ကျွန်မတို့မိသားစု တောင်ဥက္ကလာပကိုပြောင်းရွှေ့လာတာ မကြာသေးပါဘူး။ပတ်ဝန်းကျင်ဟာ ကျွန်မတို့အတွက် အနည်းငယ်သူစိမ်းဆန်နေတုန်းပေါ့။ မှောင်ရီဖျိုးဖျ ညနေခင်းတစ်ခုမှာ သမီးကခေါက်ဆွဲကြော်စားချင်တယ်ပြောတာကြောင့် ဝန်းကျင်အသစ်ကို တိုးဝင်တဲ့အနေနဲ့ သမီးနဲ့အတူ လမ်းလျှောက်ထွက်ပြီး စားသောက်ဆိုင်တစ်ဆိုင်ကို အနီးတဝိုက်မှာ အပူတပြင်းရှာဖွေရပါတယ်။
အဲဒီလိုနဲ့ အိမ်နဲ့မနီးမဝေးမှာ စားသောက်ဆိုင်တစ်ဆိုင်ကို ကျွန်မတို့တွေ့တယ်။ ဆိုင်ထဲဝင်ပြီးနောက် ကျွန်မက ခေါက်ဆွဲကြော် ပါဆယ်မှာပါတယ်။ အဲဒီ အချိန်မှာ သမီးကပြောတယ်။
'မီး ဗိုက်ဆာပြီ၊ ဒီမှာပဲ စားမယ်နော် မေမေ'
ဒါနဲ့ပဲ လူရှင်းရာ စားပွဲတစ်နေရာကို ရွေးချယ်ထိုင်လိုက်ကြပါတယ်။ ကျွန်မတို့ ထိုင်နေတဲ့နေရာဟာ ထိုင်ခါစတုန်းကတော့ လူရှင်းတယ်ဆိုပေမဲ့ ခေါက်ဆွဲကြော်စောင့်နေစဉ် အချိန်အခိုက်အတံ့လေးမှာပဲ နောက်ထပ်လူတွေ တဖွဲဖွဲရောက်ရှိလာတာကြောင့် ဆိုင်ဟာ မျက်စိရှေ့မှာပဲ နေရာလပ်မရှိတော့အောင် လူတွေ ပြည့်ကျပ်သွားခဲ့ပါတယ်။ သည်ဆိုင်မှာ စင်တင်တေးဂီတဖျော်ဖြေမှုအစီအစဉ်ရှိတာကြောင့် ဒီလောက်လူတွေ များပြားတာဖြစ်မယ်လို့ ကျွန်မစိတ်ထဲ တိတ်တိတ်တွေးနေမိတယ်။ အဲဒီမှာ မမျှော်လင့်ဘဲနဲ့ ကျွန်မရဲ့ တစ်ချိန် တုန်းက သူငယ်ချင်း'ချို'နဲ့ ပြန်ဆုံတွေ့ခဲ့ရတာပါပဲ။
ဟုတ်ပါတယ်။
ချိုက အဲဒီဆိုင်မှာ သီချင်းဆိုတဲ့ သီချင်းသည်မလေးပါ။ ကျွန်မဟာ ခေတ်နောက်ကျလွန်းသူတစ်ယောက် မဟုတ်ပေမဲ့လည်း စင်မြင့်ပေါ်မှာ လည်ဟိုက် အင်္ကျီချိုင်းပြတ်နဲ့ သားရေစကပ် တိုကျပ်ကျပ်လေးဝတ်ပြီး သီချင်းဆိုနေတဲ့ ချို့ပုံစံကို ရဲရဲမကြည့်ဝံ့တာ အမှန်ပါပဲ။ ချိုကတော့ တကယ့်ကို ပေါ့ပါးလွတ်လပ်တဲ့အသွင်နဲ့ အရင်အတိုင်းပါပဲ။ ချို့အသံက သိပ်အကောင်းစားကြီးမဟုတ်ပေမဲ့ စွဲဆောင်မှုအားကောင်း လှတဲ့ အပြင်အဆင်တွေရယ်၊ စည်းချက်ညီညီလှုပ်ရှားတတ်တဲ့ ကိုယ်ဟန်အနေ အထားတွေရယ်၊ ပြုံးချိုချိုမျက်နှာပေးတွေရယ်ကြောင့် နားထောင်သမျှလူတိုင်းကို အကြိုက်ပိုကဲစေပါတယ်။
အဲဒီမှာ သီချင်းတစ်ပုဒ်မဆုံးခင်မှာပဲ လူတစ်ယောက်က ပန်းကုံးခပ်ရှည်ရှည် ကြီးဆွဲကိုင်ပြီး ချိုသီချင်းဆိုရာ စင်မြင့်လေးဆီ လျှောက်သွားတာကို ကျွန်မမြင်တယ်။တကယ်တော့ သူကိုင်လာတာ အကွင်းလိုက်ပန်းကုံးမဟုတ်ပါဘူး။ ပန်းကုံးအပြတ်ကြီး ဖြစ်ပါတယ်။ အဲဒီအချိန်မှာ လူတွေရဲ့လက်ခုပ်သံတွေကတော့ တဖျောင်းဖျောင်းနဲ့ပေါ့။ အဲဒီလူက သူကိုင်လာတဲ့အပြတ်လိုက်ပန်းကုံးကြီးရဲ့ အစတစ်ဖက်ကို ချို့ခေါင်းပေါ်ကနေ တပတ်ပတ်၊ ကျန်အစတစ်ဖက်ကို ခါးကိုပါစိမ်ပြေနပြေပတ်ချည်ပေးနေတာ တွေ့ရလို့ ကျွန်မ တအံ့တသြဖြစ်မိသွားတယ်။ ဒါမျိုးကို ကျွန်မတစ်ခါမှ မတွေ့ဖူးသေးပါဘူး။
ကျွန်မနည်းတူ တအံ့တသြဖြစ်နေပုံရတဲ့ သမီးက ကျွန်မကို မေးခွန်းထုတ်လိုက်ပါတယ်။
''သီချင်းဆိုတဲ့အန်တီလေးကို ဟိုလူကြီးက ဘာလို့ပြောင်လက်လက်ကြိုးကြီး တွေနဲ့ သွားပတ်တာလဲ မေမေ''
ရုတ်တရက်မို့ ဘယ်လိုပြောရမှန်း ကျွန်မ မသိပါဘူး။ ဒါပေမဲ့ သမီးနားလည် မယ့်အဖြေမျိုးကို ကျွန်မ ချက်ချင်းပဲ စဉ်းစားပေးနိုင်ခဲ့ပါတယ်။
''သမီး စာတော်လို့ ဆုချသလိုမျိုးပေါ့၊ သူလည်း သီချင်းဆိုတာတော်လို့ နားထောင်တဲ့ပရိသတ်လူကြီးမင်းက ဆုချတာပေါ့ကွယ်''
သမီးက တစ်ဆင့်တက်ပြီးပြောပြန်တယ်။
''ဒါဆို သမီးရဲ့ဆုတံဆိပ်တွေလိုပဲ၊ အဲဒါတွေကို သူ့အိမ်နံရံမှာ ချိတ်ထားမှာပေါ့ နော်''
''ဒါပေါ့..ဒါပေါ့''လို့ ကျွန်မ ပြောလိုက်တယ်။
အဲဒီဆုတွေဟာ သမီးရဲ့ဆုတွေလို ဆုသက်သက်မဟုတ်ဘဲ ဟန်ပြသက်သက် အရာတွေဖြစ်ပြီး အဲဒါတွေရဲ့နောက်ကွယ်မှာ ငွေကြေးတန်ဖိုးတစ်ခု သီးသန့်ရှိကြတယ် ဆိုတာရယ်၊ သည်အရာတွေထက် နောက်ကွယ်မှာရှိတဲ့ ငွေကြေးကိုသာ လူတွေက မက်မောစွာ လဲလှယ်ယူကြတယ်ဆိုတာရယ်၊ ဒီအကြောင်းတွေကိုတော့ သမီးကို မသိ စေချင်သေးပါဘူး။ သမီးဟာ သိပ်ကို ငယ်လွန်းပါသေးတယ်။ မလိုအပ်တာတွေ သမီးမသိစေရအောင် ကျွန်မက ရှေ့ကနေ ကွယ်ကာ တားမြစ်ခဲ့တာကြောင့် သမီးဟာ အခြားသူ့အရွယ်(လူကြီးလောက်နီးနီး အသိပိုကဲနေတဲ့)ကလေးတွေနဲ့စာရင် ပိုပြီးတော့ ငယ်နေပါတယ်။
အခုခေတ်က ကျွန်မတို့တုန်းကနဲ့ နည်းနည်းကလေးမှ မတူတော့ဘူး။်မနနျအပူနယ်မနန အ့သကါ့အ တွေ ခေတ်စားနေတဲ့ကာလကြီး မဟုတ်လား။ ဒါကြောင့် သမီးကို သူ့အရွယ်နဲ့သူ သိသင့်သိထိုက်တဲ့အရာတွေမှတစ်ပါး အခြားသောအရာတွေ ကျွန်မ ဘာတစ်ခုမှ ပေးမသိခဲ့ပါဘူး။
သီချင်းနှစ်ပုဒ်ဆိုအပြီးမှာ ချိုက ကျွန်မတို့အနားကို လှလှပပ၊ြ
''မင်း အိမ်ထောင်ကျပြီပေါ့၊ ဒါ မင်းရဲ့သမီးလား''
ကျွန်မ ခေါင်းညိတ်ပြလိုက်တယ်။
''မင်း အရင်တုန်းကလို သီချင်းမဆိုတော့ဘူးလား''
ကျွန်မကို ပြုံးပြုံးလေးကြည့်ရင်း ဆက်မေးပြန်တယ်။
ခေါက်ဆွဲမျှင်တန်းလန်းနဲ့ အခက်တွေ့နေရှာတဲ့သမီးကို ကူညီပေးရင်း ချို့အမေးကို သုတ်သုတ်ပျာပျာဖြေလိုက်ရတယ်။
''အာ မဆိုဖြစ်တော့ပါဘူး ချိုရာ''
ချိုက ကျွန်မကို သနားသလို စိတ်ပျက်သလို မျက်လုံးတွေနဲ့ကြည့်လာပါတယ်။ ဒါပေမဲ့ သူ့အကြည့်တွေက ကျွန်မဆီမှာ လုံးလုံး လျားလျားရှိမနေဘူး။ ကျွန်မမျက်နှာကို ကျော်ပြီး ကုန်လွန်သွားတဲ့ အတိတ်ကာလတွေကို ကျွန်မကိုယ်စား နှမြောတမ်းတတဲ့ ပုံစံမျိုးနဲ့ ကြည့်နေတာပါ။
ကျွန်မက သူ့ကို ပြန်မေးလိုက်တယ်။
''ချိုရော...ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား''
''ဟာ...သိပ်အဆင်ပြေတာပေါ့၊ အခုဆိုင်က အရင့်အရင်ဆိုင်တွေထက် ဒါတွေ ဒါတွေ ပိုလာတယ်ဆရာ''
ချိုက ပန်းကုံးအစွပ်ခံရတဲ့ပုံစံ ဟန်တွေဘာတွေလုပ်ပြရင်း ပြောပါတယ်။ ခက်ရင်းတစ်ချောင်းနဲ့ ခေါက်ဆွဲဖတ်တွေကို ထိုးလိမ်ကော်စားရင်း အလုပ်ရှုပ်နေတဲ့ သမီးကို ကျွန်မ ခဏမေ့သွားမိတယ်။
ကျွန်မတို့တစ်တွေ ဟိုးအရင် ကညစူကါါနိ့ျသတ ရှိတဲ့ဆိုင်လေးတစ်ဆိုင်မှာ သီချင်းဆိုဖြစ်တဲ့အကြောင်းတွေ ပြန်ပြောင်းပြောမိကြလေရဲ့။ ဘယ်သူကတော့ ဘယ်ဆိုင်မှာ ဆက်ဆိုနေတယ်။ ဘယ်သူကဖြင့် ဘယ်ဟိုတယ်မှာ ပြောင်းဆိုတယ်၊ ဘယ်သူကတော့ ဘာမှ သတင်းမကြားမိတော့ဘူး စသည်ဖြင့် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြော မိကြတဲ့အခါ ကျွန်မသိရသလောက် ကျွန်မ တစ်ယောက်သာ ခပ်စောစော အိမ်ထောင်ကျပြီးဖြစ်နေတာ တွေ့ရပါတယ်။
''အမိုက်မလေးရဲ့၊ ဘာဖြစ်လို့များ စောစောစီးစီး အိမ်ထောင်ပြုလိုက်ရတာလဲ''
သဘောမတွေ့လေဟန်နဲ့ မေးလာတဲ့ ချို့အမေးကို ရုတ်တရက် ဘာပြန်ဖြေလိုက်ရမှန်းမသိဘဲ ဖြစ်သွားမိတယ်။ ပြီးတော့မှ စိတ်ထဲရှိတဲ့အတိုင်း အရိုးခံအတိုင်းပဲ ဖြေလိုက်မိတယ်။
''ချစ်တဲ့သူနဲ့တွေ့လို့ပေါ့''
ကျွန်မအဖြေကိုကြားတော့ ချိုက ကမ္ဘာ့ရယ်စရာအကောင်းဆုံးပြက်လုံး တစ်ခုကို ကြားလိုက်ရသလို ရယ်လိုက်တာမှ ခွက်ထိုးခွက်လန်ပါပဲ။ ပြီးတော့ တကျွတ်ကျွတ်နဲ့ စုတ်သပ်ဟန်ပြုရင်း ပြောပါတယ်။
''ဖြစ်ရလေ ချစ်တဲ့သူ ဟုတ်လား၊ ဒါကတော့ ကိုယ်လည်းတွေ့တာပဲ၊ မင်းလိုဖြင့် မယူပေါင်၊ ချစ်သူဆိုတာ ချစ်ရရုံသာကောင်းတာကွ၊ ယူလိုက်ကြည့် မကောင်း တော့ဘူး၊ အခုပဲ မင်းကြည့်...ဒီကလေးတစ်ယောက်နဲ့ ဒုက္ခရောက်နေပြီ မဟုတ်လား'' ကျွန်မအနားကို တိုးတိုးလေး ကပ်ပြီးပြောလိုက်တာပါ။
အမှန်အတိုင်းပြောရရင် ချို့စကားကြားမှပဲ အဲဒီဒုက္ခဆိုတဲ့အရာကို ကျွန်မ အရေးလုပ် စဉ်းစားမိပါတော့တယ်။ ချို့အမြင် ဒုက္ခဆိုပေမဲ့ ကျွန်မက ဒုက္ခလို့မသတ် မှတ်တဲ့အရာတွေပေါ့။ သမီးဖျားနာမှာ စိုးရိမ်ရ၊ အလုပ်သွားနေတဲ့ခင်ပွန်းသည် အိမ်ပြန်နောက်ကျရင် စိုးရိမ်ရ၊ ခင်ပွန်းသည် ရတဲ့လစာငွေနဲ့ အသုံးစရိတ်တွေ မလောက်င မှာ စိုးရိမ်ရနဲ့ သောက ဗျာပါဒတွေ ချာလည်ဝိုင်းနေတဲ့ဘဝပဲလို့ ချိုက အထင်ရှိဟန်တူရဲ့။ ကျွန်မမှာ သောကတွေဝိုင်းနေတာ မှန်ပါတယ်။ ဒါပေမဲ့ ချို့အနားမှာ ဝိုင်းနေတဲ့ သောက တွေနဲ့တော့ မတူပေဘူးပေါ့။ သောကအမောတွေမဟုတ်ဘဲ သောကအပျော်တွေသာဖြစ် တယ်ဆိုတာကို ချိုကတော့ စဉ်းစားမိမှာမဟုတ်ပါဘူး။
နောက်ထပ် ချိုဘယ်တော့မှ စဉ်းစားမိမှာမဟုတ်တဲ့ အချက်တစ်ချက်လည်း ကျန်ပါသေးတယ်။ အိမ်ထောင်ရှိတဲ့ မိန်းမတစ်ယောက်ရဲ့တင့်တယ်မှုနဲ့ လုံခြုံမှု အကြောင်းပေါ့။ ယောက်ျားတွေသာအများဆုံးရှိနိုင်တဲ့ သည်ဆိုင်မျိုးထဲကို ဒီလိုအချိန်မှာ မိန်းမတစ်ယောက်တည်း ဝင်လာတာနဲ့စာရင် သမီးငယ်လေးတစ်ယောက်ကို လက်ဆွဲပြီး ဝင်လာတဲ့ မိန်းမက ပိုပြီးတော့ အမြင်တင့်တယ်တယ်ဆိုရမှာပါ။ ယောက်ျားတွေကတော့ သည်ယောက်ျားတွေပါပဲလေ။ ဒါပေမဲ့ ပုံစံအနေအထားချင်း ကွာခြား သွားတာနဲ့ ဆိုင်ထဲဝင်လာတဲ့ မိန်းမတစ်ယောက်အပေါ် အကြည့်သက်ရောက်ပုံချင်းကတော့ ဘယ်နည်းနဲ့မှ မတူနိုင်ပေဘူးပေါ့။
တကယ်ဆိုတော့ သမီးလေးက ဘာမှအရာမဝင်သေးတဲ့ တကယ့်သေးသေး ငယ်ငယ်လူသားလေးပါ။ ဒါပေမဲ့ ဟောသည့်ပိစိကွေးသမီးလေးက လူယောက်ျားတကာ ရဲ့ မျက်လုံးရိုင်းရိုင်းတွေကို ယဉ်ပါးသွားအောင် သူ့မိခင်ကို တစ်ဖက်တစ်လမ်းကနေ အကွာအကွယ်ပေးနိုင်တယ်ဆိုတာမျိုးက အံ့သြဖွယ်စွမ်းပကားတစ်ခုပါပဲ။ ဘယ်လိုနေရာ မျိုးမှာပဲဖြစ်ဖြစ် နံဘေးမှာ သမီးလေးတစ်ယောက်ပါလာခဲ့ခြင်းအားဖြင့် မိခင်ရဲ့ခြေလှမ်းတွေ ဟာ ရှိုးတိုးရှန့်တန့်မဖြစ်တော့ဘဲ လုံခြုံစိတ်ချမှုအပြည့်နဲ့ ရဲဝံ့တက်ြ
ချိုမြင်သလို ကလေးတစ်ယောက်ဟာ ကျွန်မအတွက် တစ်ခါတစ်ခါ ဒုက္ခရောက်ရာတာမှန်ပေမဲ့ မိခင်ကို အဲဒီလိုလုံခြုံမှုမျိုးသာမက သက်ရှိသက်မဲ့ ဘယ်လို အရာဆီကမှမရနိုင်တဲ့ တစိမ့်စိမ့် ဖြစ်ပေါ်ခံစားရတဲ့ ကြည်နူးစရာ ပီတိ အဟုန်မျိုးကိုပါ ပေးနိုင်စွမ်းရှိတယ်ဆိုတာ ချိုနားလည်အောင်ဘယ်လိုပြောရပါ့။ ဒါကမှ မိန်းမတစ်ယောက် ရဲ့ တကယ့်အစစ်အမှန်ဘဝဖြစ်တယ်ဆိုတာ တစ်ကိုယ်ရေသမားဖြစ်တဲ့ ချိုက နားလည်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် သူ့ကို ကျွန်မ ဘာမှတုံ့ပြန်ပြောဆိုမနေတော့ပါဘူးလေ။ မိန်းမတစ်ယောက်အတွက် ဘဝရဲ့အဆုံးတိုင် ပြီးပြည့်စုံမှုကိုပေးနိုင်တာ အဲဒါဟာ 'ကလေး' ဆိုတာပဲဖြစ်တယ်ဆိုတာကို ချိုမသိသေးပါဘူးကွယ် လို့ပဲ ကျွန်မရင်ထဲ တိတ်တခိုးလေး တွေးနေလိုက်တယ်။
ချိုက သမီးရဲ့ပါးလေးကို အသာဆွဲပြီး '' သမီးမေမေကို မပြန်နဲ့ဦးလို့ပြောနော် အန်တီ သီချင်းသွားဆိုလိုက်ဦးမယ်''လို့ပြောတော့ သမီးက''အစားတွေပလုပ်ပလောင်းနဲ့ ''ဟုတ်ကဲ့ အန်တီ ဆုရအောင်ဆိုနော်''လို့ ပြန်ပြောတယ်။ သမီးပြောတာကို ချို က မကြားလိုက်တော့ဘူး။ စင်မြင့်ပေါ်ကို လှစ်ခနဲရောက်သွားတယ်။
သည်တစ်ခေါက် ချိုသီချင်းဆိုပုံက စောစောကထက် ပိုပြီးတော့ အသက်ပါလာ သလိုပဲ။ အပြုံးတွေက ပိုပြီးတော့ တောက်ပရွှန်းလက်နေပြန်တယ်။ ချို ဝတ်ထားတဲ့ အဝတ်အစားဒီဇိုင်းကို သိပ်သဘောမကျမိတာကလွဲရင် ကျွန်မ မျက်စိထဲမှာတော့ ချိုသီချင်းဆိုပုံဟာ အတော်လေးကိုကြည့်လို့ကောင်းနေပါတယ်။ စောစောကလိုပဲ သီချင်းနှစ်ပုဒ်ဆိုပြီးတဲ့အခါ ချိုက ကျွန်မတို့အနားမှာလာထိုင်တယ်။
''မင်း အခု ဘာတွေလုပ်နေလဲ''လို့ ချိုက ကျွန်မကိုမေးတယ်။ သူ့ရင်ထဲမှာ ဒီမေးခွန်းရဲ့အဖြေကို အင်မတန်သိချင်နေပုံရတယ်။ ကျွန်မက..
''ဥယျာဉ်မှူးလုပ်နေတယ်လေ''ဆိုတော့ စကားတစ်ခွန်းကို ဘယ်တော့မှ ရှည်ရှည်ဝေးဝေးမတွေးလေတဲ့ ချိုက ...
''ဟုတ်လား ဘာအပင်တွေစိုက်လဲ''တဲ့။ မရယ်မိအောင် ကျွန်မ မနည်းကိုစိတ် ထိန်းထားရတယ်။
''သိပ်များများတော့မရှိပါဘူး...ဒီအပင်လေးတစ်ပင်ထဲပါ''ဆိုတော့ ချိုက''အဟုတ်လားလို့လေ..''ဆိုပြီး ကျွန်မပခုံးကိုဖွဖွထုရင်း ရယ်နေပြန်ပါတယ်။ သည်တော့မှ ကျွန်မလည်း သူနဲ့အတူလိုက်ရယ်မိရင်း..
''အဟုတ်ပြောနေတာပဲချိုရဲ့..ဒါပေမဲ့ ဒီအပင်လေးက တကယ့်အပင်ထက် ပိုပြီးတော့ တာဝန်ကြီးတယ်။ ကလေးဆိုတဲ့ လူသစ်ပင်လေးကို စိုက်ပျိုးရတာ ဥယျာဉ်မှူး မေမေတွေအတွက် တကယ်မလွယ်တဲ့ ကိစ္စတစ်ရပ်ပါပဲ...''
တွေးတွေးဆဆဖြေလိုက်တဲ့ ကျွန်မ စကားကို ချိုက စိတ်ဝင်စားဟန်မရှိတော့ ဘဲ စင်ပေါ်ကမိန်းကလေးကို သရဖူတက်ဆောင်းပေးနေတဲ့ လူတစ်ယောက်ဆီ မျက်မှောင် ကုတ်ပြီး လှမ်းကြည့်နေတယ်။ ဆီတွေ ပေပွနေတဲ့ သမီးရဲ့နှုတ်ခမ်းပါးနားတစ်ဝိုက်ကို တစ်ရှူးတစ်စနဲ့ သုတ်ပေးလိုက်ပြီး စားပွဲထိုးလေးကို ကျွန်မလှမ်းခေါ်တဲ့အခါ ချိုက..
''ပြန်တော့မလို့လား၊ ရောက်တုန်းရောက်ခိုက် နေစမ်းပါဦးလား၊ ခဏကြာရင် သီချင်းဖွင့်ပြီး ကိုယ်တို့တစ်တွေ ဖက်ရှင်ရှိုးလျှောက်ပြသလို လျှောက်ကြဦးမှာ၊ ကြည့်သွားပါ ဦးလား၊ အပျင်းပြေပေါ့''လို့ပြောတယ်။ ခေါက်ဆွဲတစ်ပန်းကန် ကုန်လုနီးနီးစားပစ်လိုက်လို့ ဗိုက်အတော်ဝသွားပုံရတဲ့ သမီးဟာ အိမ်ကိုပြန်ချင်နေပြီထင်ပါရဲ့။ စားချင်တာစားပြီးတာနဲ့ ချက်ချင်း ထပြန်ချင်တာ ကလေးတို့ရဲ့သဘာဝပဲမဟုတ်လား။
ကျွန်မ ချို့ကိုလည်း အားနာတယ်။ ကိုယ်တိုင်ကလည်း ချိုသီချင်းဆိုတာကို ဆက်ပြီးကြည့်ချင်သေးတယ်ဖြစ်နေပါတယ်။ သမီးကိုကြည့်တော့ ခုံပေါ်ကတောင်ဆင်း ချပြီး လမ်းဘက်ကိုလှမ်းလို့တောင်ကြည့်နေပါပြီ။ သမီးရေ ခဏနေကြဦးစို့ရဲ့..လို့ပြော ပြီး ဆက်နေရင်ဖြစ်ပေမဲ့ ကျွန်မက ကိုယ့်ကလေးရဲ့ဆန္ဒကိုလျစ်လျူရှု၊ ကိုယ့်ဆန္ဒကိုသာ ရှေ့တန်းတင်တတ်တဲ့ မိခင်မျိုးမှ မဟုတ်တာ။ ချိုပြောသလို ကျွန်မအပျင်းပြေဖို့ထက် သမီးမပျင်းစေဖို့က ကျွန်မအတွက်ပိုပြီးအရေးကြီးနေပါတယ်။ ဒါကို ချိုကတော့ နားလည်မှာ မဟုတ်ဘူး။
''ပြန်တော့မယ် သူငယ်ချင်းရေ''လို့ ကျွန်မနှုတ်ဆက်လိုက်တော့ ''အေးအေး ဆေးဆေးစကားပြောကြရအောင် နောက်နေ့လာခဲ့ဦးနော်''လို့ ချိုက တတွတ်တွတ်နဲ့ မှာနေပါသေးတယ်။
''အင်းပါ''ဆိုပြီး ကျွန်မ ခေါင်းညိတ်ပြလိုက်ပေမဲ့ ဒါဟာ မသေချာလှတဲ့ ကတိပြုမှုလေး တစ်ခုရယ်ပါ။ ဘာလို့ဆို ကျွန်မက ချိုတို့လို လွတ်လပ်သူမှမဟုတ်တာ။ ကျွန်မရဲ့အချိန်နာရီ ခေါက်ချိုးတွေအားလုံးဟာ ကျွန်မသမီးရဲ့လက်ထဲမှာသာ အချက်အချာ ကျနေတာမို့ပါ။
မနက်ဖြန်မှာ သမီးက ခေါက်ဆွဲကြော်စားချင်တယ်လို့ ပူဆာဦးမလား မဆိုနိုင်ဘူး လေ။ မပူဆာခဲ့ရင်တော့ ကျွန်မအနေနဲ့ ချို့ဆီရောက်ဖြစ်မှာ မဟုတ်ဘူးပေါ့။ ဒါ အသေ အချာပါပဲ။
သမီးရဲ့လက်ကိုဆွဲ၊ ဆိုင်ရှေ့မှာရပ်ပြီး လမ်းတစ်ဖက်ကိုကူးဖို့ ကားတန်းအရှင်း စောင့်ချိန်မှာ လက်ခုပ်သံညံညံစီစီကြောင့် ကျွန်မ ဆိုင်ထဲကို သမင်လည်ပြန်လှည့်ကြည့် မိလိုက်ပါသေးတယ်။ ချိုနဲ့အတူ မိန်းကလေးတွေအားလုံးဟာ စင်ပေါ်မှာ။ ဆိုတဲ့သူဆို၊ ရှေ့ထွက်ပြီး သရုပ်ပြတဲ့သူကပြ၊ ပန်းကုံးတွေ သရဖူတွေ ဆုချသူကချနဲ့ လှုပ်လှုပ်သဲသဲဖြစ် နေတာ ကျွန်မမြင်ရတယ်။ အားလုံးထဲမှာ ချိုဟာ အများဆုံးချီးမြှောက်ခံရသူပါပဲ။ ခေါင်းပေါ်မှာက သရဖူ၊ လက်ထဲမှာက အကယ်ဒမီရွှေစင်ရုပ်လိုဟာတွေ မနိုင်မနင်းပွေ့လို့ ကိုယ်ပေါ်မှာ သမီးပြောတဲ့ပြောင်လက်လက်ကြိုးတွေဟာ (စပါးကြီးမြွေက မထွေးလေးကို ရစ်ပတ်သလို) အထပ်ထပ်ရစ်ပတ်လို့ တစ်ကိုယ်လုံးနေရာလပ်ကို မကျန်အောင်ပါပဲ။ မျက်နှာလေးချည်းသာမြင်ရတော့တဲ့ ချို့ကိုလှမ်းကြည့်ပြီး ကျွန်မရယ်လည်းရယ်ချင်ပါရဲ့။
ဒီအချိန် ချိုတစ်ယောက်ပျော်နေမှာလား...
ဒါမှမဟုတ် စိတ်ညစ်ညူးနေမှာလား....
ဒါကိုတော့ ကျွန်မ မသိချင်တော့ပါဘူး။
''ကားရှင်းပြီလေ မေမေ''လို့ သမီးက ပြောလည်းပြော ကျွန်မလက်ကို ဆွဲလည်းဆွဲလှုပ်နဲ့ လမ်းအတင်းကူးတော့မယ့်ဟန် ပြင်မှပဲ ကျွန်မလည်း သတိပြန်ဝင်လာ ရပြီး သမီးလက်ကို တင်းတင်းဆုပ်လို့ ကားလမ်းကူးလိုက်တော့တယ်။ အပြန်လမ်းတစ်လျှောက် ချိုပြောတဲ့စကားတွေ ပြန်စဉ်းစားရင်း ကျွန်မပြုံးတောင် ပြုံးမိပါသေးတယ်။
'မင့်ကြည့်ရတာ ဟိုတုန်းကနဲ့မတူတော့ဘူး၊ မျက်နှာမှာ နှုတ်ခမ်းနီလေး တောင်မှ မတွေ့ရတော့ပါလား၊ အရမ်းပြောင်းလဲသွားတာပဲ'တဲ့။
ကျွန်မ ဘယ်အချိန်က ဘယ်လိုပြောင်းလဲသွားခဲ့တာလဲ။ ချိုပြောမှပဲ ကိုယ့်ဘာသာ သတိထားမိပါတော့တယ်။ ကျွန်မအထင် တော့ ဟောသည်သမီးကြောင့်ပဲ ဖြစ်မယ်ထင်ရဲ့။ ပြောရရင် သမီးရဲ့အရှေ့မှာ ကျွန်မက စံပြဖြစ်ချင်သူလေ။ ဒါဟာလည်း သမီးအတွက်ပါ။
အနားမှာရှိသမျှ လူတွေဆီက ဘာမဆို အတုခိုးသင်ယူနေတတ်ပြီ ဖြစ်တဲ့ သမီးကြောင့် ကျွန်မလည်းအရာရာမှာ ဆင်ခြင် ပြုမူ နေထိုင်နေရပြီလေ။ သမီးရဲ့ ဘေးပတ်ဝန်းကျင် အနီးဆုံးမှာ အချိန်တိုင်းရှိနေတာ ကျွန်မပဲမဟုတ်လား။ ကျွန်မရဲ့ အရိပ်အငွေ့က ဒီသမီးအပေါ်မှာ လုံးလုံးလျားလျားကျရောက်နေတာလေ။ တစ်ချက်ကလေး ကျွန်မသတိလစ်သွားတာနဲ့ ကျွန်မရဲ့ချွတ်ယွင်းမှုကို သမီးကကောက်ခါငင်ခါမြင်သွားပြီး အတုယူမှားသွားမှာ ကျွန်မသိပ်စိုးရိမ်မိပါတယ်။
အဖြူ အစိမ်းကျောင်းဝတ်စုံလေးတွေနဲ့ မိန်းကလေးငယ်ငယ်တွေ မျက်ခုံးမည်း မည်း၊ နှုတ်ခမ်းရဲရဲတွေဆိုး၊ (တီဗီကြော်ငြာတွေထဲက မင်းသမီးတွေလို)ဆံပင်နီတွန့်တွန့်တွေ ပါပြီးသား ခေါင်းစီးပဝါတွေစည်းပြီးလာကြတဲ့ကလေးတွေကို မြင်ရင် ကျွန်မလေအပြေး သွားပြီး အဲဒီအပြင်အဆင်တွေကို လိုက်ဖျက်ဆွဲဖြုတ်ပစ်ချင်လိုက်တာမပြောပါနဲ့တော့။ ကျွန်မသမီးကိုတော့ အရွယ်မတိုင်သေးခင် အလှအပထက် သန့်ရှင်းသပ်ရပ်မှုရှိဖို့ကိုပဲ ဦးစားပေးလေ့ကျင့်ပေးရမယ်။ ဒါကြောင့် ကျွန်မကိုယ်တိုင်လည်း သန့်ရှင်းသပ်ရပ်စွာပဲ ပြုပြင်နေထိုင်ပါတယ်။
အရွယ်ရောက်လာတဲ့အခါကျရင်တော့ သမီးစိတ်ကြိုက်သူ့ဘာသာ အလှအပ ပြင်ပါစေပေါ့။ ဒါတောင်မှ သမီးရဲ့လုပ်ငန်း သဘာဝနဲ့ လျော်ညီတဲ့ပြင်ဆင်မှုမျိုးဖြစ်ဖို့ လိုသေးတယ်။ သမီးက သာမန် ရုံးဝန်ထမ်းမိန်းကလေးလုပ်ပြီး သရုပ်ဆောင်မင်းသမီး တွေလိုပြုပြင်ဆင်ယင်မယ်ဆိုရင်လည်း မဖြစ်သေးဘူးပေါ့။ သမီးက ဘယ်လိုပုံစံ လာမှာ ပါလိမ့်။ ကျွန်မကသာ အရှည်ကြီး လျှောက်တွေးနေတာ။ သမီးက လမ်းတောင်မှ တစ်ယောက်တည်း ဖြတ်မကူးနိုင်သေးတဲ့ ပိစိကွေး ကလေးငယ်လေးပဲရှိသေးပါလား....။
အင်း..တစ်ခါတစ်ခါကျတော့လည်း တစ်ကိုယ်ရေလွတ်လပ်သူတွေကိုကြည့်ပြီး အပျိုဘဝကအချိန်တွေ ပြန်ရချင်လိုက်တာလို့ တမ်းတလွမ်းဆွတ်မိတဲ့အခါတွေလည်း ရှိဖူးတယ်ဆိုတာ ကျွန်မ ဝန်ခံပါတယ်။ ဒါပေမဲ့ အိမ်ထောင်သည်မိခင်ဘဝမျိုးဟာ သိပ်အရေးကြီးပြီး ကျွန်မတို့မိန်းမသားတွေအတွက် မရှိမဖြစ် ပိုင်ဆိုင်သင့်တဲ့ဘဝတစ်ခု လည်း ဖြစ်တယ်လို့ စဉ်းစားမိတဲ့အခါ အဲဒီတမ်းတမှုတွေအကုန်လုံး ကြက်ပျောက် ငှက်ပျောက် ပျောက်သွားတော့တာပါပဲ။
ပြောမယ်ဆိုရင် အလုပ်ကပြန်လာတဲ့အဖေကို သမီးလေးကပြေးကြို၊ မောမောနဲ့ပြန်လာတဲ့ ခင်ပွန်းသည်က ကျွန်မ တိုက်တဲ့ ရေတစ်ခွက်ကိုတောင် မသောက် နိုင်အားသေးဘဲ သမီးကိုအရင်ပွေ့ချီ နမ်းရှုပ်နှုတ်ဆက်လိုက်တဲ့ မြင်ကွင်းမျိုးကို ညနေတိုင်း စောင့်ကြည့်ရတာ ကျွန်မအတွက် တကယ့်ကို ပီတိဖြစ်စရာပါပဲ။ နေ့စဉ်တွေ့မြင်နေကျ ဖြစ်ပေမဲ့လည်း အဲဒီမြင်ကွင်းဟာ ရိုးအီမသွားခဲ့ဘဲ ကျွန်မအတွက် တစ်ရက်ပြီးတစ်ရက် ခွန်အားအသစ်တွေတိုးစေတဲ့ ကြည်နူးဖွယ်မြင်ကွင်း အစစ်အမှန်လေးဖြစ်လေရဲ့။
ဒါကြောင့် ကျွန်မ မပြောလား။ တစိမ့်စိမ့် ဖြစ်ရတဲ့ သည်လိုပီတိမျိုးကို ကလေးရှိတဲ့ ကျွန်မလို မိခင်တွေမှသာ ခံစားဖူးမှာပါ။ ပြီးတော့ မိခင်ဆိုတဲ့ အခန်းကဏ္ဍဟာ ကျွန်မဘဝမှာ အကြီးမားဆုံးနဲ့ နောက်ဆုံးစွန့်စားမှုကြီးတစ်ရပ်လည်းဖြစ်ရဲ့။ နောက်ထပ် သည်လောက်ကြီးမားတဲ့ စွန့်စားမှုမျိုး ကျွန်မတို့မိန်းမတွေ ကြုံရလိမ့်မှာ မဟုတ်တော့ဘူး။
ဒါတွေကို ကျွန်မအနေနဲ့ ချို့ကိုပြောပြခဲ့ဖို့ကောင်းတာနော်။
ဒါပေမဲ့ သည်စကားတွေကို ခုချိန်မှာ ချိုသဘောပေါက်လိမ့်မှာမဟုတ်ဘူး။ကျွန်မတုန်းကလည်း ဒါတွေကိုကြိုတင်ပြီး သဘောပေါက်ခဲ့တာမှ မဟုတ်ဘဲ။ ဘဝနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေက ကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ကြုံမှ သိရတာမျိုးလေ။ ခုနေခါမှာတော့ ချိုဟာ တစ်ကိုယ်ရေဘဝရဲ့ လွတ်လပ်မှုတွေအကြားမှာ ရှင်သန်ပျော်မြူးရင်း ကျွန်မရဲ့အိမ်ထောင်သည် မိခင်ဘဝကိုကြည့်ပြီး စိတ်မောချင် မောနေဦးမှာပေါ့။
တစ်နေ့တော့ ချိုလည်း အလိုလိုသိလာမှာပါ။
စိတ်မောစရာလို့ အထင်ရှိခဲ့ဖူးတဲ့ဘဝကို သူကိုယ်တိုင် တမက်တမောနဲ့ပွေ့ပိုက် နေမိတဲ့အချိန်လေးတစ်ချိန်ကို ရောက်လာလိမ့်ဦးမှာပါ။
ဘာလို့ဆို သူဟာလည်း ကျွန်မလို မိန်းမထဲကမိန်းမတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ သေချာပေါက် မိခင်တစ်ဦး ဖြစ်လာမှာမို့လို့ပေါ့။
အိမ်ရောက်မှပဲ ကျွန်မအတွေးစတွေပြတ်တောက်သွားပါတော့တယ်။ သမီးက ခေါက်ဆွဲကြော်စားချင်တယ်ဆိုတာနဲ့ သွားလိုက်ကြတာ..ကျွန်မကိုယ်တိုင် ဘာမှ မစားဖြစ်ခဲ့တဲ့အပြင် ကျွန်မခင်ပွန်းအတွက်လည်း ဘာမှ မဝယ်ခဲ့ရပါလား လို့စဉ်းစားမိတော့ ကျွန်မ ကျေကျေနပ်နပ်ကြီး ပြုံးလိုက်မိသေးတယ်။ ဒီလိုပါပဲလေ..။ ကျွန်မတို့မိခင်တွေ ဆိုတာက ကိုယ့်အတွက်ကို ကိုယ်မေ့ပြီး အရာရာမှာ ကလေးအတွက်ကိုသာ စဉ်းစားတတ် ကြတာမဟုတ်လားနော်။
သည်အချိန်မှာ ကျွန်မတို့ကိုမြင်လို့ အိမ်တံခါးကို သော့မဖွင့်သေးဘဲ ရပ်စောင့်နေ တဲ့ ကျွန်မခင်ပွန်းကို တွေ့လိုက်ရပါတယ်။ သမီးက သူ့ဆီကို ခုန်ပေါက် ပြေးသွားတဲ့အခါ သူက လက်ဆန့်တန်းပြီး အားပါးတရဆီးကြိုပါတယ်။
သမီးကို သန်မာတဲ့လက်တွေနဲ့စွေ့ခနဲကောက်ယူပွေ့ချီလိုက်တဲ့ ခင်ပွန်းဖြစ်သူကို ချစ်မြတ်နိုးမှုအပြည့်နဲ့ ကျွန်မငေးကြည့် လိုက်မိတယ်။ အဲဒီအချိန် တစိမ့်စိမ်နဲ့ဖြစ်ပေါ်လာတဲ့ ပီတိနဲ့ ခံစားမှုမျိုးဟာ လောကမှာရှိသမျှ ဘယ်လိုအဖိုးတန်အရာနဲ့မှ နှိုင်းယှဉ်လို့မရဘူး ဆိုတာကို ကျွန်မ ကောင်းကောင်းကြီးသိလိုက်ရပြန်တယ်။
အဲဒီနောက် သမီးရဲ့ပါးပြင်လေးနှစ်ဖက်ကို ကျွန်မခင်ပွန်းက မွှေးကြူ နမ်းရှုပ် လိုက်တဲ့အခါ အဲဒါဟာ ကျွန်မအတွက် ဘယ်တော့မှ မရိုးနိုင်တော့တဲ့ ရှုမျှော်ခင်းလေး တစ်ခု ဖြစ်သွားပါတော့တယ်။
စုမီအောင်
(၂ဝဝ၂၊ ဇွန်၊ အနုပညာမြင်ကွင်းမဂ္ဂဇင်း)