Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Tuesday, September 16, 2014
မိန်းမနှင့် ရက်ရောမှု
စုမီအောင်
(မိန်းမ - ၇)
 ကျွန်မတွင် ရက်ရောမှုမရှိပါ။ ရက်ရောမှုဆိုသည်ကို ကျွန်မအနေနှင့် ဘယ်သောအခါမျှ လုပ်နိုင်မည် မဟုတ်ဟု နှစ်ပေါင်းများစွာ အထင်ရှိခဲ့သည်။ သို့သော် ယခုအချိန်မှာ ကျွန်မသည် ထိုရက်ရောမှုအလုပ်ကို ဝမ်းမြောက်ဝမ်းသာလက်ခံလျက် စိတ်ရောကိုယ်ပါ လုပ်ဆောင်နိုင်နေပြီဖြစ်ကြောင်း အံသြဖွယ် တွေ့ရှိရလေပြီ။
           မာကျော ခက်ထန်သည့်  ကျွန်မ၏ နှလုံးသားအတွင်းသို့ ရက်ရောမှုဆိုသည့် အရာကို ထာဝရ ရှင်သန် ကိန်းဝပ်စေရန် ရင်းနှီးမြှုပ်နှံပေးခဲ့သူမှာ မြေနီကုန်း ကားဂိတ်အနီးတစ်ဝိုက်တွင် အမြဲလိုလို တွေ့မြင်နေရတတ်သည့် ယောဂီဝတ်နှင့် အဘွားအိုတစ်ဦးပင်ဖြစ်သည်။
xxxxx
Three things cannot be taught:  generosity, poetry and singing voice .
သင်၍မသောအရာသုံးခုသည် 'ရက်ရောမှု' ကဗျာစပ်မှု' 'တေးဆိုသံ' တို့ဖြစ်သည်ဟု အိုင်းရစ်လူမျိုးတို့၏ စကားပုံမှာ  ကျွန်မတွေ့ရသည်။ ကျွန်မ ထင်ပါသည်။ ကဗျာစပ်ဆိုမှုကို သင်၍ ရနိုင်ပါသည်။ ကဗျာစပ်နည်း စာအုပ်တွေ ကျွန်မမှာ အပုံအပင် ရှိသည်။ ထိုစာအုပ်များကို လေ့လာ၍သော်လည်းကောင်း၊ အများသူငါ ရေးထားသည့် (ကျွန်မအကြိုက်)ကဗျားများကို ဖတ်ရှုလေ့လာပြီးသော်လည်းကောင်း၊ ကျွန်မ ကဗျာစပ်ဆို  ဖူးပါသည်။ သင်ပေးသူ မရှိသော်ငြား ကဗျာစပ်ဆိုခြင်းအမှုကို တတ်မြောက်ခဲ့ခြင်းမှာ ထူးဆန်းသည့်ဖြစ်ရပ်တစ်ခု မဟုတ်ပါ။ အတုမြင် အတတ်သင်ဆိုသလိုပင်  ကျွန်မ တတ်မြောက်ခဲ့ခြင်းဖြစ်ပါသည်။
          အိုင်းရစ်လူမျိုးတွေမှာ တေးဆိုသင်တန်းမရှိဘူးလား။ ကျွန်မ နေထိုင်ရာ ရန်ကုန်မြို့တော်မှာ ဦးစောနုအဆိုသင်တန်းရှိပါသည်။ ကျွန်မ၏တေးဆိုသံသည် အခန်းဖော်  သူငယ်ချင်းများနားအတွင်း ဂွမ်းဆို့ထားရသည်အထိ အင်မတန်ကကြိုးကကြောင်နိုင် လှသော အသံပဲဖြစ်၏။ ထိုသင်တနုးတက်ရောက်ပြီးနောက်ပိုင်း ကျွန်မ၏တေးဆိုသံသည် မူလကအသံနှင့် နည်းနည်းမှ မသက်ဆိုင်တော့ပါ။အရှိုက်အငင်၊ အဆွဲအရစ်တို့ သေသပ် ကျနစွာ ရင်မှလာသောအသံဖြင့် အဆင်ချောချော သီကျူးတတ်ခဲ့ပြီဖြစ်ပါသည်။
          ထိုစကားပုံသည်  အိုင်းရစ်တွေအနေနှင့် သွေးထွက်အောင် မှန်ကောင်းမှန်နိုင် သော်ငြား ကျွန်မအနေနှင့်တော့ လုံးလုံးလျားလျား မှန်သည် မဆိုနိုင်ပါ။  ယခင်က မတတ်နိုင်ခဲ့သော ကဗျာစပ်ဆိုမှုနှင့် တေးဆိုသံတို့ကို ကျွန်မ ယခုအခါ တတ်မြောက်ခဲ့ ပြီဖြစ်၍ ထိုအရာတို့သည် သင်၍ရသော အရာများဖြစ်ကြောင်း ကျွန်မ လက်ခံခဲ့လေပြီ။ ဤဖြစ်ရပ်တို့ကို ထောက်ရှုခြင်းဖြင့် လောက၌ အမှန်ပင် သင်၍မရသောအရာသည် တစ်ခုသာရှိပါသည်။
          ထိုအရာသည် အချို့လူများတွင် အပြည့်အဝရှိသော၊ အချို့လူများတွင် တစ် ဝက်တစ်ပျက်သာရှိသော၊ အချို့လူများတွင် စိုးစဉ်းမျှမရှိသော 'ရက်ရောမှု'ပဲဖြစ်ပါသည်။
xxxxx
          အင်္ကျီနှစ်ထည်ရှိသောသူသည် အင်္ကျီမရှိသူအား မျှစေ၊ စားစရာရှိသော သူသည်လည်း ထိုနည်းတူပြုစေဟု သမ္မာကျမ်းစာထဲတွင် ပါရှိပါသည်။ ကျွန်မတို့ ငယ်စဉ်ကတည်းက မရှိဆင်းရဲသူများအား ထိုသို့ရက်ရောစွာ ဝေမျှခံစားတတ်စေရန် မေမေက များစွာလေ့ကျင့်မှုပေးခဲ့သည်။ သို့သော် မေမေ့လေ့ကျင့်ပေးမှု ညံ့ဖျင်း၍ပဲလား ကျွန်မကပဲ အသိခေါက်ခက်အဝင်နက်ဖြစ်၍ပဲလားမသိ၊ ကျွန်မ မတတ်နိုင်ခဲ့ပါ။ အသက် အရွယ်အပိုင်းအခြားအလိုက် တတ်သင့်တတ်ထိုက်သည့် အရာမှန်သမျှ တစ်ဆင့်ပြီး တစ်ဆင့် သင်ကြားတတ်မြောက်ခဲ့ပါသော်လည်း၊ ထိုအရာကား အသက်အရွယ်ကြီးပြင်း သည့်တိုင် ကျွန်မအနေနှင့် တတ်မြောက်ခြင်းငှာ မစွမ်းသာခဲ့ပါချေ။ အသစ် အသစ်သော အင်္ကျီများ၊ ကစားစရာများ၊ ကျွန်မတွင် ထပ်၍ထပ်၍ပိုင်ဆိုင်မှုရှိလာသော်ငြား အဟောင်း ဖြစ်သည်တို့ကို သူတစ်ပါးအား ရက်ရောစွာ ပေးကမ်းခြင်းမရှိခဲ့။ သမာသမတ်ကျသော ကျမ်းစာအလိုကို ကျွန်မသည် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ခဲ့သည်။
          ကျွန်မ၌ ရက်ရောမှု မရှိပါ။ ငွေကြေးအရာ၌ ရက်ရောမှုမရှိသည်သာမက၊ ချစ်ခြင်းအရာ၌လည်း ကျွန်မသည် ရက်ရောမှုမရှိပါ။ အစ်မကြီးကမွေးသော တူလေးမှ တစ်ပါး အခြားသောကလေးများကို ကျွန်မ ချစ်ခင်ခြင်းမရှိပါ။ အိမ်နီးချင်းကလေးများ အိမ်တွင် တယ်လီဗေးရှင်းလာကြည့်ကြလျှင် ကျွန်မ စိတ်ရှုပ်စွာမောင်းထုတ်တတ်ပါသည်။  ကျွန်မ၌ အရာခပ်သိမ်းနှင့်ပတ်သက်၍ ရက်ရောမှုမရှိပါကြောင်း သေချာပါသည်။
xxxxx
          ရက်ရောမှုအကြောင်း စဉ်းစားမိလိုက်သည်နှင့် ကျွန်မ၏ စိတ်မျက်လုံးအတွင်း သို့ လမ်းမပေါ်ကလူများသည် တစ်ယောက်ပြီးတစ်ယောက် အလျှိုအလျှို ဝင်လာကြတော့သည်။
          အချို့သည် လသားအရွယ် မိမိတို့၏ကလေးများကို ချီပိုးလျက်၊ အချို့သည် လမ်းလျှောက်တတ်ပြီဖြစ်သော ကလေးတို့ကို လက်တွဲလျက်၊ အချို့ကား တစ်ကိုယ်ရေ အထီးကျန်၊ အချို့မူကား အုပ်စုဖွဲ့၍ ပုံစံအနေအထား အမျိုးမျိုးအထွေထွေ ရှိတတ်သော် ငြား သူတို့အားလုံး၏ရည်ရွယ်ချက်တို့သည် တစ်ခုတည်းသာဖြစ်လျက် လားရာ တူညီနေကြသည်။
တစ်နည်းအားဖြင့်ဆိုရပါလျှင် လူတကာထံမှ ရက်ရောမှုကို တောင်းခံခြင်းပင်။
xxxxx
          ကျွန်မ၌ ရက်ရောမှုမရှိပါ။ ကျွန်မရှေ့သို့ လက်ဖြန့်တောင်းခံလာသူများ၏ မျက်နှာများကိုလည်း စေ့စေ့မျှပင်မကြည့်ဖူးပါ။ အားတုံ့အားနာစိတ်ကလေးပင် မဖြစ်မိ။ ကျွန်မ၏ စိတ်ဖိုင်တွဲထဲ၌ 'ကန်တော့ပါသေးရဲ့'ဟူသောစကားတစ်ခွန်းကို ကော်ပီ အထပ်ထပ်ကူး၍ သိမ်းဆည်းထားသည်။ တစ်ကြိမ်ထုတ်၍ သုံးစွဲလိုက်ရသည်နှင့် နောက်ထပ်ကော်ပီနှစ်ခု ထပ်ပွားမိသည်အထိ ကျွန်မ အားစိုက်မှုပိုကဲခဲ့ကြောင်း ဝန်ခံပါသည်။ ကျွန်မသည် ဤမျှ မာကြောခက်ထန်သူသာဖြစ်၏။ ကျွန်မ၌ ရက်ရောမှုမရှိပါ။
          ယခုအခါ ရက်ရောမှုအတတ်ပညာကို သင်ကြားပေးမည့် ကျွန်မ၏ မေမေလည်း  ကျွန်မအနားမှာ မရှိတော့ပါ။ အိမ်အပြင်သို့ထွက်လိုက်သည်နှင့် ကျွန်မ၏မျက်စိနှစ်လုံး ရှေ့တွင် လက်ဖြန့်တောင်းခံသူများ အချိန်မရွေး နေရာမရွေး တွေ့ရတတ်သလို၊ ထိုလူများ ထံ ရက်ရောစွာ ပေးကမ်းစွန့်ကြဲနေသူများကိုလည်း အမြဲလို မြင်တွေ့ရတတ်ပါသည်။ကျွန်မ၏ပတ်ဝန်းကျင်တွင် ထိုသို့ ရက်ရောသူများကို အချိန်နေရာမရွေး မြင်တွေ့နိုင်ပါ သော်လည်း ကျွန်မကား ကဗျာစပ်ခြင်း၊ တေးဆိုခြင်းတို့ကဲ့သို့ စံနမူနာယူ၍အတုခိုးရကောင်း မှန်းမသိခဲ့။ အများနည်းတူ ပေးကမ်းခြင်းးမရှိသည့်အပြင် လက်များကိုတင်းတင်းပိုက်၍ ရပ်ကြည့်နေခဲ့သည်။ ငွေစက္ကူအမျိုးမျိုးအစားစား ဆွဲထုတ်ပေးကမ်းလျက်ရှိသော ထိုရက် ရောသူတို့၏လက်များကို မြင်တွေ့နေရခြင်းသည် ကျွန်မအတွက်တော့ အံ့ဖွယ်ပြဇာတ် တစ်ပုဒ်ကို ကြည့်ရှုနေရသကဲ့သို့ ဖြစ်နေပြန်သည်။ ကျွန်မသည် ထိုလူများကိုတွေ့တိုင်း ပွဲကြည့်စင်ဘေးမှနေ၍ ငေးမောကြည့်နေတတ်သည့် ပရိသတ်တစ်ဦးသာလျှင် ဖြစ်ခဲ့၏။ ထိုပြဇာတ်တွင် ပါဝင်ကပြလိုစိတ် အလျဉ်းမရှိခဲ့။ ထိုအချိန် ကျွန်မ၏ စိတ်ထဲ၌ အံ့သြသည့်ခံစားမှုမှတစ်ပါး အခြားမရှိခဲ့ပါ။ ကျွန်မ၌ ရက်ရောမှုမရှိပါ။
          ကလေးငယ်တစ်ယောက်ကို ခါးထစ်ခွင်ချီပွေ့လာသော မိန်းမတစ်ယောက် ကျွန်မရှေ့လာရပ်ကာ လက်ဖြန့်တောင်းခံလာသည်ကို ဈေးကအပြန် ကျွန်မ တွေ့စဉ် အချိန်က ကျွန်မစိတ်ထဲ၌ အသင့်ရှိပြီးသား ကော်ပီစကားတစ်ခွန်းသည် ကျွန်မ၏နှုတ် ဖျားမှ သူ့အလိုလို ခုန်ထွက်သွားခဲ့ဖူးသည်။ ကျွန်မ၏သားရေပိုက်ဆံအိတ်အတွင်း၌ ငွေစက္ကူများအစား စောစောကခုန်ထွက်သွားခဲ့သော စကားတစ်ခွန်းက ဟီးလေးခိုကာ ကပ်ပါသွားခဲ့သည်။ ထိုအချိန်တွင် အနားမှဖြတ်သွားသော ပဲပြုတ်သည်တစ်ဦးက အသင့်ထုတ်လာပုံရသော ငွေစက္ကူတစ်စကို ထိုမိန်းမထံကမ်းပေးလိုက်သည်ကို ကျွန်မ၏ မျက်လုံးများက မထင်မှတ်ဘဲမြင်တွေ့သွားခဲ့၏။ ကျွန်မ၏ဦးခေါင်းကမူ ချာခနဲပင် လှည့်ပစ်ကာ မမြင်ဟန်ပြုမိခဲ့သေးသည်။ ကျွန်မ၌ ရက်ရောမှုမရှိပါ။
          ဘတ်စ်ကားဂိတ်တွင် ကားရပ်စောင့်ရင်း အိုအိချိအာလူးကြော်ထုပ် ဖောက်စားနေခိုက် ကလေးငယ်တစ်ယောက် အနားသို့ရောက်လာကာ ထုံးစံအတိုင်း ကျွန်မထံ လက်ဖြန့်တောင်းခံလာသည်။ 'အစ်မကြီးရယ် အဲဒီမုန့်လေးကျွေးပါခင်ဗျာ'ဟု မျက်နှာလေးငယ်ငယ်ဖြင့်တောင်းခံလာသော ကလေးငယ်တစ်ယောက်ကို ရုတ်ခြည်းပင် မျက်နှာလွှဲကာ ကျွန်မ ကျောပေးရပ်နေလိုက်မိသည်။ ကျွန်မလွယ်ထားသော ကျောပိုးအိတ် အတွင်း၌ အိုအိချိအသစ်တစ်ထုပ် ရှိနေသော်ငြား မည်သည့်အထုပ်မျှ ကျွန်မ မပေးခဲ့။ ကျွန်မ၌ ရက်ရောမှုမရှိပါ။
          တာမွေအဝိုင်းထိပ်တွင် မီးပွိုင့်မိ၍ကားများရပ်နေခိုက် နွမ်းစုတ်စုတ်မိန်းမ သုံး-လေးယောက်တို့သည် ကလေးကိုယ်စီချီ လွယ်အိတ်ကိုယ်စီ လွယ်သိုင်းကာ ရပ်နေသော ကားများအနီးသို့ အပြေးအလွှား ရောက်လာကြပြီး အလုအယက် လက်ဖြန့်တောင်းခံကြ သည်။ တက္ကစီတစ်စီး၏ အနောက်ခန်းအတွင်း ခပ်မှီမှီထိုင်လိုက်လာသော ကျွန်မသည် ကားမှန်ပြတင်းအနား ရစ်သီရစ်သီလုပ်နေကြသော ကလေးတွဲလောင်းနှင့်ထိုမိန်းမတို့ကို မကြည့်တော့ဘဲ မျက်လုံးများကိုတင်းတင်းပိတ်ကာ အိပ်ပျော်နေဟန်ပြုလိုက်သေးသည်။ ကျွန်မ၌ရက်ရောမှုမရှိပါ။
          ၃၅ လမ်းထဲမှအထွက် မဟာဗန္ဓုလလမ်း လမ်းဘေးပလက်ဖောင်းတစ်နေရာ တွင် မိန်းမတစ်ယောက်အနားသို့ရောက်လာကာ ငိုသံပါပါနှင့်'သမီးလေးရယ်၊ ခဏလေး နားထောင်ပါ၊ အဒေါ် ဘုရားကအပြန် ပိုက်ဆံအိတ်ကျပျောက်လို့ အဲဒါ...ကားခလေး...' ဟု ဆိုရုံရှိသေး၊ ကျွန်မသည် ဆုံးအောင်ပင် နားမထောင်တော့ဘဲ ချာခနဲလှည့်ထွက် လာခဲ့သည်။ ထိုမိန်းမတစ်ယောက်တည်း ညည်းတွားငိုယိုပြီး ကျန်ခဲ့လေသလား၊ ကျွန်မအား ရေရွတ်ကျိန်ဆဲရင်း ကျန်ခဲ့လေသလား၊ ဘာဆိုဘာမှ စိတ်မဝင်စား။ ကျွန်မ ၌ ရက်ရောမှုမရှိပါ။
          စနေ၊ တနင်္ဂနွေမှတစ်ပါး အခြားရက် နံနက် ၇နာရီအချိန်တိုင်း ကျွန်မသည် ကျောက်မြောင်းသို့ ကျူရှင်တစ်ခု သွားတက်ရပါသည်။ မြေနီကုန်းတွင် ကျောက်မြောင်း သွားသည့်ကားများပေါသဖြင့် လှည်းတန်း(ကမာရွတ်)မှာနေသော ကျွန်မသည် ကျူရှင်အမီတက်နိုင်ရန် မြေနီကုန်းမှတစ်ဆင့် ကားပြောင်းစီးရလေ့ရှိ၏။ နံနက်စောစော မြေနီကုန်း ကားဂိတ်မှာ ကားရပ်စောင့်တိုင်း လမ်းသွားလမ်းလာ လူတကာထံမှ ရက်ရောမှုများကို ရလိုရငြား လိုက်လံတောင်းခံနေတတ်သည့် အဘွားအိုတစ်ဦးကို ကျွန်မ တွေ့ရတတ်သည်။ မြေနီကုန်း ကားဂိတ်(ရတနာလမ်းထိပ်)တွင် ကားစောင့်ဖူးသူတိုင်း ထိုအဘွားအိုကို ကောင်းကောင်းကြီးသိကြပေလိမ့်မည်။
          အဘွားအိုသည် အင်္ကျီ လုံချည်တို့ကို ယောဂီအရောင်သာ ဝတ်ဆင်လေ့ရှိပြီး  ယောဂီရောင် အဝတ်တစ်စဖြင့် ခေါင်းပေါင်းထားတတ်သည်။ လည်ပင်းတွင် အညိုရောင် စိတ်ပုတီးတစ်ကုံးကို ဆွဲထားသေးသည်။ ဟောင်းနွမ်းနေသောအဝတ်တို့က အချို့နေရာတွင် အဆင်းအရောင် မပီပြင်တော့။ ညိုဖျော့ဖျော့အဝတ်အစားများသည် နေပူဒဏ်ကို သူတကာ ထက်ပို၍ ခံနေရကြောင်း ဖော်ပြသကဲ့သို့ရှိ၏။ လက်ထဲတွင် ဝါးဆစ်တုတ်တစ်ချောင်းကို တောင်ဝှေးပမာ ကိုင်ထောက်၍ လမ်းလျှောက်တတ်သော အဘွားအိုသည် အသက်အားဖြင့် မည်သည့်အပိုင်းအခြားသို့ရောက်ပြီဟု ကျွန်မ မခန့်မှန်းတတ်ပါ။ တုန်ချိ တုန်လှုပ်ဖြင့်သာ သွားလာနိုင်ပုံရသော်လည်း ဘတ်စ်ကားများထိုးအရပ် အတက်အဆင်းပြုကြသူများထံ လက်ဖြန့်တောင်းခံစဉ်မှာတော့ အဘွားအို၏လှုပ်ရှားမှုများသည် မျှော်လင့်ခြင်းအပြည့် ဖြင့် သွက်လက်မြန်ဆန်နေတတ်သည်။
          'ဆေးဘိုးဝါးခလေး ပေးခဲ့ကြပါ'ဟု တဖွဖွရေရွတ်လျက် တုန်ချိချိလက်များ ဖြင့် တောင်းခံသည့်အခါတိုင်း ထိုအဘွားအိုကို လျစ်လျူရှုသူ မရှိကြပါ။ အဘွားအိုသည် ထိုသို့တောင်းခံပြီးလျှင် ပါးစပ်ကလည်းတတွတ်တွတ်ဖြင့် ကျန်းမာချမ်းသာပါစေကြောင်း အစရှိသည့်ဆုများကို တသီတတန်းကြီးပေးတတ်ပြန်သေးသည်။ လိုချင်တာကို တောင်းခံလိုက်၊ သူပေးနိုင်သည့်ဆုများကို ပြန်ပေးလိုက်ဖြင့် ဘတ်စ်ကား မထွက်မချင်း ထိုကားအပေါက်ဝနားတွင် ဇွဲကောင်းကောင်းရပ်လျက် တောင်းလိုက် ပေးလိုက် အလုပ်ကို အဘွားအိုလုပ်နေတတ်သည်။ ကျွန်မ တွေ့မြင်နေရသမျှ အဘွားအိုကို မည်သူမျှ မျက်နှာမလွှဲကြပါ။ တချို့သည် ကားပေါ်တက်သွားပြီးမှ အဘွားအိုကို မြင်သည်နှင့် ပြန်ဆင်းလာကာ မမေ့မလျော့ပေးတတ်ကြသေးသည်။ မပေးသူဟူ၍ ကျွန်မ တစ်ယောက်သာရှိသည်ထင်၏။ သို့သော်လည်း ကျွန်မ ရှက်ရွံ့ခြင်းအလျဉ်းမဖြစ်မိ။ ကျွန်မ၌ ရက်ရောမှုမရှိပါ။
          တစ်နေ့နံနက်၌ ကျွန်မ အိပ်ယာထ နောက်ကျခဲ့သည်။ ရတနာလမ်းထိပ်တွင် လူများသည် ပျားအုံကို အုံခဲပြုံတိုးနေကြသော ပျားကောင်များပမာ လှုပ်လှုပ်ရွရွဖြင့် ကားများပေါ်သို့ စုပြုံအုံခဲလုယက် တက်နေကြသည်ကို တွေ့လိုက်ရ၏။ သည်လူအုပ်နှင့်တော့ ကျွန်မ ကားပေါ်ရောက်မည်မထင်ပါ။ ဒီနေ့အဖို့ ကျူရှင်တော့ ကောင်းကောင်းနောက်ကျပါပြီဟု တွေးလျက် ကျွန်မ စိတ်ညစ်သွားမိသည်။ ကျွန်မစီးနေကျ ၃၂ ဘတ်စ်ကားသည်လည်း တော်တော်နှင့်မလာနိုင်သဖြင့် ကျွန်မ စိတ်တွေ မရိုးမရွဖြစ်ကာ အိပ်ယာထနောက်ကျသည့် ကျွန်မကိုယ်ကျွန်မလည်း စိတ်တို၊ မလာနိုင်သည့် ကားကိုလည်းစိတ်တို၊ တစ်စတစ်စများပြားကာ လိမ်ဖယ်တိုးဝှေ့နေကြသည့် လူအုပ်ကြီးကိုလည်း စိတ်တိုနှင့် အကြပ်ရိုက်နေမိသည်။
          လူကျပ်လှသည့် နံပါတ် ၅ဝ ကားကိုပင် အောင့်အီးစီးသွားပြီး တာမွေဗလီထိပ် တွင်ဆင်းကာ တစ်မှတ်တိုင် ဆိုက်ကားစီးသွားမည်ဟု စိတ်တွင်ကြိုတင် စဉ်းစား ထားလိုက်သည်။ စဉ်းစားထားသည့်အတိုင်း ၅ဝ ကားရောက်လာလျှင် ကျွန်မ အပြေး တက်လိုက်မိသည်။ လူကျပ်လှသောကြောင့် ကျွန်မ၏ခြေထောက်များသည် နောက်တစ်ဆင့် ထပ်တက်၍မရ။ အပေါက်ဝခြေနင်းခုံတွင် ကသောင်းကနင်းဖြစ်နေသော ကျွန်မသည် ၃၂ဘတ်စ်ကားလာပြီဟု ပြောသံကြားလျှင်ကြားချင်း အတင်းတိုးထွက် ပြန်ဆင်းချလာကာ ၃၂ ကားရှိရာသို့ အပြေးအလွှားပင်ထွက်သွားမိသည်။
          ကျွန်မရှေ့ ပလက်ဖောင်းပေါ်တွင် ၃၂ ကားထိုးရပ်ရာသို့ ဦးတည်ပြေးသွား နေသည့်လူများ များစွာရှိနေပါသည်။ သူများထက် အရင်ဦးစွာရောက်လိုသဖြင့် ကျွန်မအနီးအနားလူများကို တွန်းထိုးတိုက်ခိုက်ကာ ပြေးသွားမိသည်။ ၅ဝ ကားနှင့် နောက်မှ ရောက်လာသည့် ၃၂ ကားတို့အကြား ကားနှစ်စီးရှိနေကြောင်း ကျွန်မ သတိမပြုမိပါချေ။
ထိုနှစ်စီးအနက် တစ်စီးသည် (နံပါတ် ၃ ကားဖြစ်မည်ထင်၏) ၅ဝ ကား၏နောက်ပိုင်းကို ရုတ်တရက် ဝိုက်ကွေ့ကာ အရှိန်တင်လျက် ထွက်ခွာလာ၏။
          ထိုကား၏ရှေ့တည့်တည့်သို့ ကျွန်မရောက်နေကြောင်းသိလိုက်ရသည်နှင့် ပြေးနေမိသော ခြေထောက်များကို ချက်ချင်း ရပ်တန့်လိုက်ကာ လွတ်ရာသို့ တိမ်းရှောင်ရန် ကြိုးစားလိုက်သော်လည်း ကျွန်မများစွာ နောက်ကျသွားလေပြီ။ ကားသည် ကျွန်မထံ တည့်တည့် ပြေးဝင်လာတော့၏။ ကားသည် ကျွန်မနှင့် လက်တစ်ကမ်းသာ ရှိတော့ သည်ဟု သိလိုက်ရသည့်အချိန်အခိုက်အတံ့လေးတွင် ကျွန်မ မျက်လုံးများ ပြာဝေ ကာ မူးမိုက်သွားတော့သည်။ ကျွန်မ၏ရင်ဘတ်သည် အောင့်ခနဲဖြစ်လျက် ကျွန်မ မြေပြင် တစ်နေရာသို့ လဲကျသွားသည်ထင်ပါသည်။
xxxxx
          'ဟာ'
        'ဟင်'
        'အို'
          အာမေဍိတ်သံများအကြား ကျွန်မသည် နာကျင်သွားသော ရင်ဘတ်ကိုဖိလျက် ပြန်၍လူးလဲ ထလာနိုင်ခဲ့ကြောင်း တအံ့တသြသိလိုက်ရပါသည်။
          ကျွန်မဘေးတွင်မူ ကျွန်မကိုယ်စား လဲကျနေသည့် ခန္ဓာတစ်ခု။
          ဘယ်တော့မှ ပြန်ထလာနိုင်မည်မဟုတ်သော ယောဂီရောင်ဝတ် ခန္ဓာကိုယ်တစ်ခု ကို ရင်နင့်စဖွယ် မြင်တွေ့လိုက်ရသည်။ ဘာတွေဖြစ်ပျက်ကုန်သနည်း။ အဖြစ်သနစ်တို့ကို ကျွန်မ နားမလည်နိုင်တော့ပါ။
          'ကျွတ်..ကျွတ်...ကျွတ်'
        'သနားစရာပဲဗျာ'
        'ဟို ကလေးမကို တွန်းဖယ်ပေးလိုက်တာလေ၊ ဒါ့ကြောင့်ဖြစ်ရရှာတာ'
        'ကလေးမလေး ကံကြီးပေလို့ပေါ့'
        'ဝဋ်ကျွတ်တာပေါ့ဗျာ...ဒါလည်း ကောင်းပါတယ်'
          ကျစ်ကျစ်ပါအောင်ဆုပ်ထားပုံရသော ခပ်နွမ်းနွမ်း ငွေစက္ကူစတို့သည် သွေးစ သွေးနများ စွန်းထင်း ပေကျံလျက်၊ သက်မဲ့ခန္ဓာနှင့်အတူ ငြိမ်သက်စွာရှိနေသည်ကို မြင်လိုက်ရသည်တွင် အခြေအနေ အဖြစ်အပျက်တို့ကို ကျွန်မ ကောင်းစွာသိရှိ သဘောပေါက်ရတော့သည်။
          အသက်ကိုပင် မငဲ့ဘဲ ရက်ရောစွာ သူကယ်တင်ပေးခဲ့သော မိန်းကလေးသည် သူ လက်ဖြန့်တောင်း ခံလေတိုင်း ပစ်ပစ်ခါခါတုံ့ပြန်တတ်သည့်မိန်းကလေးတစ်ယောက် (ကျွန်မ)ဖြစ်မှန်းသာ အဘွားအိုတစ်ယောက် သိခဲ့မည်ဆိုပါလျှင်......။
          ထိုအတွေးက ကျွန်မရင်ကို တစ်သက်စာဖူလုံအောင် နာကျင်နေစေတော့မှာ အမှန်ပင်ဖြစ်တော့သည်။
          ထိုအချိန်က အခိုက်အတံ့အားဖြင့် ကြက်သေသေလျက် ဘာလုပ်ရမှန်းမသိ ခဲ့သော ကျွန်မသည် နောင်သောအခါ ကျွန်မဘာလုပ်သင့်သည်ကို ကျွန်မဘာသာ နားလည်လိုက်ရတော့သည်။ အမှန်ကိုဆိုရပါလျှင်..........
          ဘဝတွင် တစ်ကြိမ်တစ်ခါမျှ ရက်ရောရ ကောင်းမှန်းမသိခဲ့သည့် ကျွန်မအား ထိုအဘွားအိုက မည်သူမှမတတ်နိုင်ခဲ့သည့် ရက်ရောမှုအတတ်ပညာအကြောင်းကို သူ့ဘဝနှင့်ရင်းကာ သင်ပြပေးခဲ့ခြင်းပင် ဖြစ်ပါတော့သည်။
စုမီအောင်
( ၂ဝဝ၃၊ ဇန်နဝါရီ၊Fashion Image မဂ္ဂဇင်း)
No comments: