Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, September 26, 2014

သိပ်လှတဲ့ သတို့သမီးလေး

(Yati Magazine, October, 2014)
အဲဒီနေ့ မနက်ခင်းလေးက မပူမနွေးလွန်း၊ အေးအေးမြမြလေးရယ်၊ အခန်းထဲက စံပယ်ပင်လေး ဟိုတစ်နေ့ကမှ ပထမဆုံးအဖူးလေးတွေတွေ့လာရပြီ။ ဒီနေ့ဆို စိမ်းမြမြအရွက်သန်သန်လေးတွေနဲ့ ဖူးဖူးပွင့်ပွင့် စံပယ်ပင်လေးဖြစ်နေခဲ့ပြီ။ စံပယ်ပင်လေးဆီက သင်းပျံ့ပျံ့ရနံ့လေး အခန်းထဲဝေ့ဝဲမွှေးမြနေတဲ့ အဲဒီနေ့က မနက်ခင်းဟာ သိပ်လှနေခဲ့တာပေါ့။

စံပယ်ဖြူဖြူ အိပ်ရာထဲက မထသေးဘဲ အိပ်ချင်မူးတူးမျက်လုံးတွေကို အားယူဆွဲဖွင့်ရင်း ဖုန်းကိုလိုက်ရှာရတယ်။ ခေါင်းအုံးအောက်မှာလား မရှိ၊ ဘေးမှာရော မရှိပါဘူး။ ဟော … တွေ့ပါပြီ အိပ်ရာဘေးက စာကြည့်စားပွဲလေးပေါ်မှာ၊ ကိုကြီး ရွှေ့ထားခဲ့တာနေမှာပေါ့။ ကိုကြီးက အဲဒီလိုပဲ ညတွေညတွေ စံပယ်ဖြူဖြူ ဖုန်းသုံး အင်တာနက်ထဲမွှေ၊ Facebook ကြည့် candy crush ဂိမ်းဆော့ရင်း ဖုန်းဘေးချ အိပ်ပျော်သွားတဲ့အခါ မိုးလင်းလို့ကြည့်လိုက်ရင် ဖုန်းကအနားမှာ ရှိမနေတော့ဘူး။ ခပ်ဝေးဝေးကို ဖယ်ရွှေ့ပြစ်လိုက်ပြီးသားပဲ။ အိပ်ရာထဲဖုန်းထားပြီး အထူးသဖြင့် ခေါင်းအုံးအောက်မှာထားပြီး မအိပ်မိဖို့ ကိုကြီး အမြဲတားမြစ်တတ်တယ်။ ဖုန်းကို ဆွဲယူ Facebook စာမျက်နှာအရင်ဆုံးဖွင့် refresh လုပ်လိုက်တာနဲ့ ပထမဆုံးတွေ့လိုက်ရတာက သိပ်လှတဲ့မင်္ဂလာစုံတွဲပုံလေးတစ်ပုံ။ သတို့သမီးလေးက လှလိုက်တာကွယ်။ မျက်နှာဖူးဖူးလေးမှာ နှုတ်ခမ်းလေးက ပုံကျကျပြည့်ပြည့်ဖောင်းဖောင်းလေး၊ နှာတံလေးက သွယ်စင်းကျနေပြီးထိပ်ပိုင်းမှာ ချွန်ချွန်လုံးလုံးလေး၊ မျက်လုံးလေးတွေဆို ကြည်လဲ့နေတာပဲ ပြင်ထားတဲ့မိတ်ကပ်ကောင်းတာလည်းပါမှာပဲ။ မျက်တောင်က အတုတော့သုံးထားမယ်ထင်တယ်။ ဒါပေမဲ့ မိန်းကလေးရဲ့ မျက်နှာကျလေးကိုက ချစ်စရာကောင်းလွန်းနေတာ။ ရွှန်းရွှန်းစားစားမျက်ဝန်းအစုံနဲ့ သိပ်ကိုလှတဲ့ အနီရောင်သတို့သမီးလေး။ သတို့သားကို ကြည့်မိတော့ အိုး … စံပယ်ဖြူဖြူရဲ့ နှုတ်ခမ်းတွေ စုဝိုင်းသွားရတော့တယ်။ စုစုဝိုင်းဝိုင်းနှုတ်ခမ်းဆီက အာမေဋိတ်သံတောင် လျှံကျသွားရမိတဲ့အထိပေါ့။ သူ ပါလား။ ပြီးခဲ့တဲ့ သုံးနှစ်လောက်က စံပယ်ဖြူဖြူရဲ့ အချစ်ဦး ဖြစ်ခဲ့ဖူးတဲ့ မောင်။  ဒါဆို ဒီမိန်းကလေးက မောင် စံပယ်ဖြူဖြူ့ကို ပြတ်စဲလိုက်ပြီးစိတ်တိုင်းကျရွေးချယ်ခဲ့တဲ့ မိန်ကလေးဖြစ်မှာပဲ။ အရာရာကို စီမံကိန်းချ၊ ရည်မှန်းချက်ကြီးကြီးထားပြီး မဖြစ်ဖြစ်အောင်လုပ်တတ်တဲ့သူလို့ ထင်ခဲ့မိတာ သိပ်မှန်တာပဲပေါ့။ မောင်ဟာ စံပယ်ဖြူဖြူထက်ပိုချစ်ရမယ့်သူကိုရှာဖွေတွေ့ခဲ့ပြီးတာတောင် ချက်ချင်းလက်မထပ်သေးဘဲ အစစအရာရာပြည့်စုံတဲ့အထိ အချိန်ယူဖြည့်ဆည်းပြီးမှ လက်ထပ်ဖို့စီစဉ်ခဲ့ကြသတဲ့။ စံပယ်ဖြူဖြူ့ဆီ သတင်းစကားလေးတွေသယ်ပိုးလာကြတဲ့ မိတ်ဆွေတွေကတဆင့် အဲဒီသတင်းတွေ သိခဲ့ရတယ်။ ဒီမိန်းကလေးရဲ့ အရည်အချင်းတွေမသိရသေးဘဲနဲ့ မြင်လိုက်ရတဲ့အလှအပမှာတော့ သူမဟာ အပြည့်စုံဆုံးမိန်းမလှလေးဖြစ်နေတာ သေချာနေပါပြီ။

ကြည့်နေရင်းမှာပဲ Pre-wedding ဓာတ်ပုံတွေတဲ့ တစ်ပုံပြီးတစ်ပုံတက်လာတော့တယ်။ မောင် tag ထားတဲ့ နာမည်အတိုင်း လိုက်ကြည့်ရင်းနဲ့ မောင့်သတို့သမီးလေးရဲ့ wall ကိုရောက်သွားမိတယ်။ စံပယ်ဖြူဖြူလည်း တကယ့်ကို သိချင်စိတ်ပြင်းပြနေခဲ့ပြီ။ မောင်ရွေးချယ်လိုက်တဲ့မိန်းကလေးက ဘယ်လိုမိန်းကလေးလည်း သိပ်ကိုသိချင်သွားခဲ့လို့ပါ။ နှင်းစုသီ တဲ့။ ကိုယ့်ဘာသာစပ်စုတတ်တဲ့မိန်းကလေးမျိုးမဟုတ်ဘူးလို့ထင်ထားခဲ့မိသမျှ ဒီအချိန်လေးမှာတော့ လွဲမှားသွားတယ်။ စပ်စုမိနေမှန်းမသိ အမေ့မေ့အလျော့လျော့နဲ့။ နှင်းစုသီရဲ့ profile ထဲကို ဝင်မွှေမိတော့တယ်။ နှင်းစုသီက နာမည်ကြီးကုမ္ပဏီ"----" မှာ ရာထူးခပ်ကြီးကြီးရထားသူလေး၊ သူမ ရထားခဲ့တဲ့ အောင်လက်မှတ်တွေ၊ ဘွဲ့တွေဒီဂရီတွေကလည်း များများစားစားရယ်။ မင်္ဂလာပွဲအတွက်ရည်ရွယ်ပြီး အယ်လ်ဘမ်သပ်သပ်တင်ထားတာမို့ အဲဒီအယ်လ်ဘမ်ထဲက ဓာတ်ပုံတွေကို ကြည့်မိတော့ နှစ်ဘက်မိဘရဲ့ ရာထူးအရှိန်အဝါမြင့်မြင့်မားမား၊ မောင့်ရဲ့ အောင်မြင်မှုတွေပါ ပေါင်းစပ်ခင်းကျင်းထားတဲ့ မင်္ဂလာပွဲဖိတ်စာလေးဟာ စံပယ်ဖြူဖြူ့ကို လှောင်ပြောင်ရယ်ပွဲဖွဲ့နေသလိုပဲ။ မင်္ဂလာပွဲမကျင်းပခင် ဓာတ်ပုံတွေမှာ မိတ်ကပ်အလှဖန်တီးရှင်နဲ့ နှင်းစုသီ အလှပြင်နေတဲ့ပုံတွေ၊ မိတ်ကပ်အစမ်းပြင်တာလို့ ပုံမှာ ရေးထားတယ်။ မင်္ဂလာပွဲက နောက်တစ်ပတ် တနင်္ဂနွေနေ့တဲ့၊ မိတ်ကပ်ဆရာက နာမည်သိပ်ကြီးတဲ့မိတ်ကပ်ဆရာဆိုလား။ နှင်းစုသီ ဖြေထားတဲ့ comment တချို့မှာတွေ့လိုက်ရတယ်။ သိပ်ကိုလိုက်ဖက်ညီတဲ့ မင်္ဂလာစုံတွဲလေးတွေကို နေနဲ့လ ရွှေနဲ့မြ လို့ ချီးမွမ်းကြသလို ပြောရတော့မှာပဲ။ ခြောက်ပေနီးပါး မြင့်မားတဲ့ မောင့်အရပ်၊ မောင့်ရုပ်ရည်ခန့်ခန့်ချောချောရယ် မိန်းကလေးရဲ့ ထူးထူးကဲကဲအလှအပတို့နဲ့ပေါင်းစပ်လိုက်တော့ တကယ့်ကို လိုက်ဖက်ညီလှတဲ့ မင်္ဂလာစုံတွဲလေးပဲပေါ့။

စံပယ်ဖြူဖြူ့ကို ပြတ်စဲစကားဆိုလာခဲ့တုန်းက စကားလုံးတွေ နားထဲပြန်လည်ကြားယောင်လို့။ အချိန်တွေဟာ အဲဒီတုန်းက စံပယ်ဖြူဖြူရဲ့ ခံစားချက်တွေဆီ လက်တံလှည့်ကုန်ကြတယ်။

"မ မောင့်ကို မောင်လေးတစ်ယောက်လို သဘောထားပေးပါ။ မောင် မိန်ကလေးတစ်ယောက်ကို ချစ်မိသွားပြီ။ သူ့ကိုချစ်မိသွားတာ မှန်သလားမှားနေမလားတောင် မောင်မသိဘူး။ တစ်ချိန် မောင့်ဆုံးဖြတ်ချက်မှားယွင်းခဲ့ရင် မ လှောင်ပြောင်နိုင်ပါတယ်တဲ့"

ဟောတော် ခက်ရချည်ရဲ့ မောင်ရယ်၊ စံပယ်ဖြူဖြူအတွက်ကတော့ မောင်ပြောလာတဲ့စကားတွေကိုတောင် အဲဒီ တစ်ခဏအတွင်း ဘယ်လိုတုံ့ပြန်လိုက်ရမယ်မှန်းမသိနိုင်သေးဘူးလေ။ တချိန်ဆိုတဲ့ ဟိုး အဝေးကြီးအချိန်ရောက်တဲ့အခါကျမှ တုံ့ပြန်ရမယ့်ပုံစံကိုတောင် မောင်က ပြောပြနေပါရောလား။ သူများကိုလှောင်ပြောင်ဖို့ထက် လက်ရှိအချိန်လေးမှာ ဘယ်လိုရပ်တည်ရမယ်ဆိုတာလေး အရင်စဉ်းစားပါရစေဦး။ အဲဒါလေး အရင်ပြောပြတာကမှ စံပယ်ဖြူဖြူ့အတွက် အဆင်ပြေနိုင်ဦးမယ်။

ဂရုတစိုက်ရွေးချယ်ထားတဲ့စကားလုံးတွေနဲ့ အလွန်အမင်းယဉ်ကျေးပြခဲ့တဲ့ မောင့်ရဲ့ စကားလုံးတွေက စံပယ်ဖြူဖြူ အတွက်တော့ ကြမ်းတမ်းရိုင်းပျ ခါးသက်လွန်းလှချည်ရဲ့။ စကားတခွန်းမှမတုံ့ပြန်နိုင်ဘဲ ငေးကြောင်ဆွံ့အနေခဲ့တဲ့ အဲဒီတခဏ "မောင်လေး သူနဲ့ … လပိုင်းကျမှ ဖြစ်သွားတာ"တဲ့။ သူ့ကိုယ့်သူ မောင်လေး လို့ ပြောင်းလဲလိုက်တဲ့ နာမ်စားတစ်ခု ကို နားမယဉ်နိုင်ခဲ့သေးခင်၊ နောက်ထပ်နားမလည်နိုင်ခဲ့တာက"ဖြစ်သွားတာ" ဆိုတဲ့စကား။ ဘာဖြစ်တာလဲ။ ချစ်သွားခဲ့တာလား အဲဒီထက်ပိုတဲ့အဖြစ်အပျက်တွေ … ဖြစ်သွားခဲ့တာလား။ ပြီးတော့ အလွန်နီးကပ်နေသေးတဲ့ အချိန်ကာလတစ်ခု အဲဒီအချိန်မတိုင်ခင်လေးတင် မောင် စံပယ်ဖြူဖြူ့ကို ချစ်တယ် ချစ်တယ်ဆိုတဲ့စကားတွေပြောထွက်ခဲ့သည်ပဲမဟုတ်လား။ အဖြစ်အပျက်ကိုနားမလည်နိုင်ခဲ့သေးပေမယ့် မောင် ဆိုတဲ့လူက စံပယ်ဖြူဖြူကို မချစ်တော့တာ သေချာသွားခဲ့လေပြီ။ အဲဒီမိန်းကလေးကဘယ်သူလဲ ဘယ်ကလဲ ဘယ်လိုတွေ့ ဘယ်လိုမေးခွန်းမျိုးနဲ့မှ မမေးရဲခဲ့ပါဘူး။ မဆိုင်တဲ့မိန်းကလေးတစ်ယောက်ကို အပြစ်မတင်ချင်တာထက် အဲဒီမိန်းကလေးရဲ့ သာလွန်မှုတွေကို စံပယ်ဖြူဖြူသိလိုက်ရမှာ စိုးရိမ်တဲ့စိတ်နဲ့ မမေးဖြစ်ခဲ့တော့တာကိုယ်တိုင်သာအသိဆုံးပါပဲ။ 

စံပယ်ဖြူဖြူဆိုတဲ့ မိန်းကလေးက ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းခဲ့သူတစ်ယောက်ပါ။ စံပယ်ဖြူဖြူဟာ ပါးဖောင်းဖောင်းနဲ့ ချစ်စရာကောင်းတဲ့မိန်းကလေးလို့ပြောနိုင်ရုံလောက်လေးပဲ ထူးထူးခြားခြားလှပသူ မဟုတ်ပါဘူး။ ပြောရရင်တော့ ကိုယ့်ဘာသာတောင် ရုပ်ဆိုးတယ်လို့ ထင်နေတတ်ခဲ့သေးတယ်။ ခေတ်မီမီ အပြင်အဆင်လေးတွေလည်း ဆင်ယင်တတ်ခဲ့သူမဟုတ်၊ ချစ်စရာဒီဇိုင်းလေးတွေနဲ့ ဝတ်ဆင်တတ်ထာကလွဲလို့ ဆံပင်ကလည်း တိုတိုစင်းစင်း၊ မျက်တောင်ဆိုးဆေးမသုံး၊ နှုတ်ခမ်းနီပါးပါးဆိုးရုံလောက် ပြီးတော့မိတ်ကပ်ပါးပါးလိမ်းကာ အပေါ်က သနပ်ခါးထပ်လိမ်းတတ်သေးတဲ့ ခပ်ရိုးရိုးမိန်ကလေးမျိုးဖြစ်နေတော့ အရပ်ရှည်ရှည်အသားဖြူဖြူ မျက်ခုံးထင်းထင်း၊ နှုတ်ခမ်းပါးပါး၊ ဆံပင်တိုတို လူချောကြီး မောင့်လိုလူကို ချစ်ခွင့်ရလိုက်တာကိုပဲ ဆုလာဘ်ကြီးကြီးလက်ခံရရှိထားသလိုလို။ ဆုလာဘ်ကြီးပျောက်ဆုံးသွားမှာ လျော့ပါးသွားမှာ စိတ်မချနိုင်၊ ကိုယ့်ဘာသာလည်း အားမရနိုင်တဲ့စိတ်တွေနဲ့ ပူပန်စိုးထိတ်နေခဲ့တယ်။ 

မောင့်ကို စိတ်မချတိုင်း "ဘယ်မိန်းကလေးမှ မကြည့်ရဘူးနော်၊ မ ကိုပဲ သတိရနေရမယ်၊ မကလွဲလို့ ဘယ်မိန်းကလေးကိုမှ စိတ်ကူးထဲမထည့်ရဘူးလို့" မကြာခဏပြောတတ်ခဲ့မြဲ။ အဲဒီအခါ မောင်ဖြေတတ်တဲ့စကားက "မကြည့်ပါဘူးကွာ၊ မောင့်မှာ မကလွဲလို့ ရွေးနေစရာကိုမရှိတာ" တဲ့။ ကဲ တကယ်ဆို "ရွေးချယ်စရာတွေဘယ်လောက်ပဲရှိနေပစေ မကိုပဲ …" လို့ ဖြေသင့်တာမဟုတ်လား။ စံပယ်ဖြူဖြူကတော့ မောင့်အဖြေဘယ်လိုလေးပဲ ဖြစ်နေပါစေ ကျေနပ်နှစ်သိမ့်နေတော့တာ။ တကယ်ဆို အဲဒီအချိန်ကတည်းက သိထားခဲ့သင့်တာပေါ့။ စံပယ်ဖြူဖြူက မောင့်ထက် အသက်လေးနှစ်လောက်ကြီးနေတာကလည်း အမြဲစိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာပဲ။ မိန်းကလေးဆိုတာ အရွယ်မြန်မြန်လေးအိုမင်းလွယ်တယ် ယောက်ျားလေးတွေက အရွယ်တင်တယ်။ ဒီလောက်အသက်ကွာနေရင်ဆိုပြီး မဆုံးအောင်တွေးပြီး ပူပင်ဝမ်းနည်းနေခဲ့သေးတယ်။ တစ်ခါ ဒီဇိုင်းဆန်းဆန်းအနီရောင်တီရှပ်လေးမောင်ဝယ်ပေးခဲ့တုန်းက စံပယ်ဖြူဖြူ တော်တော်နဲ့ မဝတ်ခဲ့ဘူး။ မောင်က ဝတ်ခဲ့ပါ ဝတ်ပါ အခါခါပြောမှ စံပယ်ဖြူဖြူပြန်ပြောမိတာက "မောင်ရဲ့ အကျီအဝတ်အစားသိပ်လှနေရင် မ မဝတ်ရဲဘူးဗျ၊ အကျီသိပ်လှတာပိုပြီးပေါ်သလို မ မလှတာလည်း ပိုပြီးမြင်သာတယ်။ ဒါကြောင့်အဝတ်အစားဆို သိပ်တောက်တောက်ပြောင်ပြောင် မဝတ်ရဲဘူး။ အဝတ်အစားကသပ်သပ် လူကသပ်သပ်ဖြစ်နေလွန်းလို့" ဆိုပြီး ရယ်ကျဲကျဲလုပ်နေခဲ့တဲ့ စံပယ်ဖြူဖြူ့ကို ကြည့်ပြီး "ဟော ဗျာ" တစ်ခွန်းထဲ မောင် ပြောခဲ့နိုင်ရှာတယ်။ စံပယ်ဖြူဖြူက မောင့်ထက် အသက်လေးနှစ်ကြီးနေပေမယ့် မိသားစုမှာတော့အငယ်ဆုံးဖြစ်နေတယ်လေ။ မောင်ကတော့ ညီတစ်ယောက် ညီမတစ်ယောက်ရှိနေခဲ့သူ အသက်ငယ်ပေမယ့် စံပယ်ဖြူဖြူ့ထက်အကြီးပုံစံနဲ့ ပြောဆိုတတ်တယ်။ အဲဒီပုံစံကို တခါတရံကျေနပ်မိပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ မလွတ်မလပ် စိုးရွံ့စိတ်တွေနဲ့ မောင့်ရှေ့မှာ ဝံ့ဝံ့စားစားရှိမနေခဲ့ဘူး။ အဲဒါကိုပဲ မောင် မကြိုက်ခဲ့တာနေမှာပါပဲ။ 

စံပယ်ဖြူဖြူဟာ လူကသာ ခပ်ရိုးရိုးပုံစံဆင်ယင်လေ့ရှိပေမယ့် သီချင်းတွေဆိုရင်တော့ မြန်မာသီချင်းတွေသိပ်နားမစွဲဘဲ အင်္ဂလိပ်သီချင်းတွေကိုမှ နားယဉ်တတ်သူဖြစ်နေသေးတယ်။ မောင်နဲ့ gtalk မှာတစ်ခါတွေ့ဖြစ်တုန်းက မောင်က သီချင်းစာသားတစ်ခုရိုက်ပြခဲ့ဖူးတယ်။ "သွေးကြောထဲမှာ လည်ပတ်နေ၊ မင်းလေးပေးတဲ့အားအင်တွေ" ဆိုပြီး။ စံပယ်ဖြူဖြူက အဲဒီသီချင်းကို သိမထားတော့ သံစဉ်ဘယ်လိုမှဖော်မရ ဘယ်လိုသီချင်းမှန်းခံစားမရဖြစ်နေခဲ့တာ။ နောက် လူချင်းတွေ့မှ အပြင်မှာဆိုပြခိုင်းတော့ မောင့်အသံသြသြဟာ ဂရေဟမ်အသံလိုမျိုး သိပ်ကိုနားထောင်လို့ကောင်းတာပဲ။ အဲဒီအချိန်ကစလို့ စံပယ်ဖြူဖြူတစ်ယောက် မောင်ဆိုပြတဲ့သီချင်းကို ဖုန်းထဲ၊ ကွန်ပျူတာထဲသိမ်းယူဖို့ အလောတကြီးလိုက်ရှာ တချိန်လုံးနားထောင်မိခဲ့တယ်။ အဲဒီအချိန်ကစလို့ ဂရေဟမ်ရဲ့သီချင်းတွေလည်း ကြိုက်နှစ်သက်သွားပြီး စုဆောင်းမိခဲ့တာ။ ဂရေဟမ်သီချင်းတွေကြားမိတိုင်း မောင့်အသံနဲ့တူလိုက်တာဆိုပြီး နားစိုက်ထောင်ပြီး ရင်ခုန်နေတတ်ခဲ့တာပေါ့။ "မ ဘာသီချင်းတွေကြိုက်လည်းပြောပါဦး" လို့ မောင်မေးလာတုန်းက "Linking Park ရဲ့ In the End ကြိုက်တယ်။ Somewhere I belong ပြီးတော့ Crawling လည်းသိပ်ကြိုက်တာပဲ" အားတက်သရောပြောမိသွားတယ်။ မောင်က မျက်မှောင်ကြုတ်လို့ နားမလည်ဟန်နဲ့ စံပယ်ဖြူဖြူ့ကို စူးစူးစိုက်စိုက်ကြည့်ခဲ့တယ်။ စံပယ်ဖြူဖြူ ကြိုက်ပေမယ့် မောင် မကြိုက်တာတွေကလည်း နောက်ထပ်ရှိနေသေးတာ ခပ်များများရယ်၊ စံပယ်ဖြူဖြူဆိုတဲ့မိန်းကလေးဟာ ဘောလုံးပွဲကြည့်ရတာလည်း ကြိုက်တတ်တာ၊ တခြားအချိန်ဆို ငြိမ်ဆိမ်တိုးတိတ်နေတတ်ပေမယ့် နိုင်ငံရေးအကြောင်းပြောရမယ်ဆိုရင် အသံကျယ်လောင်လောင်ဖြစ်လာတတ်တာမျိုးတွေ။ တစ်ခုကတော့ အဆိုးဆုံးဖြစ်သွားခဲ့မယ်ထင်တယ်။ မင်္ဂလာပွဲဝတ်စုံတွေအကြောင်းပြောနေရင်းကနေ စံပယ်ဖြူဖြူပြောမိသွားခဲ့တဲ့စကားတွေကြောင့်ပေါ့။ 

"မ ကတော့ သိပ်စိတ်ကျဉ်းကျပ်မိမှာပဲ သတို့သမီးဝတ်စုံပြိုးပြိုးပြက်ပြက်၊ ရွှန်းရွှန်းလဲ့လဲ့မိတ်ကပ်ရောင်စုံခြယ်ပြီး လူတွေအများကြီးရှေ့မှာ ဟိုဒီလျှောက်နေရမှာ၊ စိတ်ညစ်စရာကြီးနော်။ မြန်မာဝတ်စုံ ခါးတိုအကျီတို့ဘာတို့ဆို မ တစ်ခါမှမဝတ်ဖူးဘူး သိလား။ မ နဲ့လည်း မလိုက်လို့။ မ ကိုယ်လုံးကိုယ်ပေါက်ကလည်း မလှလို့။ ဟန်ဆောင်ပန်ဆောင်၊ ဟန်ကြီးပန်ကြီး၊ ဟိတ်ဟန်ထုတ်ပြီးနေရမှာလည်း စိတ်ညစ်တယ်"

"ဟာ ဟန်ဆောင်ပန်ဆောင်တွေရော ဟန်ကြီးပန်ကြီးတွေရော ဟိတ်ဟန်တွေရော ဒေါ်စံပယ်ဖြူဖြူရယ် ဘယ်လိုဖြစ်တာလဲ၊ မြန်မာမိန်းကလေးဆိုတာ မိန်းကလေးပီပီ တင့်တင့်တယ်တယ်၊ ကျက်သရေရှိရှိလေးဝတ်ပြီး မင်္ဂလာပွဲလုပ်ကြရတာပဲ။ အနောက်တိုင်းဝတ်စုံပေါ့ပေါ့ပါးပါး ဂါဝန်ဝတ်ချင်တယ်ဆိုလည်း ညပိုင်းဧည့်ခံပွဲမှာ ဝတ်လို့ရသားပဲ။ လက်မှတ်ထိုးတာတို့ မင်္ဂလာဧည့်ခံပွဲတို့ဆိုရင်တော့ မြန်မာဝတ်စုံခန့်ခန့်ညားညားလေးဝတ်ရမှာပေါ့ဗျာ။ ဒါမှ တစ်သက်မှာတစ်ခါ ကျက်သရေရှိတဲ့မင်္ဂလာဧည့်ခံပွဲမျိုး အဖြစ်မှတ်တမ်းတင်လို့ရတာပေါ့" 

"သူရယ် ကိုယ်ရယ် ချစ်ခင်စုံမက်ကြတယ်။ ပြီးတော့ သစ္စာထားလို့ အတူနေကြဖို့၊ မိသားစုလေးတည်ဆောက်ဖို့ မင်္ဂလာဧည့်ခံပွဲလုပ်တယ်ဆိုကတည်းက ဘယ်လိုပဲဖြစ်ဖြစ် မင်္ဂလာရှိနေပြီးသားပါ။ ကျက်သရေရှိနေပြီးသားပါဗျာ မောင်ကလည်း" 

စံပယ်ဖြူဖြူ တန်ပြန်ပြောခဲ့တဲ့စကားတွေကို မောင်က ဘာမှထပ်ပြီးမပြောတော့ပေမယ့် လက်ခံချင်ပုံမရတဲ့အပြင် အဲဒီတုန်းက မောင့်အကြည့်က နွေးထွေးမှုမရှိတော့သလို အေးအေးစက်စက်ဖြစ်သွားခဲ့တာ။ ပြီးတော့ ကောက်ကာငင်ကာ "မ ဆံပင်အရှည်ထားပါလား" လို့ ပြောခဲ့လေတယ်။ စံပယ်ဖြူဖြူစကားပြောရင် ဗျာ လို့ ထည့်ပြောတတ်တာလည်း မောင်က နည်းနည်းလေးမှအကြိုက်မတွေ့ခဲ့ဘူး။ မောင်နဲ့ ချစ်ကြိုက်ခဲ့ကြတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ မ က သိပ်လှတာပဲတို့၊ သိပ်ချစ်ဖို့ကောင်းတာပဲတို့ မောင်တစ်ခါလေးမှ ချီးကျူးတာမရှိခဲ့ပါဘူး။ တစ်ကြိမ်ကတော့ ရွှေတိဂုံဘုရားအတူတက်ကြရင်းဘုရားကအပြန် မုန့်ဟင်းခါးဆိုင်မှာ ထိုင်ဖြစ်ခဲ့တုန်းက အဖြစ်အပျက်လေးတစ်ခုပြန်ငဲ့ကြည့်ရရင်။  မုန့်ဟင်းခါးဆိုင်မှာပဲ နွားနို့စစ်စစ်လည်းရတယ်ဆိုလို့ သောက်ဖြစ်ခဲ့ကြတုန်းကပေါ့။ စံပယ်ဖြူဖြူက နွားနို့ တစ်ငုံနှစ်ငုံသောက်ပြီးမုန့်ဟင်းခါး ငုံ့စားနေခဲ့မိတဲ့အချိန်၊ မောင်က မ ဒီဘက်လှည့်ပါဦးဆိုပြီး မောင့်ရဲ့လက်ချောင်းတွေဟာ စံပယ်ဖြူဖြူ့နှုတ်ခမ်းဘေးကို ခပ်ဖြည်းဖြည်းထိကပ်လာခဲ့တယ်။ "နွားနို့တွေ မ နှုတ်ခမ်းဘေးမှာ ကပ်နေတုန်းပဲ၊ မ နှုတ်ခမ်းဘေးအပေါ်ထောင့်နားလေးမှာ အမွှေးလေးတွေက ရှည်ရှည်လေးတွေ၊ တစ်ခုခုသောက်ပြီးရင် အဲဒီအမွှေးလေးတွေမှာ ကျန်နေတတ်သေးတာ၊ ကလေးလေးလိုပဲ အသည်းယားစရာ" လို့ ပြောရင်း ရွှန်းရွှန်းစားစားကြီးကြည့်နေခဲ့ဖူးတယ်။ အဲဒီတစ်ခါလေးလောက်ပဲ မောင် စံပယ်ဖြူဖြူအပေါ် ချစ်ကြောင်းပြခဲ့ဖူးတာ။ ဒါတောင် သိပ်လှတာပဲဆိုတဲ့စကားလုံးမျိုးအထိပြောပြီး ချစ်ပြခဲ့သူတော့မဟုတ်ပါဘူး။ အခုအချိန်ပြန်စဉ်းစားကြည့်တော့ မောင် တွေးနေခဲ့မယ့်စိတ်ကူးတွေ၊ အတွေးတွေကို စီကာစဉ်ကာ ပြန်မြင်လာနိုင်ခဲ့တယ်။ အဲဒီတုန်းက မောင်တွေးနေနိုင်တဲ့ မောင့်ရဲ့အတွေးတစ်ခုချင်းစီကိုဆွဲထုတ်ပြီး လျှော်ဖွတ်ပြီးစ အဝတ်သန့်သန့်လေးတွေလို ကြိုးတန်းမှာအစီအရီလှမ်း၊ ချိတ်နဲ့ ချိတ်ထားလိုက်သလိုမျိုး အခုတော့ စံပယ်ဖြူဖြူ ချိတ်ထားလိုက်နိုင်ပြီ။ နင့်နင့်သည်းသည်းခံစားချက်တွေမပါဘဲနဲ့ ကြိုးတန်းမှာချိတ်ထားတဲ့စိတ်ကူးအတွေးတွေကို စံပယ်ဖြူဖြူ စိမ်ပြေနပြေဖတ်ကြည့်နိုင်နေပြီ။ မောင်က တကယ်ချစ်ခဲ့တာမှ မဟုတ်တာပဲ။ မောင် မချစ်ခဲ့တာက စံပယ်ဖြူဖြူရဲ့ ရုပ်ရည်ကအစ အမူအကျင့်၊ အတွေးအခေါ်  အားလုံးပါဝင်နေခဲ့မှာပါ။ မောင် လမ်းခွဲစကားပြောခဲ့စဉ်တုန်းက စံပယ်ဖြူဖြူဆိုတဲ့ မိန်းကလေးကသာ မပြတ်စဲချင်သူကြီးလေ။ မောင်က လေသံခပ်မာမာရယ်။ စံပယ်ဖြူဖြူအတွက်တော့ ရထားခဲ့ဖူးတဲ့ ဆုလာဘ်ကြီးဆုံးရှုံးသွားခဲ့တဲ့အခါ အရာရာဟာ ဝရုန်းသုန်းကား၊ မျက်ရည်တွေဟာ မထိန်းနိုင်မသိမ်းနိုင်၊ မျှော်လင့်ချက်တွေဟာ ဖရိုဖရဲ အလဲလဲအပြိုပြို၊ မိုးကောင်းကင်ကြီး ကိုယ်တစ်ယောက်တည်းအပေါ် စီးမိုးပြိုကျသလို ခံစားခဲ့မိတာ။ အချိန်ဟာအကောင်းဆုံးပါပဲလေ။ နာရီလက်တံတွေ လှည့်လည်၊ အချိန်တွေကုန်ဆုံး၊ နေ့ရက်တွေပြောင်းရွှေ့၊ လတွေနှစ်တွေမတူတော့တဲ့အချိန်မှာတော့ စံပယ်ဖြူဖြူ ရဲ့ ခံစားချက်တွေလည်း တည်တည်ငြိမ်ငြိမ်ဖြစ်သွားခဲ့ပြီ။ မောင်ကတော့ သူ့စိတ်ကူးအတွေးတွေကို အနီးစပ်ဆုံးအမှန်ကန်ဆုံးဖြစ်အောင် ပုံဖော်နိုင်ခဲ့မယ်လို့ထင်ပါတယ်။ အခုတော့ စံပယ်ဖြူဖြူလည်း မိန်းကလေးဆန်ဆန် လှလှပပနေဖို့ စိတ်ဝင်စားနေခဲ့သလို မြန်မာဝတ်စုံနဲ့ သတို့သမီးလှလှလေးတွေကိုလည်း အားကျစိတ်နဲ့ ငေးမောကြည့်တတ်ခဲ့ပါပြီ။ သတို့သမီးလှလှလေးတွေလိုတောင် ဝတ်ကြည့်ချင်နေခဲ့မိသေးတာ။ 

ကိုကြီးနဲ့ စံပယ်ဖြူဖြူ လက်ထပ်တုန်းက လက်မှတ်ထိုးမယ့်နေ့ဝတ်မယ့်အဝတ်အစားဝယ်ကြတော့ ကိုကြီးလက်ကိုတွဲလို့ ပလာဇာမှာ လိုက်ရှာဖြစ်ခဲ့ကြတာ။ ကိုကြီးကပဲ လိုက်မလိုက်ကြည့်ပေးပြီး ပုံစံခပ်ရိုးရိုး၊ ဈေးလည်းသိပ်မကြီး၊ ဇာပန်းပွင့်လေးတွေ ခပ်ကျဲကျဲယက်ဖောက်ထားတဲ့ ဂါဝန်ဖြူလေးတစ်ထည်ကိုပဲ ရွေးဖြစ်ခဲ့ကြတယ်။ မိတ်ကပ်ပြင်ဖို့အတွက်လည်း မိတ်ကပ်ပြင်ဆရာမလိုခဲ့ပါဘူး။ စံပယ်ဖြူဖြူ့တစ်သက်မှာ မိတ်ကပ်အလှဖန်တီးရှင်နဲ့ တစ်ခါမှ မိတ်ကပ်မပြင်ခဲ့ဖူးပါဘူး။ မျက်တောင်ကော့ဆေးနည်းနည်းသုံး၊ ပါးနီနည်းနည်းလေးတင် နှုတ်ခမ်းပန်းသွေးရောင်လက်လက်လေးဆိုး၊ စံပယ်ဖြူဖြူ့မှာ ရှိပြီးသား မျက်ခွံ shadow ထဲကပဲ ပန်းရောင်၊ ငွေရောင်လက်လက်ပါတာလေးနည်းနည်းတင်။ ကိုယ့်ဘာသာပဲ မိတ်ကပ်ပြင်လိုက်တော့တာ။ မင်္ဂလာခန်းမဈေးနှုန်းတွေ၊ မိတ်ကပ်အလှဖန်တီးရှင်တွေ ဘာတစ်ခုမှ စံပယ်ဖြူဖြူမသိခဲ့ပါဘူး။ ညနေပိုင်း မိတ်ဆွေသူငယ်ချင်းနည်းနည်းဖိတ်ပြီး မင်္ဂလာဧည့်ခံပွဲလောက်ပဲ လုပ်ဖြစ်ခဲ့တယ်။ အဲဒီလို ရိုးရိုးရှင်းရှင်းဧည့်ခံပွဲနေ့လေးမှာ စံပယ်ဖြူဖြူနဲ့ ကိုကြီးတို့ ကြည်ကြည်နူးနူး ပျော်ရွှင်ခဲ့ကြတာပါပဲ။ ကိုကြီးရဲ့ အချစ်တွေကြောင့် စံပယ်ဖြူဖြူ ကိုယ့်ကိုကိုယ်တောင် လှတယ်၊ ချစ်စရာကောင်းတယ်လို့ ထင်မြင်လာခဲ့မိသေးတယ်။ ကိုကြီးကတော့ စံပယ်ဖြူဖြူ့ကို သိပ်လှတယ်၊ သိပ်ချစ်တယ်လို့ အမြဲပဲ နှုတ်မနှေးတမ်းပြောပြတတ်ခဲ့သူပဲလေ။ ကိုကြီးအချစ်တွေကြောင့်ပဲ ဘယ်တုန်းကမှ ကျေနပ်မှုမရှိခဲ့တဲ့ ကိုယ့်ရုပ်ရည်ကို ချစ်ခင်သွားတတ်ခဲ့တယ်။

မောင်နဲ့ နှင်းစုသီတို့ မင်္ဂလာပွဲမတိုင်ခင်မှာပေါ့၊ မောင် Facebook chat မှာ စကားလာပြောခဲ့တယ်။

"အစ်မ Hi hellO ! အစ်မ နေကောင်းလား"

"အင်း နေကောင်းတယ်။ မင်္ဂလာပွဲသတင်းတွေ့တယ်နော်။ Congratulations !"

"ဟုတ်၊ မောင်လေး အစ်မကို လှမ်းဖိတ်တာပါ။ အစ်မ လာနိုင်ရင်လာခဲ့နော်"

"အစ်မ မလာနိုင်လောက်ဘူး။ အစ်မ အခု ရန်ကုန်မှာ မဟုတ်ဘူး။ နယ်က အမေ့အိမ်မှာ၊ လက်ဖွဲ့လည်းမပို့ဘူးနော်၊ ပိုက်ဆံကုန်တယ်။ ပြောပြီးသား"

"ဟားဟား အစ်မရယ် လက်ဖွဲ့ကအရေးမကြီးပါဘူး၊ အစ်မကိုလာစေချင်လို့ပါ"

"ဆုတောင်းပေးပါတယ်။ ဘဝတစ်လျှောက် အစစအရာရာအဆင်ပြေချောမွေ့ပါစေ။ အောင်မြင်ပါစေပေါ့၊ ယူ့ရဲ့ နှင်းစုသီ သိပ်လှတာပဲ၊ Pre-wedding ဓာတ်ပုံတွေကြည့်ရတယ်။ သိပ်လှတဲ့ သတို့သမီးလေးပဲ။ အရွေးတော်တယ်။ ယူ သိပ်ချစ်မှာပဲ၊ အဲဒါနဲ့တောင် ယူက ချက်ချင်းလက်မထပ်သေးဘူး အခုမှ လက်ထပ်ကြတယ်နော်။ အချိန်တော်တော်ယူခဲ့တာပဲ ပြီးခဲ့တဲ့ သုံးနှစ်တုန်းကတည်းကဆိုတော့ … " 

"မောင်လေးလည်း စုရဆောင်းရသေးတာကိုးဗျာ၊ ပြီးတော့ မောင်လေးက အိမ်မှာအကြီးဆုံးလေ၊ အိမ်ရဲ့တာဝန် တတ်နိုင်သလောက်တော့ ခွဲဝေယူခဲ့ချင်သေးတာကိုး၊ နှင်းစုကိုလည်း မင်္ဂလာပွဲတင့်တင့်တယ်တယ်လုပ်ပေးချင်တာလေ၊ သူက တစ်ဦးတည်းသောသမီး၊ သူ့အိမ်မှာ သူကအိမ်ဆည်းလည်းဆိုတော့ မောင်လေးဖြစ်သလို လက်မထပ်ချင်ဘူး" 

မောင်က သူ့မိန်းကလေး နှင်းစုသီအတွက် အာလုံးတွေးပြီးဖြည့်ဆည်းပေးခဲ့တာပဲ၊ မောင်ဟာ စံပယ်ဖြူဖြူ့အတွက် ရက်စက်တတ်တဲ့ယောက်ျားတစ်ယောက်ဖြစ်ခဲ့ပေမယ့် နှင်းစုသီအတွက်တော့ ယောက်ျားကောင်း၊ မိသားစုမှာလည်း သားကောင်းတစ်ဦးတော့ဖြစ်နေခဲ့တာပါပဲ။ ဒီလိုပါပဲ အချစ်ဆိုတာကလည်း အတင်းလုပ်ယူ၊ ပုံသွင်းလို့မှ မရတာဘဲ။ ကိုယ့်ကိုယ် မချစ်ရကောင်းလား၊ ကိုယ့်ကိုရက်စက်ရကောင်းလား အပြစ်တင်ကလဲ့စားချေနေဖို့ဆိုတာလည်း မလိုအပ်လှဘူးလေ။ ကိုယ်ပဲ စိတ်ပင်ပမ်းရတာမဟုတ်လား။

"အစ်မ လက်ထပ်သွားခဲ့တာ ၂ နှစ်နီးပါးရှိပြီထင်တယ်။ မောင်လေး Facebook မှာ အစ်မ မင်္ဂလာပွဲတုန်းက ဓာတ်ပုံတွေ တွေ့ပါတယ်ဗျာ။ မောင်လေးက အလုပ်မအားနိုင်တာကြောင့်လည်း အမြဲတမ်းတော့ အင်တာနက်မသုံးဖြစ်ပါဘူး။ အစ်မ အဆင်ပြေတယ်မဟုတ်လား။ အိမ်ထောင်ရေးအတွေ့အကြုံလေးတွေပြောပါဦး။ မောင်လေးကို စိတ်နာခဲ့မှာပဲ"

"အမလေး တော်ပါ။ classic ဆန်ဆန်စကားလုံးနဲ့ပြောလိုက်ဦးမယ်။ ပြီးခဲ့တာတွေ ပြည်ဖုံးကားချလိုက်ပါပြီဟယ် လို့ပေါ့။ အခု အစ်မလည်း အိမ်ထောင်ကျနေပါပြီ။ အချိန်က အားလုံးကို ဖန်တီးတယ်၊ ပုံသွင်းပေးတယ်။ လိုသလို ပုံသွင်းပြုပြင်နိုင်အောင် အစ်မတို့ကတော့ အလိုက်သင့်နေပေးရတာပေါ့။ ခံစားချက်အပြင်းစားကြီးတွေ တသသမွေးမြူပြီး ခေါင်းမာနေလို့တော့မရဘူးလေ။ ခေါင်းမာနေရင်တော့ အချိန်ဆိုတာကြီးကလည်း ပုံသွင်းပေးနိုင်မှာမဟုတ်ဘူးဗျာ"

"ဟုတ်ပါပြီ၊ ပြောပြပါဦး အစ်မရဲ့ အိမ်ထောင်ဘက်အကြောင်းနည်းနည်းပါးပါးပါ။ ကျွန်တော်လည်း ခဏနေ နှင်းစုနဲ့ ဖိတ်စာတွေလိုက်ဖိတ်ဖို့ရှိသေးတယ်။ အစ်မအကြောင်းလေး နည်းနည်းသိချင်မိသေးတယ်"

"အစ်မတော့ ဘဝဆိုတာကို စီမံကိန်းချပြီး စနစ်ကျကျမလုပ်တတ်ဘူး။ အချစ်ကိုလည်း ဒီအတိုင်းပဲ လွှတ်ထားလိုက်တာပဲလေ။ ဖန်တီးယူမနေတော့ဘူး။ သူ့ဘာသာတွေ့ချင်တဲ့အချိန်တော့လည်းတွေ့ပါစေ နေလာလိုက်တာ။ အဲ ဖန်တီးမယူပေမယ့် limit အပြင်းစားတော့ရှိသွားတယ်။ အဲဒါကတော့ အသက်ငယ်တဲ့လူ ဘယ်တော့မှမချစ်တော့ဘူးပေါ့။ အဲဒါနဲ့ပဲ အစ်မ အမျိုးသားနဲ့ တွေ့သွားတာပဲလေ။ limit က နည်းနည်းပြင်းသွားတော့ သူက အစ်မထက် ၁၀ နှစ်တောင်ကြီးသွားတယ်"

"အစ်မ သူ့ကိုရော ချစ်လား"

"အလိုတော် မေးပုံကလည်း စပ်စုလွန်းပါတယ်။ လက်ထပ်ခါစတုန်းကတော့ ချစ်တာမချစ်တာထက် သူနဲ့နေရတာ စိတ်လုံခြုံတာကို သဘောကျသွားတာ။ သူက အစ်မအတွက် ဘာကိုမှ ကြောက်လန့်နေဖို့ မလိုတဲ့သူဖြစ်နေလို့။ သူ့ရှေ့မှာ အစ်မ မလှဘဲဖြစ်နေမှာ စိတ်ပူနေစရာမလိုဘူး။ သူ စိတ်ဆိုးသွားမှာ ကြောက်လန့်နေစရာမလိုဘူး။ သူ့ကို စိတ်ဆိုးလိုက်ရမှာလည်း ထိန်းချုပ်နေစရာမလိုဘူး။ သူ့ကို ဆုံးရှုံးရမှာ ကြောက်လန့်နေဖို့ မလိုပြန်ဘူး။ သူကလည်း အစ်မကို ထိန်းချုပ်မနေဘူး။ အစ်မအတွက်တော့ ချစ်သူဆိုတာ ကြောက်လန့်နေရဖို့ မလိုတဲ့သူပဲ။ ချစ်သူဆိုတာ ချစ်နေတဲ့သူ၊ ချစ်နေမယ့်သူပဲပေါ့။ ဘာလို့လည်းဆိုတော့ အစ်မ အရင်တုန်းကတော့ အဲဒါတွေ မပိုင်ဆိုင်ခဲ့ရဘူး။ အာလုံးထိတ်လန့်ကြောက်ရွံ့ခဲ့ရဖူးလို့လေ။ ချစ်သူဆိုတာ စိုးထိတ်နေရမယ့်သူဖြစ်ခဲ့တာကိုး။ အခုတော့ သူ့ကို မကြောက်ရလို့ဘဲ ရဲရဲဝံ့ဝံ့အချစ်မျိုးနဲ့ ချစ်သွားခဲ့တာ။ အစ်မ ချစ်သူအဓိပ္ပါယ်ဖွင့်ဆိုချက်ကြီးက ရယ်စရာဖြစ်သွားလားပဲ"

"မရယ်ပါဘူး အစ်မရယ်။ တကယ် ဝမ်းသာမိပါတယ်။၊ အစ်မ ပျော်ရွှင်နေတာမြင်ရတော့ စိတ်ချမ်းသာရတယ်"

  ပြီးတော့ မောင်က smile ပုံလေး smiley တစ်ခုတည်းရိုက်တယ်။ ပြီးတော့ နှုတ်ဆက်ပြီး Facebook ကနေ log out လုပ်သွားခဲ့ပါတယ်။ အဲဒီနေ့က မောင် နဲ့ စံပယ်ဖြူဖြူ Facebook chat မှာ စကားတွေအတော်ကြာကြာပြောဖြစ်သွားခဲ့တယ်။

မောင် နဲ့ နှင်းစုသီ တို့ မင်္ဂလာပွဲအပြီး နောက်တစ်နေ့ Facebook မောင့် account မှာရော နှင်းစုသီရဲ့ account မှာပါ မင်္ဂလာပွဲဓာတ်ပုံတွေ တက်လာတယ်။ လက်မှတ်ထိုးတဲ့နေ့ကျောက်စိမ်းရောင်မြန်မာဆန်ဆန်ဝတ်စုံလေး၊ မင်္ဂလာပွဲနေ့က ရွှေဖလားရောင်မြန်မာဝတ်စုံလေး၊ ညနေဧည့်ခံပွဲမှာတော့ ပတ္တမြားအသွေးကျကျအနီရဲရဲ မင်္ဂလာဝတ်စုံဂါဝန်ဖားဖားလေးတွေနဲ့ အလှဆုံးဖြစ်နေတဲ့ နှင်းစုသီရဲ့အလှအပကို ငေးမောအားကျနေမိခဲ့ပြီး မောင့်ကိုတောင် ကြည့်ဖို့ မေ့လျော့သွားမိတဲ့အထိပါပဲ။ မောင်က ရန်ကုန်မြို့က မဟုတ်လေတော့ မောင့်ရဲ့ ဇာတိနယ်မြို့လေးမှာ မင်္ဂလာဧည့်ခံပွဲလုပ်ခဲ့ကြသေးတယ်။ မောင့်မြို့လေးမှာ ကျင်းပခဲ့တဲ့ဧည့်ခံပွဲဓာတ်ပုံလေးတွေမှာလည်း နှင်းစုသီဟာ အလှဆုံးသတို့သမီးလေးဖြစ်နေခဲ့တယ်။ နှင်းစုသီဟာ သိပ်ကိုလှတဲ့ သတို့သမီးလေးပါ။ သတို့သမီးလေးနဲ့ သတို့သားရဲ့ အပြုံးအပျော်တွေဟာ စိတ်ကြည်နူးစရာပါပဲ။ တကယ်တော့လည်း မင်္ဂလာသတို့သမီးတိုင်းဟာ လှနေကြမှာပါ။ မောင့်အတွက် နှင်းစုသီဟာ အလှပဆုံးသတို့သမီးလေးဖြစ်သလို ကိုကြီးအတွက်တော့ စံပယ်ဖြူဖြူဟာ အလှဆုံးသတို့သမီးဖြစ်ခဲ့မှာပဲ။ နှင်းစုသီကျေနပ်ပျော်ရွှင်ခဲ့သလို စံပယ်ဖြူဖြူကြည်နူးခဲ့ရသလို သတို့သမီးတိုင်း ကိုယ့်စိတ်ကြိုက်ဖန်တီးမှုပုံစံထဲကမင်္ဂလာပွဲနေ့လေးမှာ အပျော်ရွှင်ဆုံးဖြစ်နေကြမှာပါ။ စံပယ်ဖြူဖြူတွေးနေမိတာက မင်္ဂလာဝတ်စုံအသွေးအရောင်လေးတွေမတူလည်း သတို့သမီးတွေရဲ့ အပျော်ကတော့ အားလုံးထပ်ထူကျနိုင်ကြတယ်။ သတို့သမီးလေးတွေ အားလုံး သိပ်လှနေကြမှာပါပဲ။ ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝခရီးပိုင်ဆိုင်ကြမယ့် သတို့သမီးလေးတွေဖြစ်နိုင်ကြဖို့လည်း စံပယ်ဖြူဖြူ ဆုတောင်းကြည့်ချင်မိသေးတယ်။

အဲဒီနေ့က …
နှင်းစုသီ နဖူးလေးကို ကြင်ကြင်နာနာနမ်းနေတဲ့ မောင်တို့ နှစ်ဦးဓာတ်ပုံလေးရဲ့ အောက်မှာ စံပယ်ဖြူဖြူ comment လေး ရေးချလိုက်တယ်။

"သိပ်လှတဲ့ သတို့သမီးလေး" လို့ပေါ့။
သိပ်မကြာပါဘူး။ နောက်ထပ် comment တစ်ခု ပေါ်လာတယ်။

မောင် ပြန်ရေးလိုက်တာပါ။ မောင်ရေးလိုက်တာက အပြုံးလေး၊ smiley လေး တစ်ခုတည်းရယ်ပါ။    ။

ဖြိုးဖြိုး
(Yati Magazine, October, 2014)

10 comments:

Aunty Tint said...

ခံစားမှုရသစုံလေးနဲ့ 'သိတ်လှတဲ့ သတိုးသမီးလေး' ဖတ်သွားပြီ ဖြိုးဖြိုးရေ... ကျေးဇူးနော် ..

Sonata Cantata said...

စံပယ်ဖြူဖြူရဲ့ အတွေးအခေါ်တွေ ကြိုက် ...
ချစ်သူအဓိပ္ပါယ်ဖွင့်ဆိုချက် ... perfect

PhyoPhyo said...

အစ်မသီတာ
ကျေးဇူးအများကြီး

PhyoPhyo said...

အန်တီတင့် ချစ်ပီးရင်းချစ်

Lorem Ipsum said...

သိပ်လှတဲ့ သတို့သမီးလေး

PhyoPhyo said...

comment အသစ်တွေ့လို့ လိုက်ရှာနေတာ ဘယ်မှာပါလိမ့်လို့ title နဲ့ တူတူဖြစ်နေတာကိုး

ကြည်ဖြူပိုင် said...

Classic ဆန်ဆန်ပြောလိုက်တဲ့ စကားလုံးတွေကမှတ်သားစရာတွေချည်းပဲ မမဖြိုးလေးရေ။

သိပ်ဖတ်လို့ကောင်းတာပဲ။ ရသတွေရော ပညာတွေရောစုံလို့။ ပြီးတော့ ခုခေတ်လူနေမှုနဲ့လည်းခင်ဟပ်တယ်။

(y) (y) (y)

PhyoPhyo said...

ပိုချစ်သွားပြီ
ကျေးဇူး ဇူးဇူး ဇူး

Unknown said...

ဒီလို ရသ မျိုး​လေး ဖတ်​ရ​တော့လဲ စိတ်​ထဲ​ကျေနပ်​ရပါတယ်

Unknown said...

ဒီလို ရသ မျိုး​လေးဖတ်​ရ​တော့လဲစိတ်​ထဲ​ကျေနပ်​စရာ....