယာ''
            ''တုံးချင်ယောင် ဆောင်မနေစမ်းပါနဲ့၊ မနေ့က ပြန်ရောက်လာတဲ့ ရှင့်ခရီးစဉ်ကို အစအဆုံးမခြွင်းမချန် ပြောပြမယ်ဆိုရင် ကျွန်မ ရှင့်ကို သတင်းကောင်းလေးတစ်ခု ပြောပြမလို့''
            ''ဘာတွေလျှောက်ပြောနေတာလဲ ဇိုယာ''
            ''ကျေးဇူးပြုပြီး မေးခွန်းပြန်မထုတ်ပါနဲ့မောင်၊ ကျွန်မအပိုမဆိုတတ်ဘူးဆိုတာ မောင်သိမှာပါ''

xxxxx

            ထွက်ပြူစနံနက်ခင်း နေရောင်ခြည်တို့သည် အလန့်တကြားပြန်ငုပ်လျှိုးသွားကြသည်။ ကျေးငှက်သာရကာတို့ တေးသီခွင့်မရဘဲ ရုတ်ခြည်း ထပြန်သွားကြသည်။ နံနက်ခင်း သည် ဘယ်လိုမှ မလှပတော့ဘဲ ချောက်ချားဖွယ် တိတ်ဆိတ်လျက်...။
            ဇိုယာသည် သူ့မျက်နှာကို နှမြောခြင်းကြီးစွာကြည့်ရင်း သူ့မျက်လုံးတွေထဲက အမှန်တရားတစ်စွန်းတစ်စကို မြင်ရလိမ့်နိုးနိုး မျှော်လင့် စောင့်စားနေမိသေးသည်။ စောင့်ဆိုင်းရခြင်းကို ဇိုယာ စိတ်မရှည်လှပါ။ ပိုဆိုးသည်က ဘယ်လောက်ပဲစောင့်စောင့် သူသည် အမြဲတမ်း လိမ်ညာဖုံးကွယ်မည့်သူပဲ ဖြစ်ကြောင်း ဇိုယာသိလိုက်ရခြင်းပင်။ သူ့ထံမှ ဇိုယာလိုချင်သည့်အဖြေမှန်တစ်ခုကို ဘယ်တော့မှ မရနိုင်ကြောင်း သေချာ သွားသည့်အခါ ဇိုယာသည် လက်ထဲဝှက်ယူထားသည့် ဖလင်နဂ္ဂတစ်တစ်လိပ်ကို သူ့ရှေ့သို့ စိတ်ဆိုးမာန်ဆိုးပစ်ချလိုက်တော့၏။
            ''ဟောဒီမှာ ရှင်မဖြေချင်တဲ့အမှန်တရားတွေ၊ ပုံရိပ်လေးတွေ သေးမွှားလွန်းပေမဲ့ ဘယ်သူနဲ့ ဘယ်နေရာမှာ ဘယ်လို တွေရိုက်ထားတယ်ဆိုတာတော့ ကောင်းကောင်းကြီး မြင်နေရတယ်ရှင့်၊ ရှင်ဟာ မသေမချင်း ညာလို့ရသမျှ ညာသွားမယ့် လူညာတစ်ယောက်ပဲ။ ဒီတော့ ရှင့်ကို သတင်းကောင်းတစ်ခုပေးဖို့ အစီအစဉ်ကို ကျွန်မ ရုပ်သိမ်းပစ်လိုက်ပြီ၊ ဒီသတင်း ဘယ်တော့မှ အကောင်အထည်ပေါ်မလာစေရအောင် ဖျက်ဆီးပစ်လိုက်ဖို့ကို လည်း ကျွန်မ ဆုံးဖြတ်ပြီးသွားပြီ၊ ရှင်နဲ့စပ်ဆိုင်နေတဲ့ သတင်းကောင်းတစ်ခု ကျွန်မဆီက နေ ရှင်ဘယ်တော့မှ မကြားစေရတော့ဘူး၊ အဲဒါဟာ အမြဲညာနေခဲ့တဲ့ ယောက်ျား တစ်ယောက်အတွက် ကျွန်မရဲ့ကျိန်စာပဲ၊ ရှင်နဲ့အထိုက်တန်ဆုံး ကျိန်စာကို ရှင်မကြာခင် သိရလိမ့်မယ်''
            နံနက်ခင်းတစ်ခုသည် အစွဲအလန်းကြီးမားသော မိန်းမတစ်ယောက်၏ကျိန်စာကြောင့် ဘယ်လိုမှ မလှပတော့ပါ။ ထိုနေ့မှ၍ နံနက်ခင်းအားလုံးတို့ အရုပ်ဆိုးသွားခဲ့တော့သည်။

xxxxx
            အပြုံးအရယ်မရှိ၊ စကားဆိုစရာအကြောင်းမရှိသော လူသားနှစ်ဦး၊ ပကတိအေးစက် လျက်ရှိသော နံနက်စာ စားပွဲတစ်လုံးတွင် မျက်နှာချင်းဆိုင်ထိုင်လျက်ရှိနေကြသည်။  စားပွဲပေါ်မှာတော့ အငြိုးတကြီးပုံစံဖြင့် မျက်နှာပြင်တင်းမာအေးစက်လျက် ရှိသည့် နက်စ် ကော်ဖီ တစ်ခွက်၊ မလှီးဖြတ်ရသေးသည့် ကိတ်မုန့်အသေတစ်လုံးနှင့် ဓားတစ်ချောင်း၊  မပူနွေးတော့သည့် အရှင်လတ်လတ်စမူဆာ ကော်ပြန့်များ။ ခင်ပွန်းသည်၏မျက်နှာကို ဇိုယာ စေ့စေ့မဆိုထားနှင့် ရေးရေးမျှပင် မကြည့်လိုတော့ပါ။  ရင်ထဲမှာတော့ စကားတွေ ဗရပွဆိုနေမိသည်။
            ရှင့်အနားမှာ စကားတစ်လုံးလောက်ဆိုဖို့ ဝန်လေးစွာထိုင်နေတဲ့ကျွန်မ၊ ကျွန်မ နှလုံးတွေ တဆတ်ဆတ်ခုန်နေတယ်။ ရှင်သိလား၊ အဲဒါ ရှင့်ကို ချစ်လို့တော့မဟုတ်၊ မုန်းလို့ခုန်နေတဲ့ နှလုံးတွေ၊ ဒါကိုလည်း ရှင့်စိတ်ထဲ ချောက်ချားစွာနဲ့ ကြားနေမှာ ကျွန်မသိတာပေါ့။ ကျွန်မရှင့်ကို မုန်းတယ်၊ မဟုတ်ဘူး မုန်းနေတယ်..မုန်းနေတယ်၊ ပြောမပြတတ်အောင်ကို နာကျင်မုန်းတီးနေတယ်...
            ဇိုယာသည် ကိတ်မုန့်လှီးစားရန် အစီအစဉ်မရှိပါဘဲ စားပွဲပေါ်က ဓားကို လက်များက ဆွဲယူမိသည်။ စိတ်ကတော့ ညကအိပ်မက်ဆီသို့ ပြန်ရောက်နေမိသည်။
            အိပ်မက်ထဲမှာ မောင်နှင့် ဟယ်လင်နီနီတို့ ညစာစားပွဲ တစ်ခုကို အတူသွားခဲ့ကြသည်။ အိပ်မက်ထဲမှာလည်း အပြင်ကအတိုင်းပါပဲ။ ညညကျမှထွက်ပြီး၊ ညာကာ စားနေကျ ညစာစားပွဲတွေ...။ ပြန်လာတော့ အတန်ငယ်မူးယစ်ရီဝေနေသည့် မောင့်ကို ထိုမိန်းမ ဟယ်လင်နီနီက ဇိုယာအိပ်နေသည့် အခန်းထဲထိ လိုက်တွဲပို့ပေးခဲ့သည်။ ပြီးတော့ ထိုမိန်းမ ဟယ်လင်နီနီက မောင့်ကို ခုတင်ပေါ် အသာအယာဖေးမလျက် လှဲအိပ်စေသည်။ မျက်လုံးအပြူးသားနှင့် ကြောင်ငေးငေးကြည့်နေမိသည့် ဇိုယာ့ကိုတော့ ခုတင်ပေါ်ကနေ ကြမ်းတမ်းစွာ ဆွဲချလိုက်သည်။ ပြီးတော့ မောင့်နံဘေးမှာ ထိုမိန်းမက ခွေလှဲ ဝင်အိပ်နေလိုက်သေးသည်။
            ထိုအခိုက် စူးရှစွာအော်ဟစ်လိုက်သည့် အသံသေးသေးလေးတစ်သံ၊ အဲဒါ ဘာသံ လဲ၊ ဇိုယာခေါင်းနပမ်းကြီးသွားသည်။ တွန်းချခံလိုက်ရသည့်အရှိန်ဖြင့် ကြမ်းပြင်ပေါ် ခွေခေါက်လဲနေရာက အားယူထကာ အသံလေးကို နားစိုက်ရှာဖွေခဲ့သည်။ အော်ငိုသံ သေးသေးစူးစူးလေးသည် ဝေးသွားလိုက်၊ နီးလာလိုက်...။ အလို တွေ့ပြီ..။ ဟိုမိန်းမ နောက်ကျောဘက်မှာ နီတာရဲကလေးပီစိလေး။ သူတို့နှစ်ဦးက လုံးဝအမှုမထား။ တစ်ဦးနှင့် တစ်ဦး မူးမူးဝေဝေ ဖက်ပွေ့ကျီစယ်နေကြသေးသည်။
            မောင်ရေ..ဒီလောက်တောင် ကလေးငိုသံမကြားရလောက်အောင် မောင့်ဦးခေါင်းထဲမှာ ဘာတွေပိန်းပိတ်တစ်ဆို့နေပြီလဲ။ အို..ကလေးလေး ဖိမိနေပြီ။ ဟိုမိန်းမ မိန်းမယုတ်၊ ဟယ်လင်နီနီ..မင်းလက်အောက်မှာ ကလေးလေးဖိမိနေပြီ၊ အသံတောင်မကြားရတော့ဘူး၊ ကလေး ဘာဖြစ်သွားပြီလဲ..။ မောင်ရေ ကလေးက အသံမထွက်တော့ဘူး၊ ထကြည့်စမ်း ပါဦး..၊ သေရပါလိမ့်မယ်၊ မောင် ကယ်လှည့်ပါဦး၊ မောင်ရေ မတွေ့ဘူးလား၊ အို ကလေး..ခုတင်ပေါ်ကပြုတ်ကျတော့မယ်၊ ဒါကို ဘာလို့ မသိရတာလဲ၊ ကလေး ကလေးလေးရေ.. ကလေးကို မေမေကယ်မယ်၊ မကျစေရဘူး။ ကလေးကို မေမေ အမြန်ဆုံး ပွေ့ချီမယ်၊ ပြီးတော့ သူတို့နဲ့ဝေးရာကို ပြေးကြမယ်...မေမေလာမယ် မေမေ လာပြီ...။ အို...
            ဗလုံးဗထွေးအော်ကာ ကြမ်းပြင်ကနေ ဇိုယာလူးလဲ၍ထသည်။
            'ဘုရားသခင်..'
            ဇိုယာ့ခြေထောက်တွေ လှုပ်လို့မရ။ ငုံ့ကြည့်တော့ ဇိုယာ့ခြေထောက်တွေကို ကြမ်းပြင် ကြားက ထွက်ပေါ်လာသည့် လက်မည်းကြီးတစ်စုံက အမိအရဖမ်းဆွဲထားသည်ကို မြင်သည်။ တစ်ကိုယ်လုံး လေးလံမွန်းကျပ်လာသည်။ ဇိုယာ့အသံများ လည်ချောင်းဝမှာ တစ်ဆို့လျက်၊ အော်လေလေ ပိုမိုတင်းကျပ်တစ်ဆို့လာလေလေ၊ လှုပ်လေလေ လေးလံနစ် မြုပ်လေလေ။ တစ်ကိုယ်လုံး ကြမ်းကြားထဲပြိုကျတော့မည့်ဆဲဆဲ..
            'ဘုတ်'ခနဲ အသံနှင့်အတူ....။
            သွားပြီ။ ကလေးလေး ခုတင်အောက်ပြုတ်ကျသွားပြီ။ မေမေ့ကို ခွင့်လွှတ်ပါ။ ကလေးကို ကယ်တင်ဖို့ မေမေကြိုးစားခဲ့ပါတယ်။ တကယ်ပါ။ မေမေကိုယ်တိုင် လှုပ်လို့မရလို့ပါကလေးရယ်။ ဇိုယာသည် တတွတ်တွတ်ဆိုရင်း စိုးထိတ်ပူပန်လွန်းစွာဖြင့် ခုတင်အောက်ကို မရဲတရဲကြည့်မိသည်။
            ဘုရားသခင်ကယ်တော်မူပါ။ ဘယ်လိုမှ ကြည့်မြင်ရက်စရာမရှိ၊ သွေးပျက်ထိတ် လန့်ဖွယ်မြင်ကွင်း၊ ကလေးငယ်သည် စိစိညက်ညက်ကြေလျက် သွေးအိုင်ထဲမှာ...။
            ဇိုယာ..သွေးပျက်သွားသည်။ ကလေးငယ်ထံက တလိမ့်လိမ့် စီးကျလာသည့် နီရဲရဲပျစ်ခဲခဲသွေးတို့သည် ဇိုယာ့ဆီဦးတည် စီးကျလာသည်။ လဲကျနေသည့် ဇိုယာ့ရင်ဝ တည့်တည့်သို့ သွေးတို့သည် တဖြည်းဖြည်းချင်းစီးဝင်လာသည်။ ဇိုယာရင်တစ်ခုလုံး စူးကျဉ်သွားသည်။ ခုတင်ပေါ်က မျက်နှာနှစ်ခုက အေးအေးလူလူရယ်မောနေကြတုန်း...။
            သွားစမ်း..နင်တို့လည်း ငါသေသလို သေစေရမယ်၊ ငါတို့သေသလို သေစေရမယ်။               
ဇိုယာ့လက်များ တရစပ် လှုပ်ရှားသွားသည်။ ဓားကိုင်ထားသည့် ဇိုယာ့လက်များက သွက်သွက်ခါခါ ပရမ်းပတာ လှုပ်ရှားနေသည်။
            အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားသည့် ကိတ်မုန့်အပိုင်းအစများကြားကနေ လှစ်ခနဲ ထွက်ပြေးပျောက်ကွယ်သွားသည့် မျက်နှာနှစ်ခု....။
            ''ဘာလုပ်နေတာလဲ ဇိုယာ''
            သည်အသံကို ကြားလျှင် ဇိုယာအသိပြန်ဝင်လာသည်။ စူးကျဉ်နေဆဲရင်အစုံဖြင့် မထီမဲ့မြင်ပြုံးရင်းဖြေလိုက်သည်။
            ''ရှင် မမြင်ဘူးလား၊ ဟော့ဒီဓားနဲ့ ဟော့ဒီကိတ်မုန့်တွေကို မွမွကြေအောင် ခြေမွှပစ် လိုက်တာ''
            လူသားနှစ်ဦး လှုပ်ရှားသက်ဝင်လာပုံက နံနက်ခင်းကို စောစောကထက် ပို၍အကျည်း တန်စေခဲ့သည်။
            ''ကျွတ်..ငါ့မျက်လုံးတွေ မကန်းသေးပါဘူး''
            သူသည် ဇတ်ခနဲထလာကာ ဇိုယာ့လက်ထဲက ဓားကို အသာဆွဲယူသွားသည်။
            ''မနက်ဖြန် မင်းကို ကိတ်မုန့်လှီးနည်းသင်တန်းတစ်ခု ပေးရတော့မယ်ထင်ပါရဲ့''
            သူ့မျက်နှာကို စူးစိုက်ကြည့်ကာ ဇိုယာ ပက်ခနဲပြန်ပြောပစ်လိုက်သည်။
            ''လဲသေလိုက်..ရှင့်ရဲ့ အဲဒီသင်တန်းက ဘဝမှာ အရေးမပါဘူး၊ ဘယ်သူမဆို တကယ်တမ်း ဆာလောင်မွတ်သိပ်လာရင် စနစ်တကျလှီးဖြတ်မနေတော့ဘဲ အလုံးလိုက် ကိုက်ဖဲ့စားကြတော့တာပဲ၊ အဲဒါ ဟုတ်မဟုတ် ရှင် ပိုသိမှာပေါ့''
            ''ကြည့်စမ်း..ကောင်းလိုက်တဲ့အတွေးအခေါ်၊ ဇိုယာရေ..မင်းမှာ ဒီလိုပရမ်းပတာ အတွေးမျိုးရှိနေတာ ငါစိတ်မကောင်းဘူး။ မှတ်ထား ငါလိုကောင်ကတော့ ဘယ်လောက် ဆာဆာ အဲဒီလို စုတ်စုတ်ပဲ့ပဲ့ ဘယ်တော့မှ မစားဘူးကွ၊ သေချာ သပ်သပ်ရပ်ရပ်ပဲစားမှာ''
            ''ဟုတ်မှာပေါ့.. ဟုတ်မှာပေါ့..ဘာလုပ်လုပ် သပ်သပ်ရပ်ရပ် ပိပိရိရိနဲ့ လိမ်ညာနိုင် ခဲ့တဲ့သူပဲ''
            ''တောက်..ဇိုယာ၊ ငါမင်းကို စကားအများကြီး မပြောချင်ဘူး''
            ''တော်သေးတာပေါ့၊ ကျွန်မကတော့ ရှင့်ကိုစကားတစ်လုံးတောင် မပြောချင်ဘူး''
            နေမြင့်လေအရူးရင့်လေဆိုသလို ခံစားချက်များ မြင့်တက်လာသည်။ သို့သော် သူက                        
''ဒါနဲ့များတောင် လွန်ခဲ့တဲ့  ၁ဝလက မင်းနဲ့ငါ လက်ထပ်ဖြစ်ခဲ့ တယ်နော်''
            ''ဒါတွေအားလုံး ရှင်ဖန်တီးတာပဲလေ..''
            လေသံပြေပြေလေးဖြင့် စကားဆိုရန် ကြိုးစားလိုက်ပါသည်။
            ''ဘာပဲဖြစ်ဖြစ် မင်းငါ့ကို ချစ်ခဲ့တာပဲ မဟုတ်ဘူးလား''
            ''မဟုတ်ဘူး၊ လိပ်တစ်ကောင်ရဲ့ဦးနှောက်လို အတွေးမခေါင်စမ်းပါနဲ့၊ ရှင်းရှင်းလေးပဲ တွေးစမ်းပါဦး၊ မိန်းမတစ်ယောက်ဟာ လက်ထပ်ပြီးအတူနေနေတဲ့ ယောက်ျား တစ်ယောက်ကိုမှ ချစ်တယ်မပြောရင် တခြားဘယ်သူ့သွားပြောရမှာတဲ့လဲ''
            သူသည် ဇဝေဇဝါမျက်လုံးများဖြင့် ဇိုယာ့ထံလှမ်းကြည့်သည်။ ဇိုယာသည် လွန်ခဲ့သည့် ၁ဝလအတွင်းက ပုံစံမျိုးနှင့် နည်းနည်း လေးမှမတူတော့ပြီဟု သူတွေးနေမိသည်။
            ''၁ဝလ ဆိုတဲ့အချိန် သိပ်ကိုတိုတောင်းနေသေးလို့ ဝမ်းနည်းနေတာလား၊ သိပ်ကို ရှည်လျားလွန်းတယ်ဆိုပြီး ဝမ်းနည်းနေတာလား ဦးကိုကိုကျော်၊ ဘာပဲဖြစ်ဖြစ် တခြား မိန်းမတစ်ယောက်နဲ့ ဖောက်ပြန်ဖို့တော့ လုံလောက်တဲ့အချိန်ပါပဲ''
            ''ဇိုယာ..မင်းပါးစပ်က အဲဒီလို တောင်စဉ်ရေမရစကားတွေ နောက်ထပ်ထွက်မလာ အောင် ငါဘာလုပ်ရမလဲ..ပြောစမ်း''
            ''ဘာလုပ်ရမလဲဆိုတော့...အကောင်းဆုံးက ရှင်ဒီနေ့အဖို့ အခါတိုင်းနေ့တွေထက် ပိုစောပြီး အလုပ်ကိုသွားဖို့ပဲ''
            အကြီးအကျယ်ပုံပျက်သွားသော မျက်နှာတစ်ခုကို ကြည့်ကာ ဇိုယာကျေနပ်စွာ ပြုံးလိုက်သည်။ သွားစမ်း။ အမြန်ဆုံး ရှင့်အလုပ်ရှိရာနေရာကိုသာ ထွက်သွားလိုက်စမ်းပါ၊ ဒါပေမဲ့ ရှင် ပြန်မလာဘဲတော့ မနေရဘူး။ ရှင်ဒီကို ကျွန်မရှိရာနေရာကို ပြန်ကို ပြန်လာရဦးမှာ။ ရှင့်အတွက် ကျွန်မ မလိုအပ်ပေမဲ့၊ ကျွန်မအတွက်တော့ အကာအကွယ် တစ်ခုအဖြစ် တစ်သက်လုံးရှင့်ကို လိုချင်သေးတယ်။ အမိုးအကာမရှိတဲ့အိမ်ဟာ မလုံခြုံ သလိုပေါ့၊ ကျွန်မဘဝလုံခြုံစိတ်ချရဖို့ ရှင့်ကို လိုချင်သေးတယ်။ တခြားအကြောင်းကြောင့် တော့ ရှင့်ကို ကျွန်မတစ်စက်ကလေးမှ အလိုမရှိတော့ဘူး။ ဇိုယာဆိုတာ သေဆုံးခဲ့ပြီ။
ကျွန်မနဲ့ပတ်သက်သမျှ အားလုံး ရှင့်မှာ သေဆုံးနေရစေ့မယ်။
            ဇိုယာသည် ပြတင်းတံခါးဆီသို့ လှမ်းသွားမိသည်။ နောက်ကျောတစ်စုံကိ ငေးမော ရန်မဟုတ်ပါ။ လွတ်လပ်ကျယ်ပြန့်သည့်ကောင်းကင်ပြင်သို့ မော့ကြည့်ရန်သာ။
xxxxx
            သည်ကောင်းကင်ပြင်အောက်မှ ရုန်းထွက်ရန်တော့ ဇိုယာ ကြိုးစားမည် မဟုတ်ပါ။ သည်မျှတော့ မရူးမိုက်ချင်သေး။ သည်ကောင်းကင်ပြင်ကို ခိုလှုံလက်စနှင့် တစ်သက်စာ ခိုလှုံသွားရပါဦးမည်။ သို့သော် အားရကျေနပ်စွာ ခိုလှုံခြင်းတော့မဟုတ်။ ပျောက်ကွယ် ဆုံးရှုံးခဲ့ရဖူးသော သူမ၏လွတ်လပ်မှုအလုံးစုံတို့ကို ပြန်လည်ဆုပ်ကိုင်လို၍ပဲဖြစ်သည်။
            ယခုအခါ ဇိုယာသည် ဟိုတုန်းကနှင့် ဆန့်ကျင်စွာ၊ အပြင်ထွက် အလုပ်လုပ်ရန် လူတွေရဲ့မျက်နှာဖုံးများကို မြင်တွေ့ရန် ကြောက်ရွံ့ခြင်းအလျဉ်းမရှိတော့ပါ။ အိမ်ထဲမှာပင် ရှိနေသည့် မျက်နှာဖုံးတစ်ခု၏ အနီးကပ်ခြောက်လှန့်မှုကို ခံခဲ့ရဖူးပြီဖြစ်၍ ဇိုယာဘာကိုမှ မကြောက်တော့ပါ။
            သူသည် သူမအတွက် ထာဝရတည်ရှိနေမည့်ကောင်းကင်ဖြစ်သလို ထိုကောင်းကင် နှင့်ထိုက်တန်သော လက်ဆောင်တစ်ခု သူမပြန်ပေးနိုင်ခဲ့ပြီဖြစ်ပါသည်။ ထိုလက်ဆောင်သည် သူနှင့် ထာဝရထိုက်တန်သော သူမ၏ကျိန်စာတစ်ခုလည်းဖြစ်သည်။
            သို့သော် သူမ၏အသွေးအသားနှင့် လဲလှယ်ပေးလိုက်ရသည့် ကျိန်စာတစ်ခုဖြစ် သည့်အတွက် သူမကိုယ်တိုင် ကျိန်စာသင့်ခဲ့ပြီဖြစ်ပါသည်။
            ထိုကျိန်စာက သူမဘဝကို ရှင်လျက်သေစေခဲ့သည်။

စုမီအောင် 
(၁၉၉၈၊ ဇန်နဝါရီ၊ ဖက်ရှင်မဂ္ဂဇင်း)

No comments: