Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, December 18, 2014

ပြုံယမ်းကို အလည်မသွားခင် သိထားသင့်တာလေးတွေ

ကမ္ဘာ့အရှည်ဆုံး အမြင့်ဆုံးအဆောက်အဦရှိနေတယ်။ ကမ္ဘာ့ အကြီးကျယ်ဆုံးသော နှစ်ပတ်လည်ပွဲ ကျင်းပလေ့ရှိသေးတယ်။ တစ်ခါတစ်ရံ စိတ်အချဉ်ပေါက်လာရင် နျူကလီးယားခြိမ်းခြောက်မှုနဲ့ ကိုင်စွဲခြောက်လှန့်တတ်သေးတဲ့မြောက်ကိုးရီးယားနိုင်ငံအကြောင်း ကမ္ဘာ့နိုင်ငံတွေ မသိကြသေးတာတွေ ခပ်များများရှိနေပါသေးတယ်။ မြောက်ကိုးရီးယားနိုင်ငံ မြို့တော် ပြုံးယမ်းဆီ သွားရောက်လည်ပတ်ဖို့ စိတ်ကူးရှိသူ/ မရှိသူတွေ ဒီအချက်လေးတွေ သိထားရင်လည်းအပိုတော့ဖြစ်မနေပါဘူး။ စိတ်ဝင်စားစရာပါပဲ။

Friday, December 05, 2014

ဟိုသတင်း ဒီသတင်း

ဂီတသတင်းများ

Pitbull ရဲ့ Live စွမ်းရည်
          လက်တင်ဂရမ်မီဆုပိုင်ရှင် အမေရိကန်ရက်ပ်ဂီတသမား ပစ်ထ်ဘူးလ်ဟာ TV Show အသစ်နှစ်ခုအတွက် မစ်ရှဲအိုဘားမား၊ ပေါလ်မက်ကာထ်နေးတို့နဲ့ အတူလက်တွဲဖို့ရှိနေပါတယ်။ Show တစ်ခုက The REAL Change Project ဖြစ်ပြီး ဂီတ၊ အားကစားနဲ့ နိုင်ငံရေးနယ်ပယ်ထဲက နာမည်ကြီးတွေနဲ့ အမေးအဖြေပုံစံမျိုးပါ။ မက်ကာထ်နေး၊ မစ်ရှဲအိုဘားမား၊ လေဒီဂါဂါ၊ တိုနီဘန်းနက်ထ် နဲ့ ဘတ်စ်ကက်ဘောကစားသမား ကိုဘီဘရိုင်ယန့်ထ် တို့လို နယ်ပယ်အသီးသီးက အကျော်အမော်တွေနဲ့ အဲဒီလှုပ်လှုပ်ရှားရှား ပြောပြောဆိုဆိုအစီအစဉ်အတွက် အတည်ပြုပြီးကြပါပြီ။ နာမည်ကျော်တွေရဲ့ ဘဝမှာကြုံရတဲ့ အတားအဆီးတွေကို ပြန်ငဲ့ကြည့်ပြီး ဘယ်လိုကျော်ဖြတ်ကြတယ်၊ ဘယ်သူတွေက အောင်မြင်အောင်ကူညီပေးခဲ့ကြတယ် စတဲ့ အတွေ့အကြုံတွေဝေမျှကြမှာပါ။

Sunday, November 02, 2014

ပျော်ရွှင်ချမ်းမြေ့ချင်လိုလျှင် မမေ့စေချင်

ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်သည်ဘဝလေးကို တလက်လက်တောက်ပတဲ့ စိန်ပွင့်လေးတွေ၊ မွေးပျံ့လန်းဆန်းပန်းပွင့်တွေနဲ့ပဲ ပြုလုပ်ဖန်တီးနိုင်တာ မဟုတ်ပါဘူး။ သေးသေးမွှားမွှား၊ ရိုးရိုးရှင်းရှင်းအချက်လေးတွေက ပိုပြီး ပျော်ရွှင်ကျေနပ်စရာကောင်းတဲ့အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ ရိုးရှင်းပေမယ့် ကျေနပ်စရာကောင်းမယ်ဆိုတော့ ဒီအချက်လေးတွေ သိထားရင် အကောင်းဆုံးပါပဲ။

အပန်းဖြေစရာ ကမ်းခြေတွေမှာ

Florist

ဟိုသတင်း ဒီသတင်း

(ဂီတသတင်းများ)
ဖြိုးဖြိုး
 dating ဟာ စိတ်ကူးထဲမှာ နောက်ဆုံးအရာ ဆိုတဲ့ တေလာဆွစ်ဖ်
တေလာဆွစ်ဖ်မှာ တအံ့တသြဖြစ်စရာလေးရှိနေပါပြီ။ သူမဆိုတဲ့အသည်းကွဲသီချင်းလေးတွေကြောင့် လွမ်းတေးသီသူလို့ နာမည်ရနေခဲ့ပေမယ့် အခု တစ်ကိုယ်တည်းပျော်ရွှင်မြူးထူးနေတဲ့ ပေါပ့်စတားလေးဖြစ်နေပါတယ်။ Shake it Off သီချင်းရှင်လေးမှာ ကိုယ်ပိုင်ဟန်လေးနဲ့ပဲ မြူးကြွလှုပ်ရှားတယ်။ ယိမ်းနွဲ့ကခုန်နေပါတယ်။ အင်္ဂလိပ်သတင်းစာ Vogue ရဲ့ မျက်နှာဖုံးနိုဝင်္ဘာလမျက်နှာဖုံးအသစ်မှာ ဆွဲဆောင်မှုပြည့်ဝတဲ့အကြည့်၊ ပြုံးယောင်ယောင်နှုတ်ခမ်းလေးနဲ့ လန်းဆန်းလှတဲ့ ကမ်းထရီး-ပေါပ့်အဆိုရှင်လေးကို မြင်တွေ့ရဦးမယ်။ မဂ္ဂဇင်းထဲမှာ သူမ ဘာကြောင့်အဲဒီလို ပျော်ပျော်ရွှင်ရွှင် တစ်ကိုယ်တည်းဘဝကိုပိုင်ဆိုင်ထားသလဲ ဆိုတာ ရှင်းပြထားပါသေးတယ်။ "dating ဒါမှမဟုတ် တစ်ဦးတစ်ယောက်ကိုဖွေရှာခြင်းဆိုတာတွေဟာ ကျွန်မစိတ်ထဲမှာ နောက်ဆုံးမှာရှိနေတဲ့အရာပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ပိုင်ပုံစံနဲ့နေထိုင်တဲ့ကျွန်မဘဝမှာ သူတို့ ဘယ်လိုမွမ်းမံခြယ်လှယ်မလဲ၊ ကျွန်မ ပုံဖော်ကြည့်လို့မရနိုင်ဘူး"တဲ့။ ဆွစ်ဖ်ရဲ့ အချစ်ဟောင်းတွေမှာဆိုရင် Jake Gyllenhaal, Joe Jonas, Taylor Lautner နဲ့ Harry Styles တို့လို ကျော်ကြားသူတွေအပြင် တခြားဆုံတွေ့တဲ့သူတွေအများကြီးရှိခဲ့ပေမယ့် အခုထိ ဆွစ်ဖ်ဟာ တစ်ကိုယ်တည်းဘဝမှာပဲ ပေါ့ပေါ့ပါးပါးပျော်ရွှင်နေဆဲပါ။ ကင်မရာတွေလွယ်ထားကြတဲ့ အမျိုးသား ၂၀ ဦးအရှေ့မှာ အဲဒီအမျိုးသားဘယ်လိုလျှောက်လှမ်းမလဲ။ သူ့ရဲ့ မိန်းကလေးကို သူ မကာကွယ်နိုင်ဘူး။ ဒါ သူမရွေးချယ်ထားခဲ့တဲ့ ဘဝပါ လို့ ဆွစ်ဖ်ကပြောပါတယ်။ အချစ်ကို လက်မြှောက်အရှုံးပေးလိုက်ပြီလို့တော့ မတွေးထင်လိုက်ပါနဲ့ဦး လို့လည်း ဆိုတယ်။ Shake it Off စင်ဂယ်လ်သီချင်းအပါအဝင် အသစ်ထွက်ရှိမယ့်အယ်လ်ဘမ်အတွက် ပြောင်းလဲမှုတွေအများကြီးနဲ့ သူမကြိုးစားထားတယ်။ ဒီနေ့ထက်ထိ သူမ ပုံဖော်ထုဆစ်ခဲ့ဖူးတဲ့သီချင်းအမျိုးအစားအားလုံးနဲ့မတူဘဲ၊ လုံးဝပြောင်းလဲပြီး ဖန်တီးထားတယ်။ အယ်လ်ဘမ်အသစ်ကြောင့် ကမ်းထရီးသီချင်းအမျိုးအစားကနေ ပေါပ့်ဂီတအမျိုးအစားကိုကူးပြောင်းတော့မယ်လို့ ဆွစ်ဖ်ရဲ့ ကမ်းထရီးပရိတ်သတ်တွေက ညည်းညူနေကြပေမယ့် ဆွစ်ဖ်ကတော့ ဒီလိုပြောပါတယ်။ "ပရိသတ်တွေရဲ့အကြိုက်၊ ခံစားချက်တွေကို အနာတရမဖြစ်စေချင်ပါဘူး။ ၁၄ နှစ်အရွယ်ကတည်းက နေထိုင်ခဲ့တဲ့ Nashville ကိုလည်း ဘယ်တော့မှသစ္စာမဖောက်ဘူး။ ဒါပေမဲ့ ဒါဟာ အနုပညာရှင်တစ်ဦး စိန်ခေါ်မှုတစ်ရပ်ဆီ လက်ကမ်းလိုက်တာပါ" တဲ့။ ဆွစ်ဖ်ရဲ့ ၅ ခုမြောက်အယ်လ်ဘမ်အသစ် 1989 ဟာ အောက်တိုဘာ ၂၇ မှာ ထွက်ရှိခဲ့ပါတယ်။ Shake it Off ကို ဆွစ်ဖ်၊ မက်စ်မာတင် နဲ့ ရှဲလ်ဘက်ခ် တို့အတူရေးသားခဲ့ပါတယ်။

ကျွန်မရဲ့ ဒီဒီ

(အက်ဆေး - ၈)
စုမီအောင်
          ကျွန်မမှာ အရမ်းကို ချစ်စရာကောင်းတဲ့ ကြောင်ကလေးတစ်ကောင် ရှိပါတယ်။ သူ့ကို ဒီဒီလို့ နာမည်ပေးထားတယ်။ ဒီဒီဟာ ရုပ်သွင်အားဖြင့်တော့ အခြားကြောင်တွေလို သာမာန်ပါပဲ။ မြင်သူတိုင်း ချစ်ချင်စရာ အလှစားကြောင် ကလေးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မအနေနဲ့ ထူးထူးခြားခြား အချစ်ပိုကဲရတဲ့ ကြောင်ကလေးဖြစ်ရတာဟာ သူ့ရဲ့ ကောင်းမွန်တဲ့အကျင့် စရိုက်တွေကြောင့်ပါ။ ကျွန်မအစ်မတွေကို အတိုက်အခံလုပ်ပြီး အခက်အခဲများစွာထဲကနေ ကြိုးစားမွေးယူ ထားရတဲ့ ကြောင်ကလေးမို့ သနားပြီး အချစ်ပိုရတာလည်း ပါပါတယ်။ ပြောရမယ် ဆိုရင် ဒီဒီ့ကိုမွေးဖို့ ကျွန်မအိမ်သားတွေက လုံးဝသဘောမတူခဲ့ဘူး။ အိမ်ကကျဉ်းလို့ ချေးနံ့သေးနံ့တွေနဲ့ ရွံစရာကောင်းမှာပဲလို့ ပြောကြတယ်။ အလကား အပိုအလုပ်တွေ လို့လည်း ပြောကြတယ်။ သည်နေရာမှာ ကျွန်မကြားဖူးထားတဲ့ George Eliot ရဲ့ တိရစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ အဆိုအမိန့်တစ်ခုကို ပြောပြရဦးမယ်။
          Animals are such agreeable friends; They ask no questions, they pass no criticisms.

ချစ်တဲ့မောင်လေး

(အက်ဆေး - ၇)
စုမီအောင်
ကျွန်မ ခုတလော သိပ်စိတ်ညစ်နေမိတယ်။ ဖေဖေနဲ့မေမေဟာ ဟောဒီ ကမ္ဘာမှာ ကျွန်မ တစ်ယောက်တည်းကိုပဲ အချစ်ဆုံးလို့ ထင်ခဲ့တာလေ။ ကျွန်မ အပေါ် အခုလိုရုတ်တရက်ကြီး သဘောထား ပြောင်းသွားလိမ့်မယ်လို့ ဘယ်တုန်း ကမှ မထင်ခဲ့ဘူး။ မောင်လေးလို့ ကျွန်မခေါ်ရမဲ့ လူသားပိစိကွေးလေး တစ်ယောက် အူဝဲအူဝဲနဲ့ အာခေါင်ခြစ်အော်ပြီး ရောက်လာကတည်းက အဲဒီဖေဖေနဲ့ မေမေပေါ့ ကျွန်မအပေါ် အချိုးတွေ ပြောင်းသွားလိုက်ကြတာ မပြောပါနဲ့တော့။

မိတ်ဆွေကောင်း

(အက်ဆေး - ၅)
စုမီအောင်
   သည်နေ့ စနေနေ့။ အချိန်က မွန်းလွဲ တစ်နာရီ။ နေ့တစ်ဝက်အလုပ်လုပ် ခဲ့ပြီး အိမ်ပြန်ရန် ပုဇွန်တောင် ဈေး ကားမှတ်တိုင်၌ ကျွန်တော်ကားစောင့်နေခဲ့သည်မှာ ကြာပြီ။ ကားသည်မလာ။ လာသော်လည်း တက်မရ။ မိုးသည် မနေ့ကလိုရွာဆဲ။ ကားများသည် မနေ့ကလို ကြပ်ဆဲ။ လူများသည် မနေ့ကလို ပြည့်နှက်ဆဲ။ ယနေ့ အချိန်အခါဝယ် စနေ့၊ တနင်္ဂနွေလို နေ့များမှာလည်း ကားချောင်သည်ဟု တွက်ဆ၍ မရတော့ပါ။ စနေနေ့ပင် ဖြစ်သော်လည်း ကားသည် မနေ့က သောကြာနေ့နှင့်မခြား ကျပ်ညပ်ဆဲ။ ယောင်ယောင်ကလေးမှပင် ချောင်မသွားခဲ့။ ကျွန်တော့်လို အလုပ်သွား နေရသူတွေချည်းပါပဲလားဟု တွေးရင်း ကားကို စောင့်သည်။ အလုပ်က နေ့တစ်ဝက်မို့ ကျွန်တော် ထမင်းချိုင့်ယူမလာပါ။ မနက်က စူပါကွေကာတစ်ခွက်နှင့် ပေါင်မုန့်အသား ညှပ် တစ်လုံးသာ စားခဲ့သည်မို့ ဝမ်းဗိုက်သည် အတော်ကြီးကို ဆာလောင်နေလေပြီ။ သည်ပုံနှင့် အိမ်ကို တော်တော် နှင့် မရောက်နိုင်သေးဟု တွေးမိတော့၊ စိတ်ကတွေ့ရာ ကားပေါ် တိုးဝှေ့တက်လိုက်ရန် အကြံပြုသဖြင့် ရှေ့သို့ရောက်လာသော ကားတစ်စီး ပေါ် ကျွန်တော် အပြေးအလွှားလုတက်လိုက်သည်။

မိန်းမ နှင့် အနမ်း

(မိန်းမ - ၁၃)
စုမီအောင်

''ငါ့ဝိညာဉ် ချစ်သောသူကို...
        ညဥ့်အခါအိပ်ရာပေါ်မှာ ငါရှာ၏။
        ရှာသော်လည်း မတွေ့ ...''

xxxxx

         နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းမရှိဘဲ နိုးထလာရသော ညိုမာရီ၏ မျက်လုံးတို့သည် နံနက်ခင်းတစ်ခုထဲတွင် ကြောင်စီစီဖြစ်နေကြသည်။ မျက်လုံးတို့သည် နိုးထလိုက်သည် နှင့် မောင်ရှိနေရာ ခုတင်ဆီသို့ အကြည့်ရောက်မြဲဖြစ်သည်။ မောင်သည် အမှန်တကယ် အိပ်ပျော်နေသည်လား၊ အိပ်ပျော်ချင်ယောင် ဆောင်နေသည်လား။ လွန်ခဲ့သောနေ့များ ကဲ့သို့ အသေအချာသိရန် ညိုမာရီ ကြိုးစားမည်မဟုတ်တော့ပါ။ အခြေအနေမှန်ကို အရင်းအတိုင်းသိရခြင်းက ညိုမာရီ၏ စိတ်နှလုံးတို့ကို အကြီးအကျယ် ကမောက်ကမ ဖြစ်စေနိုင်ပါသည်။ နံနက်တစ်ခင်း ...နေ့လယ်တစ်ခင်း၊ ညနေ ... ပြီးတော့ ... ညခင်း....။ သည်အရာတို့ဖြင့် ဖွဲ့တည်ထားသော နေ့ရက်တို့သည် ညိုမာရီနှင့် မောင့်အတွက် ဘယ်လိုမှ ထူးခြားမလာနိုင်တော့ပါ။

ဟိုသတင်း ဒီသတင်း

(ခရီးသွားသတင်းများ)
ဖြိုးဖြိုး

ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ဆောက်လုပ်ရေးတွေကို အရသာတွေ့နေတဲ့ ဒူဘိုင်း

ဒူဘိုင်းဟာ ဒေါ်လာဘီလီယံပေါင်းများစွာအထိကုန်ကျမယ့် ကမ္ဘာ့အကြီးဆုံး လေဆိပ်ဆောက်လုပ်ဖို့ အာသီသပြင်းပြအတိုင်းပဲ ဆောက်လုပ်ရေးအတွက်ဆက်ပြီးလုပ်ဆောင်နေပါပြီ။ ကမ္ဘာ့အကြီးဆုံး လေဆိပ်စီမံကိန်းကို စက်တင်ဘာလဒုတိယပတ်လောက်ကနေ အရှိန်မြှင့်တင်ဖို့ ဒူဘိုင်းအစိုးရရဲ့ ခွင့်ပြုချက်ရရှိခဲ့တယ်။ ယူအေအီးနိုင်ငံ ဒုတိယသမ္မတ Sheikh Mohammed bin Rashid Al Maktoum က ဒေါ်လာ ၃၂ ဘီလီယံ ငွေကြေးအတွက် အတည်ပြုပေးလိုက်ပါပြီ။ ဒူဘိုင်းစီးပွားရေးဇုံဖြစ်တဲ့ Dubai World Central မှာဆောက်လုပ်ဖွင့်လှစ်ထားတဲ့ Al Maktoum နိုင်ငံတကာလေဆိပ်ကို ထပ်မံတိုးချဲ့ဆောက်လုပ်မှာပါ။ ဒီလေဆိပ်ကို ပြီးခဲ့တဲ့နှစ်က ခရီးသွားတွေအသုံးပြုဖို့ ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နှစ်စဉ် ခရီးသည် သန်း ၂၀၀ ကျော်အတွက် ဖြည့်တင်းစီစဉ်ရမှာဖြစ်ပြီး cargo တန်း ၁၂ သန်းအတွက်လည်း ပိုပြီးပြင်ဆင်ရမှာပါ။ ပထမအဆင့်မှာ နှစ်စဉ်ခရီးသည် သန်း ၁၂၀ ရဲ့ ဆံ့နိုင်တဲ့ပမာဏ ဂြိုဟ်တုဆက်သွယ်ထားတဲ့အဆောက်အဦအသစ် နှစ်လုံးဆောက်လုပ်ရေးပါဝင်ပါလိမ့်မယ်။ တစ်ကြိမ်မှာ Airbus A380 လေယာဉ် ၁၀၀ လက်ခံဆင်းသက်နိုင်အောင် တည်ဆောက်မှာပါ။ ပထမအဆင့်တိုးချဲ့မှုကို ၆နှစ် ကနေ ၈ နှစ်အတွင်းပြီးစီးမယ်လို့ မျှော်မှန်းထားကြပြီး တည်ဆောက်ပြုပြင်မှုတစ်ခုလုံးဟာ ၅၆ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါလိမ့်မယ်။ လက်ရှိမှာတော့ ခရီးသည်တစ်ဝက်ကျော်ခန့်ဟာ ဒူဘိုင်းကနေ သူတို့ရဲ့ ခရီးစဉ်သွားမယ့်နေရာကို ဆက်ပြီးသွားကြရတယ်။ လေဆိပ်အသစ်မှာတော့ ဂိတ်တွေကြားမှာ စက်ရထားပြေးဆွဲနေမယ့်စနစ် နဲ့ ရွေ့လျားလူကူးဖယ်ရီတွေအပြည့်အစုံတပ်ဆင်ထားမှာပါ။ လေဆိပ်တိုးချဲ့ဆောက်လုပ်မှုဟာ မြို့တော်ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ DWC စီးပွားရေးဇုံရဲ့ ဆက်သွယ်နေပါတယ်။ လူနေအိမ်ရာအဆောက်အဦတွေနဲ့ နားနားနေနေအနားယူနိုင်မယ့် အဆောက်အအုံတွေလည်းပါဝင်ပါလိမ့်မယ်။ ဒီဆောက်လုပ်ရေးဟာ ၂၀၂၀ မှာပြုလုပ်မယ့် ဒူဘိုင်းရဲ့ World Expo အခင်းအကျင်းထဲက တစ်ခုအပါအဝင်ပါ။ ဒူဘိုင်းလေဆိပ် CEO ပေါလ်ဂရစ်ဖစ်က "ဒူဘိုင်းလေယာဉ်ထုတ်လုပ်မှုရဲ့ အားကောင်းတဲ့ထောက်ခံချက်တစ်ခုလိုပါပဲ" လို့ ညွှန်းဆိုလိုက်တယ်။ ခရီးသည်အရေအတွက်ကိုတော့ ၂၀၂၀ မှာ သန်း ၁၀၀ ခန့်အထိရောက်ရှိဖို့ မျှော်လင့်ထားကြပါတယ်။ လေဆိပ်ဖွင့်လှစ်ခဲ့ပြီးချိန်ကစလို့ နှစ်စဉ်ခရီးသည် ၁၅ ရာခိုင်နှုန်း ပျမ်းမျှတိုးတက်ခဲ့တယ်။ ဂရစ်ဖ်ကပြောပါတယ်။ "ကျွန်တော်တို့ရဲ့ အနာဂတ်ဟာ DWC (Al Maktoum International Airport) မှာ တည်ရှိနေပါတယ်" တဲ့။

Wednesday, October 22, 2014

ဆော့လွန်းတဲ့ မီညောင်လေး

ကြောင်လေးတွေရဲ့ လှုပ်ရှားသမျှ ပုံစံလေးတွေဟာ လှလှလေးရယ်။
နေပုံထိုင်ပုံ ကြွကြွရွရွလေး။
အမြဲ သွက်လက်တယ်။
ဘေးပတ်ဝန်းကျင်မှာ ဘယ်လိုပဲဖြစ်နေပစေ မိုးတွေခြိမ်းပါစေ သူကတော့ အိပ်ရေးမပျက်။
ခွေးလေး ဂျက်ကီမှာသာ မိုးခြိမ်းရင် ကုတင်အောက်က ထွက်မလာတော့ဘူး။
ကြောင်လေး လူဝီကတော့ ဘာကိုမှ ဂရုမစိုက်။
သူ့ကြောင့် အလုပ်ပျက်လှတယ်။
ဒါပေမဲ့ ချစ်ပါတယ်။

Love you Louie !

Sunday, October 19, 2014

သိထားရမယ့် အစ္စရေးနဲ့ ပါလက်စတိုင်းအရေးကိစ္စတွေ (၅)

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မအောင်မြင်ရင် ဘာဖြစ်မလဲ။
နိုင်ငံရေးကန့်သတ်ပိုင်းခြားမှုတွေထူထောင်ဖို့ သဘောတူညီမှုမရရှိကြသလို အစ္စရေး၊ West Bank နဲ့ ဂါဇာ တောင်မှ one state ဖြစ်လာနိုင်တယ်။ အဲဒီအဓိပ္ပါယ်က နှစ်ခုထဲက တစ်ခုမှာ ဆိုရင် အစ္စရေးဟာ ဂျူးနိုင်ငံတော်အဖြစ် တည်ရှိနိုင်ဖို့ ကြိုးစားမှုရပ်စဲလိုက်တာ ဒါမှမဟုတ် ပါလက်စတိုင်းတွေဟာ အစ္စရေးမှာ အမြဲတမ်းဒုတိယဆင့် နိုင်ငံသားတွေဖြစ်လာမယ်။ (West Bank နဲ့ ဂါဇာအပါအဝင်ပါ။) ဧပြီ ၂၇ မှာ ပထမဆုံးသတင်းပို့ခဲ့တဲ့ အတွင်းရေးမှူး ဂျွန်ကယ်ရီရဲ့ ပြောကြားခဲ့တဲ့အသံဖမ်းမှတ်တမ်းတစ်ခုက ညွှန်းဆိုခဲ့သလို ဒုတိယတစ်ခုဖြစ်နိုင်ခြေကတော့ apartheid state လူမျိုးရေးခွဲခြားကန့်သတ်ထားတဲ့နိုင်ငံတစ်ခုအဖြစ်ပါ။

သိထားရမယ့် အစ္စရေးနဲ့ ပါလက်စတိုင်းအရေးကိစ္စတွေ (၄)

လက်ရှိ အစ္စရေးနဲ့ ပါလက်စတိုင်းအစိုးရတွေ ပဋိပက္ခကို ဘယ်လိုချဉ်းကပ်လဲ။
သတိကြီးကြီးထားနေကြတယ်။ အခြေခံအကြောင်းပြချက်တွေအတွက် အလုပ်ဖြစ်မယ့် သဘောတူညီမှု/ အပေးအယူစစ်စစ် နှစ်ဖက်လုံးက မစဉ်းစားနိုင်ကြဘူး။ ယူအက်စ်အစိုးရက ဘယ်လောက်အထိ အစိုးရတွေရဲ့ စိတ်ကိုညွတ်နူးပြောင်းလဲစေမလဲ အတိအကျမသိနိုင်ပါဘူး။

ပါလက်စတိုင်းသမ္မတ မာမွတ်ဒ် အက်ဘာ့စ်ဟာ လက်ရှိဦးဆောင်နေတဲ့ လက်ယာမဟာမိတ် အစ္စရေးသမ္မတကို တကယ်မယုံကြည်ပါဘူး။ အခြေချနေထိုင်မှုတိုးချဲ့တဲ့အခြေအနေဟာ အဓိကအကြောင်းပြချက်တွေထဲကတစ်ခုပါ။ အဲဒီဆောက်လုပ်ရေးတွေဟာ အစ္စရေးဝန်ကြီး ဘန်ဂျမင် နက်တန်ယာဟုအစိုးရလက်အောက်မှာ ၇ နှစ်လောက်ဆက်တိုက်မြင့်တက်နေခဲ့တယ်။ အက်ဘာ့စ်သိမြင်နေတဲ့ ဒီနေ့ထိ မြန်မြန်ဆန်ဆန်တိုးချဲ့နေမှုဟာ ခိုင်မာတဲ့သက်သေပါပဲ။ အဲဒါဟာ အစ္စရေးက ပါလက်စတိုင်းနိုင်ငံတော်တည်ဆောက်ဖို့ မဖြစ်နိုင်အောင် ကြိုးပမ်းနေတာပါ။ တိုးချဲ့မှုတွေကို နက်တန်ယာဟုရပ်တန့်ထားစဉ်မှာ ဂျေရုဆလင်မှာတော့ ၂၀၀၉ နိုဝင်ဘာမှာစတင်ပြီး ၁၀ လ ခန့် ဆက်တိုက်ရှိနေခဲ့တယ်။ ပါလက်စတိုင်းတွေလိုချင်တာက အကြွင်းမဲ့ရပ်တန့်စေချင်တာပါ။ ၉ လကြာ ဆွေးနွေးမှုတွေရှိခဲ့ပေမယ့် အဲဒီညှိနှိုင်းဆွေးနွေးမှုတွေဟာ လက်တွေ့မှာ ခရီးမရောက်ခဲ့ကြဘူး။ နက်တန်ယာဟုဟာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဝေဖန်အပြစ်တင်တဲ့သူအဖြစ် ပါလက်စတိုင်းတွေက အခိုင်အမာယုံကြည်နေကြတယ်။ သူဟာ အစ္စရေး အဓိကလက်ယာပါတီဖြစ်တဲ့ လီကွတ်ပါတီရဲ့ ပထမဆုံးခေါင်းဆောင်ပါ။ သူ အာဏာရှိနေတဲ့အချိန်two-state ဖြေရှင်းနည်းကို ထောက်ခံဖို့လုပ်ခဲ့တယ်။ အဲဒီ ၂၀၀၉ နှစ်မှာ အမေရိကန်ဖိအားသိပ်ပြီးပြင်းထန်နေတဲ့အချိန်မှာ လုပ်ဆောင်ခဲ့တာပါ။

သိထားရမယ့် အစ္စရေးနဲ့ ပါလက်စတိုင်းအရေးကိစ္စတွေ (၃)

Intifada တွေက ဘာတွေလဲ။
Intifada တွေဟာ အစ္စရေးကိုဆန့်ကျင်တဲ့ ပါလက်စတိုင်းဆူပူအုံကြွမှုတွေပါ။ (Intifada ဆိုတာ အာရေဗျဘာသာနဲ့ ဆူပူအုံကြွမှုလို့ ခေါ်ကြတယ်။) ပထမအကြိမ်ကတော့ ၁၉၈၀ နောက်ပိုင်းမှာဖြစ်ပွားခဲ့ပြီး ဒုတိယတစ်ကြိမ်ကတော့ ၂၀၀၀ ခုနှစ်မှာပါ။ တချို့လေ့လာစူးစမ်းသူတွေကတော့ အိုဘားမားအစိုးရအဖွဲ့ရဲ့လက်ရှိ ငြိမ်းချမ်းရေးချဉ်းကပ်မှုတွေ ပြိုကွဲပျက်သုဉ်းရင် တတိယအကြိမ်ဆူပူအုံကြွမှုဖြစ်မယ်လို့ ယုံကြည်ကြတယ်။ 

ပထမဆူပူအုံကြွမှုဟာ ကောက်ကာငင်ကာ ဆက်တိုက်ဖြစ်လာခဲ့တဲ့ ပါလက်စတိုင်းဆန္ဒပြပွဲတွေ၊ အကြမ်းမဖက်တဲ့လှုပ်ရှားမှုတွေ၊ လူတွေအစုလိုက်အပြုံလိုက်သပိတ်မှောက်မှုတွေ၊ အစ္စရေးမှာ ပါလက်စတိုင်းတွေ အလုပ်လုပ်ဖို့ ငြင်းဆန်ကြတာ နဲ့ အစ္စရေးတွေကို တိုက်ခိုက်မှုတွေ(ကျောက်ခဲ၊ မီးလောင်ဗုံးနဲ့ တစ်ခါတစ်ရံ ပစ္စတိုသေနတ်တွေ အသုံးပြုပြီး)ဖြစ်ခဲ့ကြတယ်။ ဆန္ဒပြပွဲတွေကို အစ္စရေးစစ်တပ်က ပြင်းပြင်းထန်ထန်တုံပြန်နှိမ်နင်းတော့ ပါလက်စတိုင်းတွေရဲ့ သေဆုံးမှုဟာ အစ္စရေးတွေထက် ပိုပြီးကျော်လွန်များပြားခဲ့ပါတယ်။

သိထားရမယ့် အစ္စရေးနဲ့ ပါလက်စတိုင်းအရေးကိစ္စတွေ (၂)

ဂျေရုဆလင်ဆိုတာ ဘာလဲ။
ဂျေရုဆလင်ဟာ အစ္စရေးနဲ့ West Bank အကြား နယ်နိမိတ်မျဉ်းပေါ်မှာခွလျက်အနေအထားရှိနေပါတယ်။ ဂျူးဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်နှစ်ဦးလုံးရဲ့ အထွတ်အမြတ်ထားရာနေရာတွေတည်ရှိနေကြပြီး နှစ်ဦးလုံးက သူတို့ရဲ့ မြို့တော်ပြုလုပ်လိုကြတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်းတွေပိုင်းခြားတဲ့အခါ အခြေခံကျတဲ့ကိစ္စတွေထဲကတစ်ခုမှာ ကုန်းမြေကို မျှမျှတတဘယ်လိုခွဲဝေမလဲဆိုတဲ့ကိစ္စကျန်ရှိနေသေးတာပါ။ 

အစ္စရေးတည်ရှိတဲ့ ပထမ နှစ်၂၀ မှာ ဂျေရုဆလင်ဟာ စိတ်ပိုင်း ဝေမျှခဲ့ပြီးပါပြီ။ အစ္စရေးဟာ မြေပုံထဲက အနီရောင်အစက်ချမျဉ်းအတွင်းရှိ ဆင်ခြေဖုံးဒေသနဲ့ ဂျေရုဆလင်အစိတ်အပိုင်းတချို့ထိန်းချုပ်ထားခဲ့တယ်။ ဂျော်ဒန်ကတော့ အဲဒီအပြင်ဘက်က အားလုံးဂျော်ဒန်ထိန်းချုပ်ပါတယ်။ (အပြာရောင်အစက်ချမျဉ်းဟာ ဂျေရုဆလင်ဒေသကို ဆင်ခြေဖုံးဒေသကနေခွဲခြားထားတာပါ။

Thursday, October 09, 2014

နွေရာသီက...ဒီအခန်းမှာ (အက်ဆေး ၄)

(အက်ဆေး - ၄)
စုမီအောင်
            နွေညခင်းတစ်ခုသည် တိတ်ဆိတ်စွာ ပူလောင်ပြင်းပြလျက်။ အခန်းတစ်ခုထဲမှာတော့ သူမတစ်ယောက်တည်း။ ပူလောင်ပြင်းပြစွာ တိတ်ဆိတ် ငြိမ်သက်လျက်ရှိ သည်မှာ နွေညခင်းကြောင့်တော့ မဟုတ်ခဲ့။ တစ်ယောက်တည်း ဖြစ်ခြင်း၊ အထီး ကျန်ဆန်ခြင်းက သူမအား အဆမတန် ပူလောင်ပြင်းပြစေသည်။ ပူလောင်ပြင်းပြသော ရင်အစုံကို ခက်ခဲလေးလံစွာ ပွေ့ပိုက်လျက် တိတ်ဆိတ် ငြိမ်သက်စွာ လဲလျောင်း နေသော်လည်း သူမ အိပ်ပျော်ခြင်း မ၇ှိသေးပါ။ သူမ၏ နှလုံးခုန်သံသည် ရင်ဘတ်ထဲမှာ မရှိ။ အခန်းရှေ့ မြက်ခင်းပေါ်မှာ နှလုံးခုန်သံ တချို့ကို အတိုင်းသား ကြားနေရသည်။

တနင်္ဂနွေ တံခါးချပ်များ

(အက်ဆေး- ၃)

စုမီအောင်

          ဥတုသုံးပါးဒဏ်ကို နေ့ဆက်ရက်ဆက် ခါးစည်းခံနေရပြီး ကိုယ်ထည် ပေါ်မှာ ဆေးအပြာရောင် သုတ်လိမ်းထားတဲ့ ကျွန်တော်ဟာ တံခါးတစ်ချပ်ဖြစ်တယ်။ အပြာ ရောင်ကိုယ်ထည်နဲ့လိုက်ဖက်စွာ ကျွန်တော်ဟာ တည်ကြည်ခန့်ငြားပြီး ရင့်ကျက်တဲ့ အသွင်ကို အမြဲဆောင်တယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ရင့်ကျက် တယ်လို့ ဒီလို ခိုင်ခိုင်မာမာ ပြောနိုင်ရခြင်းက ကျွန်တော်ဟာ နိစ္စဓူဝ ဖြတ်သန်းရသမျှ အရာခပ်သိမ်း အပေါ် တကယ့်ကို တုန့်ပြန်သည်းခံနိုင်တဲ့ ပါရမီထူးနဲ့ ပြည့်ဝလို့ပါပဲ။ သည်နေရာမှာ ကျွန်တော် ကြုံတွေ့ဖြတ်သန်းရတယ်ဆိုပေမယ့် တကယ်တမ်း ကျတော့ ကျွန်တော်က ကျွန်တော့်နေရာမှာသာ ပိတ်ချည်ဖွင့်ချည်လုပ်နေရပြီး လူတွေကသာ ကျွန်တော့်ကို ဖြတ်သန်းဝင်ထွက်သွားကြတာ ဖြစ်ပါတယ်။

လက်ဖက်ရည်ဆိုင်ကလေးများ (အက်ဆေး ၂)

(အက်ဆေး-၂)
စုမီအောင်
 
ဆူးသစ်ရဲ့ အဖြူရောင်လမ်းကလေး စာမျက်နှာက ပုံလေးကို သဘောကျလို့ ကူးယူအသုံးပြုထားပါတယ်။

          ကျွန်မ၏မေမေသည် အဆင့်အတန်းမြင့်မြင့် စည်းကမ်းရှိရှိ ဂုဏ်သိက္ခာကို တန်ဖိုးထားသော မိသားစုအသိုက်အဝန်းမှ ပေါက်ဖွားလာသူဖြစ်ပြီး လမ်းဘေးဆိုင် လေးများ ဥပမာ-အသုပ်၊ မုန့်ဟင်းခါးဆိုင်၊ အကြော်ဆိုင်၊ လက်ဖက်ရည်ဆိုင် စသည်ဖြင့် အမြင်အားဖြင့် သေးနုပ်သည့် ဆိုင်ကလေးများ၌ ဝင်ထိုင်စားသောက်ရန် အင်မတန် ဝန်လေးခါးသီးသူပဲ ဖြစ်သည်။ ဖေဖေကတော့ မေမေနှင့် ဆန့်ကျင်စွာ ထိုဆိုင်ကလေးများ၌ ဝင်ထိုင်ရန် ဘယ်တော့မှ ဝန်လေးခြင်းမရှိပါ။

မိန်းမနှင့် လက်တစ်စုံ

(မိန်းမ - ၁၂)
စုမီအောင်
အစိတ်စိတ်အမြွှာမြွှာ ပြန့်ကြဲပြီး ပြုတ်ကျလာတဲ့အရာတွေကိုကြည့်ပြီး ကျွန်မ အရမ်းဝမ်းနည်းသွားတယ်။ ကျွန်မ ခြေထောက် အောက်မှာ ဟိုတစ်စသည်တစ်စဖြစ်နေတဲ့ အိုးခြမ်းပဲ့အစအနတွေလိုပဲ အဲသည်နေ့က ကျွန်မတို့ရဲ့ဘဝတွေ ဖရိုဖရဲဖြစ်သွားခဲ့တယ်။ ဖေဖေ့ရဲ့တက်ခေါက်သံ အကျယ်ကြီးက ကျွန်မရင်ကို လှိုင်းထစေခဲ့တယ်။ ဖေဖေ့လက်ရာ အိုးတွေကို ဒေါသတကြီးကိုင်ပေါက် ဖျက်ဆီးပစ်နေတဲ့ မေမေ့လုံချည်စကိုဆွဲပြီး 'မလုပ်ပါနဲ့၊ အဲဒါတွေကို မလုပ်ပါနဲ့'လို့ ကျွန်မ အော်ပြောခဲ့ပါသေးတယ်။

Sunday, October 05, 2014

ဟိုသတင်း ဒီသတင်း

အဲလ်ဗစ်ရဲ့ ဂျက်လေယာဉ်တွေ
          အဲလ်ဗစ်ပရက်စလေရဲ့နောက်ဆုံးဂျက်လေယာဉ်နှစ်စီး Lisa Marie နဲ့ Hound Dog II ကို ရောင်းချတော့မှာပါ။ အင်ဂျင်လေလုံးတပ် Lisa Maire ရဲ့အပြင်အဆင်တွေကတော့ queen-size အိပ်ရာ၊ ရွှေရောင်ရေချိုးခန်း နဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ စပီကာ ၅၂ လုံးပါတဲ့ စတီရီယိုအသံစနစ်၊ တီဗီ ၄ လုံးပါ videotape စနစ်တွေပါဝင်ကြတယ်လို့ လေယာဉ်အရောင်း website မှာ အချက်အလက်တွေဖော်ပြထားပါတယ်။ လေယာဉ်အမြီးပိုင်းမှာ ၁၉၆၀ ခုနှစ်ထုတ် အမေရိကန် လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Convair ၊ အမှတ် 880 နဲ့ ပရက်စလေရဲ့ အမှတ်တံဆိပ် TCB - Taking Care of Business ဆိုတဲ့စာသားတွေပါဝင်ပြီး အရောင်အတွဲအစပ်ကလည်း ကလည်း အဲလ်ဗစ်စိတ်ကြိုက်ရွေးချယ်ခဲ့တဲ့အရောင်တွေလို့ Controller.com က ပြောပါတယ်။

Thursday, October 02, 2014

Where there is love there is life !

Mohandas Karamchand Gandhi (2 October 1869 – 30 January 1948) 
နိုင်ငံတကာ အကြမ်းမဖက်ရေးနေ့ (International Day of Non-violence)
အောက်တိုဘာ ၂ ရက်နေ့ဟာ မဟတ္တမ ဂန္ဓီ (Mahatma Gandhi) ရဲ့ မွေးနေ့ပါ။ အိန္ဒိယမှာတော့ Gandhi Jayanti လို့ ခေါ်ကြတယ်။ ၂၀၀၄ ဇန်နဝါရီမှာ  နိုဘယ်လ်ဆုရ အီရန်စာဆိုတော် Shirin Ebadi ဟာ World Social Forum အတွက် ဘုံဘေကိုရောက်ရှိနေစဉ် ပါရီမှာ နိုင်ငံတကာကျောင်းသားတွေကို သင်ကြားပေးနေတဲ့ ဟိန္ဒူဆရာတစ်ဦးဆီက နိုင်ငံတာအကြမ်းမဖက်ရေးနေ့အတွက် အကြံပြုစာကိုရရှိခဲ့တယ်။ အဲဒီအကြံပြုချက်ကို အိန္ဒိယ ကွန်ကရက်ပါတီ ခေါင်းဆောင်တွေကလည်း တဖြည်းဖြည်းနဲ့ စိတ်ဝင်စားလာခဲ့ကြတယ်။ ၂၀၀၇ ဇန်နဝါရီလ၊ နယူးဒေလီမှာ ပြုလုပ်ခဲ့တဲ့ Satyagraha ညီလာခံမှာ ဆိုနီယာဂန္ဓိ နဲ့ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး တို့ဟာ UN ကို အဲဒီအကြံပြုချက်ကို အတည်ပြုသတ်မှတ်ဖို့ နှိုးဆော်ပါတယ်။ ၂၀၀၇ ဇွန် ၁၅ ရက်နေ့မှာ အောက်တိုဘာ ၂ ရက်နေ့ကို International Day of Non-violence အဖြစ် သတ်မှတ်ဖို့ ယူအန် အဖွဲ့ဝင်နိုင်ငံတွေ မဲပေးခဲ့ကြတယ်။ UN ဟာ ဇွန် ၂၅ မှာပဲ ဂန္ဓီရဲ့ မွေးနေ့ အောက်တိုဘာ ၂ ရက်နေ့ကို International Day of Non-violence အဖြစ် သတ်မှတ်လိုက်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။

Wednesday, October 01, 2014

သီတင်းကျွတ် လပြည့်ည

ဖြိုးဖြိုးဖတ်ဖို့
ကောင်းကင်ကြီးက ကြည်လင် အေးမြလိုက်တာ။ ဒီကနေ့ ဟာ သီတင်းကျွတ်လပြည့်နေ့ ။ 
အရပ်ထဲက ခလေးတွေ နေ့ မရှောင် ညမရှောင် အုံးအုံးကျွက်ကျွက် ညံစာ လို့  ဗြောက်ဖေါက်သူဖေါက် မီးပန်း ရှို့သူရှို့ ပျော်နေကြတယ်။ သူတို့ ဒီလိုပျော်နေကြတဲ့အကြောင်းရင်း ဘာ့ကြောင့်ဆိုတာ သူတို့ သိကြရဲ့လား။ သူတို့မိခင်တွေက ပြောပြကြရဲ့လား။ ခလေးတယောက်က ဘာကိုကြားလို့လည်းမသိ။ ... မင်္ဂလာ ဆောင် ပွဲလေး ကျင်းပ နေတယ်  သူများကို  အားကျမိတယ် အချစ်ကလေး ..ရယ်   ဘယ်လို လဲ ပြော ... တဲ့ ဆိုနေလိုက်တာ။ များသောအားဖြင့် လူတွေဟာ သီတင်းကျွတ်ရင် မင်္ဂလာဆောင်ပွဲတွေ လာတော့မယ် ဆိုပြီး လက်ဖွဲ့ ငွေအတွက် စိတ်ပူ နေကြသလား မသိနိုင်ပါ။
လပြည့်ညရဲ့  ပ၀င်းတဲ့ လမင်းဟာ ဗုဒ္ဓမြတ်စွာဘုရားကို သူ့ အလှ သူ့ ရောင်ခြည်နဲ့အားရ ပါးရ  ပူဇော်ဖို့ထွက်ပြူလာဟန်ရှိရဲ့။ ပြာမှောင်ရီလဲ့နေတဲ့ ကောင်းကင်ကြီးမှာတော့  ကြယ်ကလေးတွေကို  မတွေ့ရဘူး။ ဘယ်ဆီများရှောင်ပုန်းနေကြပါလိမ့်။ လရောင်ကို မတုပနိုင်လို့  အားမတန် မာန်လျော့ ပုန်းကွယ်နေသလား။

Friday, September 26, 2014

သိပ်လှတဲ့ သတို့သမီးလေး

(Yati Magazine, October, 2014)
အဲဒီနေ့ မနက်ခင်းလေးက မပူမနွေးလွန်း၊ အေးအေးမြမြလေးရယ်၊ အခန်းထဲက စံပယ်ပင်လေး ဟိုတစ်နေ့ကမှ ပထမဆုံးအဖူးလေးတွေတွေ့လာရပြီ။ ဒီနေ့ဆို စိမ်းမြမြအရွက်သန်သန်လေးတွေနဲ့ ဖူးဖူးပွင့်ပွင့် စံပယ်ပင်လေးဖြစ်နေခဲ့ပြီ။ စံပယ်ပင်လေးဆီက သင်းပျံ့ပျံ့ရနံ့လေး အခန်းထဲဝေ့ဝဲမွှေးမြနေတဲ့ အဲဒီနေ့က မနက်ခင်းဟာ သိပ်လှနေခဲ့တာပေါ့။

Thursday, September 25, 2014

စစ်ပွဲတွေကို ရပ်ပြစ်

(ပိုစ့်အဟောင်းပါ။ မေမေက ပြန်တင်စေချင်တာနဲ့)

Stop the Wars
ယနေ့ ကမ္ဘာကြီးဟာစစ်ပွဲတွေနဲ့ပဲ ထုံမွှန်းနေပြီ။ ပြည်တွင်းက ကချင်ဒေသ ထိုးစစ်ဟာ အနီးကပ်ဆုံးပြနိုင်တဲ့ သာဓကတစ်ခုဖြစ်ပြီး ကမ္ဘာအရပ်ရပ်က ဘယ်နေရာ ဘယ်ဒေသမှာမဆို စစ်ပွဲတွေက ကြောက်ခမန်းလိလိ တိုးပွားလာနေတာမို့ လူ့အသက်ဟာ ဖက်ရွက်လောက်ပင် တန်ဘိုးမရှိတော့ဘူးလားလို့ မေးချင်မိတယ်။

စစ်ဘာ့ကြောင့်ဖြစ်
စစ်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းကို ရှာကြည့်ရင် 
အမုန်းကြောင့်။ အချစ်ကြောင့်။ ဘာသာအယူဝါဒကြောင့်။
ရေကြောင့်။ မြေကြောင့်။ ရေနံကြောင့်။
နယ်မြေလုယက်မှု သူပိုင် ငါပိုင်ငြင်းခုံမှု ကြောင့်။
လူမျိုးရေးကြောင့် စသည် ခေါင်းစဉ်တွေ တသီကြီး ပေးရလောက်အောင် အမယ်က စုံနေတယ်။
အမှန်တော့ အတ္တကြောင့်ပါဘဲ။
ပုထုဇဉ်လူသားတိုင်းဟာ သူရော ကိုယ်ရော အတ္တအကျိုးကို ရှေ့တန်းတင်တတ်ကြသူချည်းပါဘဲ။
ဒါပေမဲ့ မိမိကိုယ်ကို ဘာသာရေးနဲ့ ထိန်းကွပ်နိုင်ရမယ်။

တခါက ကျွန်မဖတ်ခဲ့ဖူးတယ်။
"ဘာသာရေးက ကမ္ဘာ့ငြိမ်းချမ်းရေးကို ဘာတွေများဆောင်ရွက်ပေးနိုင်မလဲ"တဲ့။
ပညာရှင်တစ်ဦးကလဲ “ကမ္ဘာ့ ငြိမ်းချမ်းရေးဟာ ဘာသာရေးထက် ပိုအရေးကြီးတယ်” တဲ့။
ကျွန်မကတော့ ဒီလို မထင်ဘူး။ ကမ္ဘာ့ငြိမ်းချမ်းရေးဟာ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ ခေါင်းးစဉ်အောက်မှာ ရှိရပါမယ်။ ထေရ၀ါဒဟာ စစ်ပွဲ တွေကို မီးထိုးမပေးဘူး။ ငြိမ်းအေးစေတယ်ဆိုတာ ဇာတ်တော်တွေထဲမှာ သာဓက မြောက်များစွာ ရှိတယ်။ ဗုဒ္ဓရဲ့အဆုံးအမ သြ၀ါဒတွေကို တိကျစွာ လိုက်နာနိုင်မယ်ဆိုရင် စစ်ပွဲ ဆိုတာ ဘယ်နေရာမှာမှ မဖြစ်နိုင်ဘုး။ ငြိမ်းချမ်းရေးဆိုတာဟာလဲ အထူးတလည် ရှာဖို့ မလိုဘဲ မိမိတို့ရဲ့ လက်တစ်ကမ်းမှာသာရှိတယ်လို့ အခိုင်အမာ ပြောလိုက်ပါရစေ။ ဘာသာတရားကသာ ငြိမ်းချမ်းရေးကိုဦးဆောင်နိုင်ပါတယ်။ ဘယ်ဘာသာကမှ လူ့အသက်တွေကို ဒီလောက်ချွေစေဖို့ အားပေးလိမ့်မယ် မဟုတ်ဘူး။ သီတဂူဆရာတော်ဟောသလို လူတဦးချင်းစီရဲ့ သီလဆောက်တည် ထိန်းချုပ်မှုကနေ ဆင့်ပွားလို့ ကျယ်ပြန့်စွာ ဆောက်တည်လာနိုင်မဲ့နေ့ဟာ အမှန်တကယ် ကမ္ဘာကြီးငြိမ်းချမ်းမယ့်နေ့ဆိုတာ မလွဲတော့ဘူး။ အင်မတန် မွန်မြတ်တြဲ့ဗဟ္မာဇိုရ်တရားလေးပါး (မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာ) တရားကိုသာကျင့်သုံးနိုင်ခဲ့ရင် ပဋိပက္ခဆိုတာ မရှိတော့ဘူး။ ပဋိပက္ခမရှိရင် စစ်ပွဲဆိုတာ ဘယ်မှာ ရှိတော့မလဲ။

စစ်ပွဲတွေကို နိုးဆွနေတဲ့ အကြောင်းရင်းက   အမုန်းတရားတွေ သူတပါးကို မိမိနှင့်ထပ်တူ  စာနာခြင်းကင်းမဲ့မှုတွေ သည်းခံ ခွင့်လွှတ်မှု ကင်းမဲ့ခြင်း မျှမျှတတမရှိခြင်းတွေ။ ဒါဟာ  စစ်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းတွေဘဲ။ လူဟာ လူပဲမို့ အကောင်းနဲ့ အဆိုး ရောပြွမ်းနေတယ်။ ကောင်းတာကို ရွေးချယ်ပြီး အဆိုးတွေကို ထုတ်ဖယ်လိုက်ရင် လူတိုင်းလူတိုင်း စိတ်ကျန်းမာ ကိုယ်ချမ်းသာပြီး လန်းဆန်းသစ်လွင်လို့ ကမ္ဘာကြီး တခုလုံးအေးငြိမ်းသွားနိုင်ပါတယ်။

ငါစွဲကို ဖြုတ်ရမှာဖြစ်တယ်။
ငါ့မြေ ငါ့ရေ ဆိုပြီး ဆယ်စုနှစ်ပေါင်းများစွာ နယ်မြေလုနေတဲ့ အစ္စရေးလ် ပါလက်စတိုင်း၊
တောင်တရုပ်ပင်လယ်မှာ လောလောဆယ်  ရေနယ်နိမိတ်အငြင်းပွားနေတဲ့ တရုပ် ဂျပန်၊
နျူကလီးယားလက်နက်တွေနဲ့ ကမ္ဘာကို အသားလွတ်ခြိမ်းခြောက်နေတဲ့ အီရန်နဲ့  မြောက်ကိုးရီးယား၊
သူတကာ ပေါင်းစီးရေးဆွေးနွေးနေစဉ် တောင်မြောက်ကွဲသွားတဲ့ ဆူဒန်နိုင်ငံ၊
အမြဲတမ်း တစ်ခု မဟုတ် တစ်ခု အကြောင်းပြချက်နဲ့ ၀ုန်းဒိုင်းကြဲနေတဲ့ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊
နွေဦးတော်လှန်ရေးတွေကြား ခုထိ မပြီးပြတ်သေးတဲ့ ဆီးရီးယား၊ ပြီးသလိုလိုနဲ့ ဆူပူမှုတွေ အတောမသတ်နိုင်သေးတဲ့ အီဂျစ် စသည် စသည် တို့ဟာ  မိမိကိုယ်ကို သိပ်ရှေ့တန်းမထားဘဲ ပေကပ်မနေဘဲ  မျှမျှတတ စဉ်းစားကြဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ခလေးသူငယ်များနဲ့ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို စာနာထောက်ထားပြီး မိမိတို့သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုကြစဉ်က ကတိစကားတွေကိုပြန်လည်အောက်မေ့ဆင်ချင်ပြီး လက်နက်တွေကိုအမြန်ဆုံး ပြစ်ချသင့်တယ်။

လက်နက်ဆိုတာ ကာကွယ်ဖို့သာ ဖြစ်တယ်။ ထိုးစစ်ဆင်ဖို့ မဟုတ်ဘူး။ ပြည်ပကိုသာ ရည်ညွှန်းပြောဆိုနေသည် မဟုတ်ပါ။ ပြည်တွင်းက လက်နက်ကိုင်သူ အားလုံးကို ရည်ညွှန်းပြောဆိုခြင်းဖြစ်ပါတယ်။ စစ်ဆိုတာ သမ္မတကြီးပြောသလို မိမိတို့ကိုယ်ကိုလည်း ခုခံကာကွယ်ဖို့ လိုအပ်တာမို့ ပြစ်ခတ်ရတာလို့ အကြောင်းပြမနေဘဲ မိမိတို့ကစတင်ပြီး  လူကြီးပီပီ လက်နက်တွေကို စွန့်လွှတ်စေချင်တယ်။  ပြည်နယ်ငြိမ်းချမ်းသာယာရေးကို မျှော်ကိုးကာ ငြိမ်းချမ်းရေးစားပွဲ မှာသာအားလုံးစုံစုံညီညီ  ဆွေးနွေးကြဖို့သင့်ကြောင်း  လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကိုပါ မေတ္တာရပ်ခံချင်ပါတယ်။ 

၁၉၅၆ ၅၇ခုနှစ်က ကျွန်မဟာ ကချင်ပြည်နယ် ချီဗွေ မြို့က ဗိုလ်တဲကလေးမှာ မကြာခဏ တည်းခိုခဲ့ဖူးတယ်။ ဒီတုံးက ၀ိုင်းမော်၊ ၀ါးရှောင်၊ ချီဖွေ၊ လောခေါင်းဒေသဟာ လှပစွာ အလွန်အေးဆေးတည်ငြိမ်နေခဲ့တာပါ။ ကျွန်မတို့ဟာ ကာဘိုင်ပစ္စတို စသည်တောင် လွတ်လွတ်လပ်လပ်ကိုင်ခွင့်ရခဲ့တယ် (နောင်အခါ လက်နက်များကို အစိုးရထံ အပ်နှံခဲ့ရတယ်)။ သိပ်လှတဲ့ ဗိုလ်တဲကလေးပါ။ ပြာလဲ့လဲ့ မေခမြစ်ကလေးက သူ့အောက်မှာ ၀ပ်စင်းလဲလျောင်းလို့ အေးဆေးတည်ငြိမ်စွာ စီးဆင်းနေတယ်။ ပြာလဲ့လဲ့မြစ်ရေ နဲ့ ဗိုလ်တဲ ဖြူဖြူ ကလေးရဲ့အလှ ညိုညို့မှိုင်းနေတဲ့ တောရိပ်တောင်တန်းအလှ ဒီပန်းချီကားချပ်ကလေးဟာ ကျွန်မရင်ထဲမှာ မသိမ်းဆည်းပဲ တည်မြဲစွာ ရှိနေခဲ့တာ။ 
ကျွန်မမျက်စိထဲမှာ ဘယ်တော့မှ မေ့ဖျောက်မရနိုင်ဘူး။
ဒါပေမဲ့ ၁၉၆၂ ခုလောက်ထင်တာပဲ။ ကချင်လက်နက်ကိုင်အဖွဲ့အစည်းတခုကမီးရှို့ ဖျက်ဆီးခဲ့တယ်။ ကျွန်မ အလွန်ကြေကွဲ ၀မ်းနည်းခဲ့ရတယ်။ နှမြောမိတယ်။
ကျွန်မရင်ထဲမှာ ကိန်းအောင်းနေတဲ့ ပန်းချီကားချပ်ကလေးဟာ ဘာ့ကြောင့် မရေမရာနဲ့ ဗိုလ်တဲတနေရာစာ လစ်လပ်သွားခဲ့ရသလဲ။ ဘာ့ကြောင့် များ ကမ္ဘာလောကကြီးကို အကျည်းတန်အရုပ်ဆိုးစေသလဲ။ ဘာ့ကြောင့်များ အလှအပတွေကို ဖျက်ဆီးချင်ကြသလဲ။ ကျွန်မ နားမလည်ခဲ့ဘူး။
စစ်ပွဲဆိုတာ နိုင်သူမရှိပါဘူး။ နိုင်သူလဲ ရှုံးတာပါဘဲ။ ရှုံးသူလဲ ရှုံးတာပါဘဲ။ အရှုံးအနိုင်ဆိုတာ ပညတ်ချက်သက်သက်ပါ။အမှန်တော့ ထိုးစစ်ဆင်သူဘက်ကလဲ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်။ ခုခံသူဘက်ကလဲ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်။ ဒီတော့ အမှန်နဲ့ အမှန်ကြားက ပဋိပက္ခလို့ ဆိုရလိမ့်မယ်။
စစ်တိုက်ချင်သူ ဘယ်သူရှိမလဲ။သွေးဆာနေလို့ စစ်တိုက်ချင်တယ် ဆိုရင်တောင် သူတို့က ရာဇပလ္လင်ပေါ်မှာပါ။ ယဉ်ကျေးပါတယ်ဆိုတဲ့ ခေါင်းဆောင်ကြီးများ နက်တိုင်လည်မှာစီးပြီး ပလ္လင်အထက်က ညွှန်ကြားနေခြင်းဖြစ်တယ်။ တကယ်တမ်း တေ့တေ့ဆိုင်ဆိုင် တိုက်ကြစို့ ဆိုတော့ သေကြရသူများက စစ်မြေပြင်က စစ်သားကလေးများပေါ့။ စစ်မြေပြင်ကို အပို့ခံရတဲ့ စစ်သားကလေးတွေရဲ့ ပုံရိပ်ကို ဖေါ်ကျူးဖွဲ့နွဲ့ထားတဲ့ မိုးဟိန်း(ဂျာနယ်ကျော်)ရဲ့ ကဗျာလေးတပုဒ်တင်ပြရင်း စစ်ပွဲတွေကို ရပ်ပြစ်ကြပါ လို့ တောင်းဆိုချင်ပါတယ်။

You know me not 
တို့ကို မင်းမသိ
And I don’t know you
မင်းကိုလည်းငါမသိ
O’ better not to know
အို ကိစ္စမရှိ မသိတာ ပိုကောင်းတာပေါ့
But do what to do
လုပ်စရာရှိတာ လုပ်ကြရမှာ
For this for that
ဟိုအတွက် ဒီအတွက်နဲ့
We face each another
တို့တတွေ ရင်ဆိုင်ခဲ့ရပြီ
Who is right or wrong
ဘယ်သူမှန် ဘယ်သူမှား အသာထား
Is another matter
အဲဒါ တကိစ္စဘဲ
In the name if duty 
တာဝန်ဆိုတဲ့ ခေါင်းစဉ်အရ 
Our lives are at stake
တို့အသက်တွေ ထုတ်တိုင်မှာ အချည်ခံလိုက်ရပြီ
In the name of history
ရာဇ၀င်ဆိုတဲ့ ကမ္ဗည်းအောက်မှာ 
Pawns, we are made
အရွှေ့ခံ နယ်ရုပ်ကလေးတွေ ဖြစ်ခဲ့ပြီ
History is just paper 
ရာဇ၀င်ဆိုတာ စက္ကူပါ
Words of one will
တစ်ဦးရဲ့ အလိုဆန္ဒအရ 
But on the battle field
စစ်မြေပြင်မှာ 
Our blood shall spill 
မင်းနဲ့ ငါတို့ရဲ့ သွေးတွေ လျှံကျလာတော့မှာ
So pull your trigger 
ကိုင်းဟေ့..မင့်ခလုတ်ကို ဆွဲလိုက်တော့
And curtained will I
စိတ်ချ ငါလည်းပဲ ဆွဲမှာပေါ့
One or both of us
တစ်ယောက် သို့မဟုတ် နှစ်ယောက်စလုံး
In the end must die
အဆုံးမှာ သေဖို့ပဲ
If your wife a widow 
အကယ်၍ မင်းရဲ့ ဇနီးက မုဆိုးမ ဖြစ်ခဲ့ရင် 
And my son a fatherless
ငါ့သားကများ အဖမဲ့ဖြစ်သွားရင် 
Will be than inherit they 
သူတို့ခမြာ ငါတို့ရွေးချယ်ခဲ့တဲ့ကြမ္မာဆိုးကို
Our chosen tragedy.
အမွေအဖြစ် သိမ်းပိုက်ဆက်ခံကြရလိမ့်မယ်။

မိုးဟိန်း (သားဂျာနယ်ကျော်)

ခင်မေသစ်

Wednesday, September 24, 2014

ဘာတွေကို ဘယ်လို မကြာမကြာ

ကိုယ့်ပတ်ဝန်းကျင်က ဘာတွေကို ဘယ်လို မကြာမကြာ လျှော်ဖွတ်ဆေးကြောသင့်သလဲဆိုတာ သိထားချင်စရာပါ။ အိပ်ရာခင်း၊ စားပွဲခင်းလေးတွေရော ဘယ်လိုမကြာခဏလျှော်ဖွတ်သင့်သလဲ။ ကိုယ့်ရဲ့ လက်ကိုင်ပုဝါ၊ ကိုယ့်ရဲ့ ဆံပင်၊ ကိုယ့်ရဲ့ အိမ်လေးထဲက အသုံးအဆောင်တွေ၊ အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေရှိနေမယ်ဆိုရင် အဲဒီ ကျွတ်ကျွတ်ညံညံအကောင်ငယ်လေးတွေကိုရော ဘယ်လို မကြာမကြာသန့်ရှင်းပေးသင့်သလဲ ဒီအချက်လေးတွေမှာ ရှာဖွေသိရှိနိုင်ကြပါတယ်။ သိထားသင့်တဲ့အချက်အလက်လေးတွေပါ။

ဝေးဝေးလံလံ စွန့်စွန့်စားစား

သွားလာကြည့်ရှုရမည့် တူရကီနိုင်ငံမှ (၆) နေရာ

နိုင်ငံတကာက ခရီးသွားဧည့်သည်
 အစုအပြုံကြီးကတော့တူရကီနိုင်ငံက  မြို့ တော် အီစတန်ဘူလ် ကို  မဲပြီး သဲသဲ မဲမဲကို ရောက်ရှိလာကြပါပြီ။အစ္စတန်ဘူလ် ဆိုတာက တကယ့် ရှေးဟောင်းမင်းနေမြို့တော်ကြီးတစ်မြို့ မဟုတ်ပါလား။
သိပ်ကို ခမ်းနား သိုက်မြိုက် ခဲ့တဲ့မြို့ကြီးပါ။ ရိုးရာ ဓလေ့ ထုံးစံတွေ နှင့် မိမိတို့  ယဉ်ကျေးမှု နှင့် မိမိတို့  ဂုဏ်သိက္ခာ ရှိရှိ နေထိုင်ခဲ့ကြတာပါ။

အံ့ဖွယ် အပင်ဥမင် ကြီးများ

1. Wisteria Tunnel, Japan
ကမ္ဘာကြီးဟာ သိပ်ကိုမှ ဆန်းကြယ်ပါတယ်။ ရုက္ခဗေဒပညာဟာလည်း လူတို့  လေ့လာလိုက်စားလို့မကုန်နိုင်ပါဘူး။ သစ်ပင်တွေဟာလည်း ထူးဆန်းနေတယ်။ အိမ်မက်ဆန်နေတယ်။
ကြည့်ပါဦး။ ဟောဒီမှာ။ ဥမင် လှိုဏ်ခေါင်းတွေလိုလို လျို ကြီးတွေလိုလို  နွားလှည်း ပေါင်းမိုးဂုံးကြီးတွေ လိုလို လှလည်းလှ အံ့သြဖို့ လည်းကောင်းတဲ့ ဥမင် သစ်ပင် ကြီးတွေ မင်းမူ ရှင် သန် ပေါက်ရောက်ရာ မှာ သင် လမ်းမလျှောက်ချင်ဘူးလား။ စာဖတ်သူများ စိတ်ဝင်စားမလားလို့  Florist က  ဖော်ပြပေးလိုက်ချင်တယ်။

Sunday, September 21, 2014

ငြိမ်းချမ်းရေးရဲ့ သင်္ကေတ

International Peace Day အတွက် ပိုစ့်အဟောင်းပြန်တင်လိုက်ပါတယ်။
လက်ရှိ ငြိမ်းချမ်းရေး သင်္ကေတ
အပြည်ပြည်ဆိုင်ရာ စစ်ပွဲကာကွယ်ဆန့်ကျင်သူများအဖွဲ့အစည်း War Resisters’ International (WRI)ကနေပြီး ရိုင်ဖယ်သေနတ်ကို လက်နှစ်ဘက် နဲ့ ကိုင်ချိုးနေတဲ့ပုံ အမှတ်အသားအဖြစ် ၁၉၂၁ မှာ စတင်အသုံးပြုခဲ့ပါတယ်။

Friday, September 19, 2014

မိန်းမနှင့် စာနာမှု

စုမီအောင်

(မိန်းမ - ၁၁)

            မေဇွန်သည် အိမ်ဖော်မလေး လာချပေးသော နွားနို့တစ်ဖန်ခွက်ကို မသောက် သေးဘဲ ဘေးမှာချထားကာ ဖတ်လက်စ စာအုပ်ကိုသာ သဲကြီးမဲကြီးဆက်ဖတ်နေလိုက်သည်။ စာထဲ စိတ်ဝင်စားနေသည်မှာ မည်မျှကြာသွားလေသည်မသိ။ သတိရ၍ နွားနို့
သောက်မည်ပြုလျှင် နွားနို့ဖန်ခွက်ကို အုံခဲနေသည့်ပရွက်ဆိတ်များကို မြင်သည်။ အုံခဲရုံသာ မက နွားနို့ရည်ထဲတွင် ယက်ကန် ယက်ကန်ဖြစ်နေကြသော ပုရွက်ဆိတ်ကောင်များကို ကြည့်ကာ မေဇွန်စိတ်တိုလာတော့သည်။
            ကြည့်စမ်းပါဦး။ ဒီပုရွက်ဆိတ်တွေဟာ နေရာတကာ သူတို့ချည်းပဲ အလုအယက်နဲ့ မုန်းဖို့ကောင်းတယ်...နှုတ်က ပွစိပွစိ ရေရွတ်ရင်း အိမ်ဖော်မလေးကို မေဇွန်အော်ခေါ်လိုက်သည်။
            ''မူးနော်ရေ..မူးနော်..မြန်မြန်လာစမ်းပါ'''
            အိမ်ဖောမလေး မူးနော်ရောက်လာသည်နှင့် မေဇွန်က နှုတ်ခမ်းကိုစူပုတ်ထားပြီး ပြောသည်။
            ''တို့မသောက်ရသေးဘူး..အသစ်ထပ်ယူလာခဲ့ပေး၊ အဲဒါကိုသွန်ပစ်လိုက် ပေတော့''

မိန်းမနှင့် အနုပညာ

စုမီအောင်

(မိန်းမ - ၁၀ )

 ကျွန်မ မှတ်မိပါသေးတယ်။ ကျွန်မရဲ့သေးငယ်တဲ့ လက်ချောင်း တိုတိုလေး တွေကို အမေကရိုက်လို့ နာကျင်မှုဝေဒနာနဲ့အတူ မျက်ရည်တွေ ယိုစီးကျခဲ့ရတဲ့ နေ့တစ်နေ့ကိုပေါ့။ ပီယာနိုဆရာမပေးခဲ့တဲ့ lesson ကိုမကျင့်လို့တဲ့လေ။ ကျွန်မရဲ့ လက်ချောင်းလက်ဆစ်တွေအကုန်လုံး တစ်ခုမကျန်အောင် မေမေကတုတ်နဲ့ တဆတ်ဆတ် ရိုက်ခဲ့တာ။ ရိုက်နေရင်းနဲ့ ပါးစပ်ကလည်းတတွတ်တွတ်ပြောပါသေးတယ်။

မိန်းမနှင့် ကျိန်စာ

စုမီအောင်
(မိန်းမ - ၉)

        ဝတ္ထုထဲက စာသားပဲလား၊ ကဗျာတစ်ပုဒ်ပဲလားမသိ၊ ဇိုယာ ငယ်စဉ်ကတည်း က ဖတ်ခဲ့ဖူးသည်။ မိုးကောင်ကင်ကြီးပြာသလို ယောက်ျားတွေလည်း ညာနေသည်... တဲ့။ ကမ္ဘာတည်သရွေ့ မိုးကောင်ကြီးပြာနေမှာဖြစ်သလို အမြဲတစေ ညာနေမှာဖြစ် သည့် ယောက်ျားတွေ၏ စိတ်သဘောချင်းတူနေကြောင်း ခိုင်းနှိုင်းဖွဲ့ဆိုခဲ့သည်။

Wednesday, September 17, 2014

လက်ထပ်ခြင်း (သို့မဟုတ်) အတူတကွ နေထိုင်ခြင်း အလှတရား

စုမီအောင်
(Beauty Magazine, အောက်တိုဘာ၊ ၂၀၁၄)

 “လက်ထပ်ခြင်း”ဆိုတာ လူယောက်ျားတစ်ယောက်နဲ့ လူမိန်းမတစ်ယောက် အိမ်တစ်လုံးထဲမှာ တစ်ယောက်က တစ် ယောက်ကို ချစ်ခင်ရင်းနှီးစုံမက်စွာ အတူတကွပေါင်းစည်းနေထိုင်ခြင်းပါ။ အတူတကွနေထိုင်ခြင်းဟာ ဘ၀မှာ အလှတရား တစ်ခုဖြစ် သလို ဒီအလှတရားကို ရှင်တို့ မခံစားဖူးသေးရင် ဘ၀မှာ တစ်ခါတော့ ခံစားကြည့်ဖို့လိုပါလိမ့်မယ်။ ကျွန်မ ခံစားစေချင်တဲ့ အလှတရားက လက်ထပ်ခြင်းနဲ့ဒွန်တွဲနေတဲ့ အတူတကွနေထိုင်ခြင်းပါ။

Tuesday, September 16, 2014

မိန်းမနှင့် အချစ်

စုမီအောင်
(မိန်းမ - ၈)


         ကျွန်မအနားမှာ 'မောင်' မရှိအောင်လုပ်ခဲ့သူမှာ ကျွန်မဖြစ်သည်။ တကယ်တမ်း အနားမှာ မောင်မရှိသောအခါ 'မောင်ရှိခဲ့မယ်ဆိုရင်' ဟု တွေး၍တွေး၍နေမိသူမှာ ကျွန်မပဲဖြစ်ပါသည်။
xxxxx

မိန်းမနှင့် ရက်ရောမှု

စုမီအောင်
(မိန်းမ - ၇)

 ကျွန်မတွင် ရက်ရောမှုမရှိပါ။ ရက်ရောမှုဆိုသည်ကို ကျွန်မအနေနှင့် ဘယ်သောအခါမျှ လုပ်နိုင်မည် မဟုတ်ဟု နှစ်ပေါင်းများစွာ အထင်ရှိခဲ့သည်။ သို့သော် ယခုအချိန်မှာ ကျွန်မသည် ထိုရက်ရောမှုအလုပ်ကို ဝမ်းမြောက်ဝမ်းသာလက်ခံလျက် စိတ်ရောကိုယ်ပါ လုပ်ဆောင်နိုင်နေပြီဖြစ်ကြောင်း အံသြဖွယ် တွေ့ရှိရလေပြီ။
           မာကျော ခက်ထန်သည့်  ကျွန်မ၏ နှလုံးသားအတွင်းသို့ ရက်ရောမှုဆိုသည့် အရာကို ထာဝရ ရှင်သန် ကိန်းဝပ်စေရန် ရင်းနှီးမြှုပ်နှံပေးခဲ့သူမှာ မြေနီကုန်း ကားဂိတ်အနီးတစ်ဝိုက်တွင် အမြဲလိုလို တွေ့မြင်နေရတတ်သည့် ယောဂီဝတ်နှင့် အဘွားအိုတစ်ဦးပင်ဖြစ်သည်။

xxxxx

မိန်းမနှင့် အချိန်

စုမီအောင်
(မိန်းမ - ၆)




      မိုးချုပ်ညဥ့်နက်တိုင်းပြန်ရောက်လာမည့် ခြေသံတစ်စုံကို နားစွင့်မိခြင်း ၏ နောက်ကွယ်တွင် နွေးထွေးစွာကြိုဆိုလိုခြင်း တစ်စုံတစ်ရာ မရှိကြောင်းသေချာပါသည်။
လူယောက်ျားတစ်ယောက်နှင့် လူမိန်းမတစ်ယောက် အကြား နံရံတစ်ချပ် ခြားလျက် ရှိသည်။ နံရံတစ်ဖက်မှနေ၍ တိတ်ဆိတ် စွာ မသိကျိုးကျွံပြုရင်း ထိုခြေသံများ ရပ်တန့်သွားချိန်ကို စောင့်ဆိုင်းနားစွင့်ပြီးသည်နှင့် တစ်ပြိုင်နက် ဝရန်တာဆီသို့ထွက်ကာ ထိုမိန်းမ က လွတ်လပ်စွာ တစ်ကိုယ်ရေ ပျံသန်းတော့မည် ဖြစ်ပါသည်။
xxxxx

ဟိုသတင်း ဒီသတင်း

ခရီးသွားရင်း ခရီးဆောင်အိတ်ပျောက်မှာ စိတ်ပူစရာမလို

လေကြောင်းလိုင်းတွေမှာ ခရီးဆောင်အိတ်ပျောက်ဆုံးခဲ့ရင်၊ လွဲမှားခဲ့ရင် ကိုယ့်လက်ထဲကို ပြန်ရနိုင်မယ့်အချိန်ဟာ နာရီပေါင်းများစွာ၊ ရက်တွေများစွာတောင်ကြာမြင့်သွားနိုင်ပါတယ်။ ခရီးဆောင်အိတ်ကိုယ်တိုင် ကိုယ့်ဆီကို အချက်ပေးခဲ့ရင် ပိုပြီးလွယ်ကူမလာနိုင်ဘူးလား။ အဲဒါဟာ smart luggage တီထွင်ဖြစ်ခဲ့တဲ့ စိတ်ကူးပါပဲ။ ခရီးဆောင်အိတ်မှာ GPS ပါဝင်တဲ့ chip လေးတွေတပ်ဆင်ထားပြီး ရောက်ရှိနေတဲ့နေရာကို ခြေရာခံအချက်ပြနိုင်အောင် စီစဉ်ထားတာပါ။ ပျောက်ဆုံးသွားတာနဲ့ လေကြောင်းလိုင်းဆီ ခရီးဆောင်အိတ်ရဲ့ တည်နေရာ တိုက်ရိုက် သတင်းပို့နိုင်ပါလိမ့်မယ်။

Saturday, September 13, 2014

မိန်းမနှင့် ဇရာ

စုမီအောင်

(မိန်းမ - ၅)

    သူမ၏ ဦးနှောက်အတွင်းသို့ ထူးဆန်းသောအတွေးတစ်ခု ချဉ်းနင်းဝင်ရောက် ခဲ့သည်မှာ မကြာလှ သေးပါ။ စိတ်နှလုံးကို အထူးပင်လှုပ်ရှားနိုင်စွမ်းရှိသောအတွေးတစ်ခု လည်း ဖြစ်နေပြန်သည်။
          ဤကမ္ဘာကြီးသည် ယခင်ကနှင့် တစ်စက်ကလေးမှမတူတော့ဘဲ များစွာ ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း သတိပြုမိလိုက်ကတည်းက သူမ၏စိတ်တို့သည် ငြိမ် သက်ခြင်း အလျဉ်းမရှိတော့ပါ။ မျာစွာသော အပြောင်းအလဲများကြား၌ သူမနှင့်သာ တစ်ကိုယ်ရေ သက်ဆိုင်နေသည့် အပြောင်းအလဲတစ်ခုက သူမ၏စိတ်နှလုံးကို အလှုပ်ရှား စေခဲ့ဆုံးပင်ဖြစ်ပါသည်။
          ရင့်ကျက်သောနှလုံး၊ ဆင်ခြင်နိုင်စွမ်းအလုံးစုံဖြင့် ဝန်းရံပတ်စီးလျက် တွေးမည် ဆိုလျှင်တော့ ထိုအပြောင်းအလဲတို့သည် ရယ်မောဖွယ်ရာသာဖြစ်ပေလိမ့်မည်။ သို့သော် သူမ ထိုသို့ မရယ်မောနိုင်တော့ပါ။ အပြောင်းအလဲတို့အပေါ် ယုံကြည်သက်ဝင်မှုလည်း မရှိနိုင်ပါ။ ထိုအပြောင်းအလဲတစ်ခုကတော့ သူမအား ကောင်းစွာခြောက်လှန့်လျက် ထိတ်လန့် တုန်လှုပ်မှုကိုလည်း ရက်စက်စွာ ပေးနေပြန်သည်။ ထိုအပြောင်း အလဲတစ်ခု အကြောင်းကို စေ့စေ့ငှငှတွေးမိရတိုင်း သူမ၏နှလုံးအိမ်တစ်ခုလုံး ဇောက်တိဇောက်ထိုးနှင့် ကြောက်ခမန်းလိလိလှုပ်ရှားနေတော့၏။

မိန်းမနှင့် ဘဝ

စုမီအောင်

(မိန်းမ -၄)

            ကျွန်မတို့မိသားစု တောင်ဥက္ကလာပကိုပြောင်းရွှေ့လာတာ မကြာသေးပါဘူး။ပတ်ဝန်းကျင်ဟာ ကျွန်မတို့အတွက် အနည်းငယ်သူစိမ်းဆန်နေတုန်းပေါ့။ မှောင်ရီဖျိုးဖျ ညနေခင်းတစ်ခုမှာ သမီးကခေါက်ဆွဲကြော်စားချင်တယ်ပြောတာကြောင့် ဝန်းကျင်အသစ်ကို တိုးဝင်တဲ့အနေနဲ့ သမီးနဲ့အတူ လမ်းလျှောက်ထွက်ပြီး စားသောက်ဆိုင်တစ်ဆိုင်ကို အနီးတဝိုက်မှာ အပူတပြင်းရှာဖွေရပါတယ်။
            အဲဒီလိုနဲ့ အိမ်နဲ့မနီးမဝေးမှာ စားသောက်ဆိုင်တစ်ဆိုင်ကို ကျွန်မတို့တွေ့တယ်။ ဆိုင်ထဲဝင်ပြီးနောက် ကျွန်မက ခေါက်ဆွဲကြော် ပါဆယ်မှာပါတယ်။ အဲဒီ အချိန်မှာ သမီးကပြောတယ်။
          'မီး ဗိုက်ဆာပြီ၊ ဒီမှာပဲ စားမယ်နော် မေမေ'
            ဒါနဲ့ပဲ လူရှင်းရာ စားပွဲတစ်နေရာကို ရွေးချယ်ထိုင်လိုက်ကြပါတယ်။ ကျွန်မတို့ ထိုင်နေတဲ့နေရာဟာ ထိုင်ခါစတုန်းကတော့ လူရှင်းတယ်ဆိုပေမဲ့ ခေါက်ဆွဲကြော်စောင့်နေစဉ် အချိန်အခိုက်အတံ့လေးမှာပဲ နောက်ထပ်လူတွေ တဖွဲဖွဲရောက်ရှိလာတာကြောင့် ဆိုင်ဟာ မျက်စိရှေ့မှာပဲ နေရာလပ်မရှိတော့အောင် လူတွေ ပြည့်ကျပ်သွားခဲ့ပါတယ်။ သည်ဆိုင်မှာ စင်တင်တေးဂီတဖျော်ဖြေမှုအစီအစဉ်ရှိတာကြောင့် ဒီလောက်လူတွေ များပြားတာဖြစ်မယ်လို့ ကျွန်မစိတ်ထဲ တိတ်တိတ်တွေးနေမိတယ်။ အဲဒီမှာ မမျှော်လင့်ဘဲနဲ့ ကျွန်မရဲ့ တစ်ချိန် တုန်းက သူငယ်ချင်း'ချို'နဲ့ ပြန်ဆုံတွေ့ခဲ့ရတာပါပဲ။
            ဟုတ်ပါတယ်။
            ချိုက အဲဒီဆိုင်မှာ သီချင်းဆိုတဲ့ သီချင်းသည်မလေးပါ။ ကျွန်မဟာ ခေတ်နောက်ကျလွန်းသူတစ်ယောက် မဟုတ်ပေမဲ့လည်း စင်မြင့်ပေါ်မှာ လည်ဟိုက် အင်္ကျီချိုင်းပြတ်နဲ့ သားရေစကပ် တိုကျပ်ကျပ်လေးဝတ်ပြီး သီချင်းဆိုနေတဲ့ ချို့ပုံစံကို ရဲရဲမကြည့်ဝံ့တာ အမှန်ပါပဲ။ ချိုကတော့ တကယ့်ကို ပေါ့ပါးလွတ်လပ်တဲ့အသွင်နဲ့ အရင်အတိုင်းပါပဲ။ ချို့အသံက သိပ်အကောင်းစားကြီးမဟုတ်ပေမဲ့ စွဲဆောင်မှုအားကောင်း လှတဲ့ အပြင်အဆင်တွေရယ်၊ စည်းချက်ညီညီလှုပ်ရှားတတ်တဲ့ ကိုယ်ဟန်အနေ အထားတွေရယ်၊ ပြုံးချိုချိုမျက်နှာပေးတွေရယ်ကြောင့် နားထောင်သမျှလူတိုင်းကို အကြိုက်ပိုကဲစေပါတယ်။
            အဲဒီမှာ သီချင်းတစ်ပုဒ်မဆုံးခင်မှာပဲ လူတစ်ယောက်က ပန်းကုံးခပ်ရှည်ရှည် ကြီးဆွဲကိုင်ပြီး ချိုသီချင်းဆိုရာ စင်မြင့်လေးဆီ လျှောက်သွားတာကို ကျွန်မမြင်တယ်။တကယ်တော့ သူကိုင်လာတာ အကွင်းလိုက်ပန်းကုံးမဟုတ်ပါဘူး။  ပန်းကုံးအပြတ်ကြီး ဖြစ်ပါတယ်။ အဲဒီအချိန်မှာ လူတွေရဲ့လက်ခုပ်သံတွေကတော့ တဖျောင်းဖျောင်းနဲ့ပေါ့။ အဲဒီလူက သူကိုင်လာတဲ့အပြတ်လိုက်ပန်းကုံးကြီးရဲ့ အစတစ်ဖက်ကို ချို့ခေါင်းပေါ်ကနေ တပတ်ပတ်၊ ကျန်အစတစ်ဖက်ကို ခါးကိုပါစိမ်ပြေနပြေပတ်ချည်ပေးနေတာ တွေ့ရလို့ ကျွန်မ တအံ့တသြဖြစ်မိသွားတယ်။ ဒါမျိုးကို ကျွန်မတစ်ခါမှ မတွေ့ဖူးသေးပါဘူး။
ကျွန်မနည်းတူ တအံ့တသြဖြစ်နေပုံရတဲ့ သမီးက ကျွန်မကို မေးခွန်းထုတ်လိုက်ပါတယ်။
            ''သီချင်းဆိုတဲ့အန်တီလေးကို ဟိုလူကြီးက ဘာလို့ပြောင်လက်လက်ကြိုးကြီး တွေနဲ့ သွားပတ်တာလဲ မေမေ''
            ရုတ်တရက်မို့ ဘယ်လိုပြောရမှန်း ကျွန်မ မသိပါဘူး။ ဒါပေမဲ့ သမီးနားလည် မယ့်အဖြေမျိုးကို ကျွန်မ ချက်ချင်းပဲ စဉ်းစားပေးနိုင်ခဲ့ပါတယ်။
            ''သမီး စာတော်လို့ ဆုချသလိုမျိုးပေါ့၊ သူလည်း သီချင်းဆိုတာတော်လို့ နားထောင်တဲ့ပရိသတ်လူကြီးမင်းက ဆုချတာပေါ့ကွယ်''
            သမီးက တစ်ဆင့်တက်ပြီးပြောပြန်တယ်။
            ''ဒါဆို သမီးရဲ့ဆုတံဆိပ်တွေလိုပဲ၊ အဲဒါတွေကို သူ့အိမ်နံရံမှာ ချိတ်ထားမှာပေါ့ နော်''
            ''ဒါပေါ့..ဒါပေါ့''လို့ ကျွန်မ ပြောလိုက်တယ်။
            အဲဒီဆုတွေဟာ သမီးရဲ့ဆုတွေလို ဆုသက်သက်မဟုတ်ဘဲ ဟန်ပြသက်သက် အရာတွေဖြစ်ပြီး အဲဒါတွေရဲ့နောက်ကွယ်မှာ ငွေကြေးတန်ဖိုးတစ်ခု သီးသန့်ရှိကြတယ် ဆိုတာရယ်၊ သည်အရာတွေထက် နောက်ကွယ်မှာရှိတဲ့ ငွေကြေးကိုသာ လူတွေက မက်မောစွာ လဲလှယ်ယူကြတယ်ဆိုတာရယ်၊ ဒီအကြောင်းတွေကိုတော့ သမီးကို မသိ စေချင်သေးပါဘူး။ သမီးဟာ သိပ်ကို ငယ်လွန်းပါသေးတယ်။ မလိုအပ်တာတွေ သမီးမသိစေရအောင် ကျွန်မက ရှေ့ကနေ ကွယ်ကာ တားမြစ်ခဲ့တာကြောင့် သမီးဟာ အခြားသူ့အရွယ်(လူကြီးလောက်နီးနီး အသိပိုကဲနေတဲ့)ကလေးတွေနဲ့စာရင် ပိုပြီးတော့ ငယ်နေပါတယ်။
            အခုခေတ်က ကျွန်မတို့တုန်းကနဲ့ နည်းနည်းကလေးမှ မတူတော့ဘူး။်မနနျအပူနယ်မနန အ့သကါ့အ  တွေ ခေတ်စားနေတဲ့ကာလကြီး မဟုတ်လား။ ဒါကြောင့် သမီးကို သူ့အရွယ်နဲ့သူ သိသင့်သိထိုက်တဲ့အရာတွေမှတစ်ပါး အခြားသောအရာတွေ ကျွန်မ ဘာတစ်ခုမှ ပေးမသိခဲ့ပါဘူး။
            သီချင်းနှစ်ပုဒ်ဆိုအပြီးမှာ ချိုက ကျွန်မတို့အနားကို လှလှပပ၊ြ
            ''မင်း အိမ်ထောင်ကျပြီပေါ့၊ ဒါ မင်းရဲ့သမီးလား''
            ကျွန်မ ခေါင်းညိတ်ပြလိုက်တယ်။
            ''မင်း အရင်တုန်းကလို သီချင်းမဆိုတော့ဘူးလား''
            ကျွန်မကို ပြုံးပြုံးလေးကြည့်ရင်း ဆက်မေးပြန်တယ်။
            ခေါက်ဆွဲမျှင်တန်းလန်းနဲ့ အခက်တွေ့နေရှာတဲ့သမီးကို ကူညီပေးရင်း ချို့အမေးကို သုတ်သုတ်ပျာပျာဖြေလိုက်ရတယ်။
            ''အာ မဆိုဖြစ်တော့ပါဘူး ချိုရာ''
            ချိုက ကျွန်မကို သနားသလို စိတ်ပျက်သလို မျက်လုံးတွေနဲ့ကြည့်လာပါတယ်။ ဒါပေမဲ့ သူ့အကြည့်တွေက ကျွန်မဆီမှာ လုံးလုံး လျားလျားရှိမနေဘူး။ ကျွန်မမျက်နှာကို ကျော်ပြီး ကုန်လွန်သွားတဲ့ အတိတ်ကာလတွေကို ကျွန်မကိုယ်စား နှမြောတမ်းတတဲ့ ပုံစံမျိုးနဲ့ ကြည့်နေတာပါ။
            ကျွန်မက သူ့ကို ပြန်မေးလိုက်တယ်။
            ''ချိုရော...ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား''
            ''ဟာ...သိပ်အဆင်ပြေတာပေါ့၊ အခုဆိုင်က အရင့်အရင်ဆိုင်တွေထက် ဒါတွေ ဒါတွေ ပိုလာတယ်ဆရာ''
            ချိုက ပန်းကုံးအစွပ်ခံရတဲ့ပုံစံ ဟန်တွေဘာတွေလုပ်ပြရင်း ပြောပါတယ်။    ခက်ရင်းတစ်ချောင်းနဲ့ ခေါက်ဆွဲဖတ်တွေကို ထိုးလိမ်ကော်စားရင်း အလုပ်ရှုပ်နေတဲ့ သမီးကို ကျွန်မ ခဏမေ့သွားမိတယ်။
            ကျွန်မတို့တစ်တွေ ဟိုးအရင် ကညစူကါါနိ့ျသတ ရှိတဲ့ဆိုင်လေးတစ်ဆိုင်မှာ သီချင်းဆိုဖြစ်တဲ့အကြောင်းတွေ ပြန်ပြောင်းပြောမိကြလေရဲ့။ ဘယ်သူကတော့ ဘယ်ဆိုင်မှာ ဆက်ဆိုနေတယ်။ ဘယ်သူကဖြင့် ဘယ်ဟိုတယ်မှာ ပြောင်းဆိုတယ်၊ ဘယ်သူကတော့ ဘာမှ သတင်းမကြားမိတော့ဘူး စသည်ဖြင့် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြော မိကြတဲ့အခါ ကျွန်မသိရသလောက် ကျွန်မ တစ်ယောက်သာ ခပ်စောစော အိမ်ထောင်ကျပြီးဖြစ်နေတာ တွေ့ရပါတယ်။
            ''အမိုက်မလေးရဲ့၊ ဘာဖြစ်လို့များ စောစောစီးစီး အိမ်ထောင်ပြုလိုက်ရတာလဲ''
            သဘောမတွေ့လေဟန်နဲ့ မေးလာတဲ့ ချို့အမေးကို ရုတ်တရက် ဘာပြန်ဖြေလိုက်ရမှန်းမသိဘဲ ဖြစ်သွားမိတယ်။ ပြီးတော့မှ စိတ်ထဲရှိတဲ့အတိုင်း အရိုးခံအတိုင်းပဲ ဖြေလိုက်မိတယ်။
            ''ချစ်တဲ့သူနဲ့တွေ့လို့ပေါ့''
            ကျွန်မအဖြေကိုကြားတော့ ချိုက ကမ္ဘာ့ရယ်စရာအကောင်းဆုံးပြက်လုံး တစ်ခုကို ကြားလိုက်ရသလို ရယ်လိုက်တာမှ ခွက်ထိုးခွက်လန်ပါပဲ။ ပြီးတော့ တကျွတ်ကျွတ်နဲ့ စုတ်သပ်ဟန်ပြုရင်း ပြောပါတယ်။
            ''ဖြစ်ရလေ ချစ်တဲ့သူ ဟုတ်လား၊ ဒါကတော့ ကိုယ်လည်းတွေ့တာပဲ၊ မင်းလိုဖြင့် မယူပေါင်၊ ချစ်သူဆိုတာ ချစ်ရရုံသာကောင်းတာကွ၊ ယူလိုက်ကြည့် မကောင်း တော့ဘူး၊ အခုပဲ မင်းကြည့်...ဒီကလေးတစ်ယောက်နဲ့ ဒုက္ခရောက်နေပြီ မဟုတ်လား''                        ကျွန်မအနားကို  တိုးတိုးလေး ကပ်ပြီးပြောလိုက်တာပါ။
            အမှန်အတိုင်းပြောရရင် ချို့စကားကြားမှပဲ အဲဒီဒုက္ခဆိုတဲ့အရာကို ကျွန်မ အရေးလုပ် စဉ်းစားမိပါတော့တယ်။ ချို့အမြင် ဒုက္ခဆိုပေမဲ့ ကျွန်မက ဒုက္ခလို့မသတ် မှတ်တဲ့အရာတွေပေါ့။ သမီးဖျားနာမှာ စိုးရိမ်ရ၊ အလုပ်သွားနေတဲ့ခင်ပွန်းသည် အိမ်ပြန်နောက်ကျရင် စိုးရိမ်ရ၊ ခင်ပွန်းသည် ရတဲ့လစာငွေနဲ့ အသုံးစရိတ်တွေ မလောက်င မှာ စိုးရိမ်ရနဲ့ သောက ဗျာပါဒတွေ ချာလည်ဝိုင်းနေတဲ့ဘဝပဲလို့ ချိုက အထင်ရှိဟန်တူရဲ့။ ကျွန်မမှာ သောကတွေဝိုင်းနေတာ မှန်ပါတယ်။ ဒါပေမဲ့ ချို့အနားမှာ ဝိုင်းနေတဲ့ သောက တွေနဲ့တော့ မတူပေဘူးပေါ့။ သောကအမောတွေမဟုတ်ဘဲ သောကအပျော်တွေသာဖြစ် တယ်ဆိုတာကို ချိုကတော့ စဉ်းစားမိမှာမဟုတ်ပါဘူး။
            နောက်ထပ် ချိုဘယ်တော့မှ စဉ်းစားမိမှာမဟုတ်တဲ့ အချက်တစ်ချက်လည်း ကျန်ပါသေးတယ်။ အိမ်ထောင်ရှိတဲ့ မိန်းမတစ်ယောက်ရဲ့တင့်တယ်မှုနဲ့ လုံခြုံမှု အကြောင်းပေါ့။ ယောက်ျားတွေသာအများဆုံးရှိနိုင်တဲ့ သည်ဆိုင်မျိုးထဲကို ဒီလိုအချိန်မှာ မိန်းမတစ်ယောက်တည်း ဝင်လာတာနဲ့စာရင် သမီးငယ်လေးတစ်ယောက်ကို လက်ဆွဲပြီး ဝင်လာတဲ့ မိန်းမက ပိုပြီးတော့ အမြင်တင့်တယ်တယ်ဆိုရမှာပါ။ ယောက်ျားတွေကတော့ သည်ယောက်ျားတွေပါပဲလေ။ ဒါပေမဲ့  ပုံစံအနေအထားချင်း ကွာခြား သွားတာနဲ့ ဆိုင်ထဲဝင်လာတဲ့ မိန်းမတစ်ယောက်အပေါ် အကြည့်သက်ရောက်ပုံချင်းကတော့ ဘယ်နည်းနဲ့မှ မတူနိုင်ပေဘူးပေါ့။
            တကယ်ဆိုတော့ သမီးလေးက ဘာမှအရာမဝင်သေးတဲ့ တကယ့်သေးသေး ငယ်ငယ်လူသားလေးပါ။ ဒါပေမဲ့ ဟောသည့်ပိစိကွေးသမီးလေးက လူယောက်ျားတကာ ရဲ့ မျက်လုံးရိုင်းရိုင်းတွေကို ယဉ်ပါးသွားအောင် သူ့မိခင်ကို တစ်ဖက်တစ်လမ်းကနေ အကွာအကွယ်ပေးနိုင်တယ်ဆိုတာမျိုးက အံ့သြဖွယ်စွမ်းပကားတစ်ခုပါပဲ။ ဘယ်လိုနေရာ မျိုးမှာပဲဖြစ်ဖြစ် နံဘေးမှာ သမီးလေးတစ်ယောက်ပါလာခဲ့ခြင်းအားဖြင့် မိခင်ရဲ့ခြေလှမ်းတွေ ဟာ ရှိုးတိုးရှန့်တန့်မဖြစ်တော့ဘဲ လုံခြုံစိတ်ချမှုအပြည့်နဲ့ ရဲဝံ့တက်ြ
            ချိုမြင်သလို ကလေးတစ်ယောက်ဟာ ကျွန်မအတွက် တစ်ခါတစ်ခါ ဒုက္ခရောက်ရာတာမှန်ပေမဲ့ မိခင်ကို အဲဒီလိုလုံခြုံမှုမျိုးသာမက သက်ရှိသက်မဲ့ ဘယ်လို အရာဆီကမှမရနိုင်တဲ့ တစိမ့်စိမ့် ဖြစ်ပေါ်ခံစားရတဲ့ ကြည်နူးစရာ ပီတိ အဟုန်မျိုးကိုပါ ပေးနိုင်စွမ်းရှိတယ်ဆိုတာ ချိုနားလည်အောင်ဘယ်လိုပြောရပါ့။ ဒါကမှ မိန်းမတစ်ယောက် ရဲ့  တကယ့်အစစ်အမှန်ဘဝဖြစ်တယ်ဆိုတာ တစ်ကိုယ်ရေသမားဖြစ်တဲ့ ချိုက နားလည်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် သူ့ကို ကျွန်မ ဘာမှတုံ့ပြန်ပြောဆိုမနေတော့ပါဘူးလေ။ မိန်းမတစ်ယောက်အတွက် ဘဝရဲ့အဆုံးတိုင် ပြီးပြည့်စုံမှုကိုပေးနိုင်တာ အဲဒါဟာ 'ကလေး' ဆိုတာပဲဖြစ်တယ်ဆိုတာကို ချိုမသိသေးပါဘူးကွယ် လို့ပဲ ကျွန်မရင်ထဲ တိတ်တခိုးလေး တွေးနေလိုက်တယ်။
            ချိုက သမီးရဲ့ပါးလေးကို အသာဆွဲပြီး '' သမီးမေမေကို မပြန်နဲ့ဦးလို့ပြောနော် အန်တီ သီချင်းသွားဆိုလိုက်ဦးမယ်''လို့ပြောတော့ သမီးက''အစားတွေပလုပ်ပလောင်းနဲ့ ''ဟုတ်ကဲ့ အန်တီ ဆုရအောင်ဆိုနော်''လို့ ပြန်ပြောတယ်။ သမီးပြောတာကို ချို က မကြားလိုက်တော့ဘူး။ စင်မြင့်ပေါ်ကို လှစ်ခနဲရောက်သွားတယ်။
            သည်တစ်ခေါက် ချိုသီချင်းဆိုပုံက စောစောကထက် ပိုပြီးတော့ အသက်ပါလာ သလိုပဲ။ အပြုံးတွေက ပိုပြီးတော့ တောက်ပရွှန်းလက်နေပြန်တယ်။ ချို ဝတ်ထားတဲ့ အဝတ်အစားဒီဇိုင်းကို သိပ်သဘောမကျမိတာကလွဲရင် ကျွန်မ မျက်စိထဲမှာတော့ ချိုသီချင်းဆိုပုံဟာ အတော်လေးကိုကြည့်လို့ကောင်းနေပါတယ်။ စောစောကလိုပဲ သီချင်းနှစ်ပုဒ်ဆိုပြီးတဲ့အခါ ချိုက ကျွန်မတို့အနားမှာလာထိုင်တယ်။
            ''မင်း အခု ဘာတွေလုပ်နေလဲ''လို့ ချိုက ကျွန်မကိုမေးတယ်။ သူ့ရင်ထဲမှာ ဒီမေးခွန်းရဲ့အဖြေကို အင်မတန်သိချင်နေပုံရတယ်။ ကျွန်မက..
          ''ဥယျာဉ်မှူးလုပ်နေတယ်လေ''ဆိုတော့ စကားတစ်ခွန်းကို ဘယ်တော့မှ ရှည်ရှည်ဝေးဝေးမတွေးလေတဲ့ ချိုက ...
            ''ဟုတ်လား ဘာအပင်တွေစိုက်လဲ''တဲ့။ မရယ်မိအောင် ကျွန်မ မနည်းကိုစိတ် ထိန်းထားရတယ်။
            ''သိပ်များများတော့မရှိပါဘူး...ဒီအပင်လေးတစ်ပင်ထဲပါ''ဆိုတော့ ချိုက''အဟုတ်လားလို့လေ..''ဆိုပြီး ကျွန်မပခုံးကိုဖွဖွထုရင်း ရယ်နေပြန်ပါတယ်။ သည်တော့မှ ကျွန်မလည်း သူနဲ့အတူလိုက်ရယ်မိရင်း..
            ''အဟုတ်ပြောနေတာပဲချိုရဲ့..ဒါပေမဲ့ ဒီအပင်လေးက တကယ့်အပင်ထက် ပိုပြီးတော့ တာဝန်ကြီးတယ်။ ကလေးဆိုတဲ့ လူသစ်ပင်လေးကို စိုက်ပျိုးရတာ ဥယျာဉ်မှူး မေမေတွေအတွက် တကယ်မလွယ်တဲ့ ကိစ္စတစ်ရပ်ပါပဲ...''
            တွေးတွေးဆဆဖြေလိုက်တဲ့ ကျွန်မ စကားကို ချိုက စိတ်ဝင်စားဟန်မရှိတော့ ဘဲ စင်ပေါ်ကမိန်းကလေးကို သရဖူတက်ဆောင်းပေးနေတဲ့ လူတစ်ယောက်ဆီ မျက်မှောင် ကုတ်ပြီး လှမ်းကြည့်နေတယ်။ ဆီတွေ ပေပွနေတဲ့ သမီးရဲ့နှုတ်ခမ်းပါးနားတစ်ဝိုက်ကို တစ်ရှူးတစ်စနဲ့ သုတ်ပေးလိုက်ပြီး စားပွဲထိုးလေးကို ကျွန်မလှမ်းခေါ်တဲ့အခါ ချိုက..
            ''ပြန်တော့မလို့လား၊ ရောက်တုန်းရောက်ခိုက် နေစမ်းပါဦးလား၊ ခဏကြာရင် သီချင်းဖွင့်ပြီး ကိုယ်တို့တစ်တွေ ဖက်ရှင်ရှိုးလျှောက်ပြသလို လျှောက်ကြဦးမှာ၊ ကြည့်သွားပါ ဦးလား၊ အပျင်းပြေပေါ့''လို့ပြောတယ်။ ခေါက်ဆွဲတစ်ပန်းကန် ကုန်လုနီးနီးစားပစ်လိုက်လို့ ဗိုက်အတော်ဝသွားပုံရတဲ့ သမီးဟာ အိမ်ကိုပြန်ချင်နေပြီထင်ပါရဲ့။ စားချင်တာစားပြီးတာနဲ့ ချက်ချင်း ထပြန်ချင်တာ ကလေးတို့ရဲ့သဘာဝပဲမဟုတ်လား။
            ကျွန်မ ချို့ကိုလည်း အားနာတယ်။ ကိုယ်တိုင်ကလည်း ချိုသီချင်းဆိုတာကို ဆက်ပြီးကြည့်ချင်သေးတယ်ဖြစ်နေပါတယ်။ သမီးကိုကြည့်တော့ ခုံပေါ်ကတောင်ဆင်း ချပြီး လမ်းဘက်ကိုလှမ်းလို့တောင်ကြည့်နေပါပြီ။ သမီးရေ ခဏနေကြဦးစို့ရဲ့..လို့ပြော ပြီး ဆက်နေရင်ဖြစ်ပေမဲ့ ကျွန်မက ကိုယ့်ကလေးရဲ့ဆန္ဒကိုလျစ်လျူရှု၊ ကိုယ့်ဆန္ဒကိုသာ ရှေ့တန်းတင်တတ်တဲ့ မိခင်မျိုးမှ မဟုတ်တာ။ ချိုပြောသလို ကျွန်မအပျင်းပြေဖို့ထက် သမီးမပျင်းစေဖို့က ကျွန်မအတွက်ပိုပြီးအရေးကြီးနေပါတယ်။ ဒါကို ချိုကတော့ နားလည်မှာ မဟုတ်ဘူး။
            ''ပြန်တော့မယ် သူငယ်ချင်းရေ''လို့ ကျွန်မနှုတ်ဆက်လိုက်တော့ ''အေးအေး ဆေးဆေးစကားပြောကြရအောင် နောက်နေ့လာခဲ့ဦးနော်''လို့ ချိုက တတွတ်တွတ်နဲ့ မှာနေပါသေးတယ်။
            ''အင်းပါ''ဆိုပြီး ကျွန်မ ခေါင်းညိတ်ပြလိုက်ပေမဲ့ ဒါဟာ မသေချာလှတဲ့ ကတိပြုမှုလေး တစ်ခုရယ်ပါ။ ဘာလို့ဆို ကျွန်မက ချိုတို့လို လွတ်လပ်သူမှမဟုတ်တာ။ ကျွန်မရဲ့အချိန်နာရီ ခေါက်ချိုးတွေအားလုံးဟာ ကျွန်မသမီးရဲ့လက်ထဲမှာသာ အချက်အချာ ကျနေတာမို့ပါ။
            မနက်ဖြန်မှာ သမီးက ခေါက်ဆွဲကြော်စားချင်တယ်လို့ ပူဆာဦးမလား မဆိုနိုင်ဘူး လေ။ မပူဆာခဲ့ရင်တော့ ကျွန်မအနေနဲ့ ချို့ဆီရောက်ဖြစ်မှာ မဟုတ်ဘူးပေါ့။ ဒါ အသေ အချာပါပဲ။
            သမီးရဲ့လက်ကိုဆွဲ၊ ဆိုင်ရှေ့မှာရပ်ပြီး လမ်းတစ်ဖက်ကိုကူးဖို့ ကားတန်းအရှင်း စောင့်ချိန်မှာ လက်ခုပ်သံညံညံစီစီကြောင့် ကျွန်မ ဆိုင်ထဲကို သမင်လည်ပြန်လှည့်ကြည့် မိလိုက်ပါသေးတယ်။ ချိုနဲ့အတူ မိန်းကလေးတွေအားလုံးဟာ စင်ပေါ်မှာ။ ဆိုတဲ့သူဆို၊ ရှေ့ထွက်ပြီး သရုပ်ပြတဲ့သူကပြ၊ ပန်းကုံးတွေ သရဖူတွေ ဆုချသူကချနဲ့ လှုပ်လှုပ်သဲသဲဖြစ် နေတာ ကျွန်မမြင်ရတယ်။ အားလုံးထဲမှာ ချိုဟာ အများဆုံးချီးမြှောက်ခံရသူပါပဲ။ ခေါင်းပေါ်မှာက သရဖူ၊ လက်ထဲမှာက အကယ်ဒမီရွှေစင်ရုပ်လိုဟာတွေ မနိုင်မနင်းပွေ့လို့ ကိုယ်ပေါ်မှာ သမီးပြောတဲ့ပြောင်လက်လက်ကြိုးတွေဟာ (စပါးကြီးမြွေက မထွေးလေးကို ရစ်ပတ်သလို) အထပ်ထပ်ရစ်ပတ်လို့ တစ်ကိုယ်လုံးနေရာလပ်ကို မကျန်အောင်ပါပဲ။ မျက်နှာလေးချည်းသာမြင်ရတော့တဲ့ ချို့ကိုလှမ်းကြည့်ပြီး ကျွန်မရယ်လည်းရယ်ချင်ပါရဲ့။
            ဒီအချိန် ချိုတစ်ယောက်ပျော်နေမှာလား...
            ဒါမှမဟုတ် စိတ်ညစ်ညူးနေမှာလား....
            ဒါကိုတော့ ကျွန်မ မသိချင်တော့ပါဘူး။
            ''ကားရှင်းပြီလေ မေမေ''လို့ သမီးက ပြောလည်းပြော ကျွန်မလက်ကို ဆွဲလည်းဆွဲလှုပ်နဲ့ လမ်းအတင်းကူးတော့မယ့်ဟန် ပြင်မှပဲ ကျွန်မလည်း သတိပြန်ဝင်လာ ရပြီး သမီးလက်ကို တင်းတင်းဆုပ်လို့ ကားလမ်းကူးလိုက်တော့တယ်။                                  အပြန်လမ်းတစ်လျှောက် ချိုပြောတဲ့စကားတွေ ပြန်စဉ်းစားရင်း ကျွန်မပြုံးတောင် ပြုံးမိပါသေးတယ်။
'မင့်ကြည့်ရတာ ဟိုတုန်းကနဲ့မတူတော့ဘူး၊ မျက်နှာမှာ နှုတ်ခမ်းနီလေး တောင်မှ မတွေ့ရတော့ပါလား၊ အရမ်းပြောင်းလဲသွားတာပဲ'တဲ့။
            ကျွန်မ ဘယ်အချိန်က ဘယ်လိုပြောင်းလဲသွားခဲ့တာလဲ။ ချိုပြောမှပဲ ကိုယ့်ဘာသာ သတိထားမိပါတော့တယ်။ ကျွန်မအထင် တော့ ဟောသည်သမီးကြောင့်ပဲ ဖြစ်မယ်ထင်ရဲ့။ ပြောရရင် သမီးရဲ့အရှေ့မှာ ကျွန်မက စံပြဖြစ်ချင်သူလေ။ ဒါဟာလည်း သမီးအတွက်ပါ။
            အနားမှာရှိသမျှ လူတွေဆီက ဘာမဆို အတုခိုးသင်ယူနေတတ်ပြီ ဖြစ်တဲ့ သမီးကြောင့် ကျွန်မလည်းအရာရာမှာ ဆင်ခြင် ပြုမူ နေထိုင်နေရပြီလေ။ သမီးရဲ့ ဘေးပတ်ဝန်းကျင် အနီးဆုံးမှာ အချိန်တိုင်းရှိနေတာ ကျွန်မပဲမဟုတ်လား။ ကျွန်မရဲ့ အရိပ်အငွေ့က ဒီသမီးအပေါ်မှာ လုံးလုံးလျားလျားကျရောက်နေတာလေ။ တစ်ချက်ကလေး ကျွန်မသတိလစ်သွားတာနဲ့ ကျွန်မရဲ့ချွတ်ယွင်းမှုကို သမီးကကောက်ခါငင်ခါမြင်သွားပြီး အတုယူမှားသွားမှာ ကျွန်မသိပ်စိုးရိမ်မိပါတယ်။
            အဖြူ အစိမ်းကျောင်းဝတ်စုံလေးတွေနဲ့ မိန်းကလေးငယ်ငယ်တွေ မျက်ခုံးမည်း မည်း၊ နှုတ်ခမ်းရဲရဲတွေဆိုး၊ (တီဗီကြော်ငြာတွေထဲက မင်းသမီးတွေလို)ဆံပင်နီတွန့်တွန့်တွေ ပါပြီးသား ခေါင်းစီးပဝါတွေစည်းပြီးလာကြတဲ့ကလေးတွေကို မြင်ရင် ကျွန်မလေအပြေး သွားပြီး အဲဒီအပြင်အဆင်တွေကို လိုက်ဖျက်ဆွဲဖြုတ်ပစ်ချင်လိုက်တာမပြောပါနဲ့တော့။  ကျွန်မသမီးကိုတော့ အရွယ်မတိုင်သေးခင် အလှအပထက် သန့်ရှင်းသပ်ရပ်မှုရှိဖို့ကိုပဲ ဦးစားပေးလေ့ကျင့်ပေးရမယ်။ ဒါကြောင့် ကျွန်မကိုယ်တိုင်လည်း သန့်ရှင်းသပ်ရပ်စွာပဲ ပြုပြင်နေထိုင်ပါတယ်။
            အရွယ်ရောက်လာတဲ့အခါကျရင်တော့ သမီးစိတ်ကြိုက်သူ့ဘာသာ အလှအပ ပြင်ပါစေပေါ့။ ဒါတောင်မှ သမီးရဲ့လုပ်ငန်း သဘာဝနဲ့ လျော်ညီတဲ့ပြင်ဆင်မှုမျိုးဖြစ်ဖို့ လိုသေးတယ်။ သမီးက သာမန် ရုံးဝန်ထမ်းမိန်းကလေးလုပ်ပြီး သရုပ်ဆောင်မင်းသမီး တွေလိုပြုပြင်ဆင်ယင်မယ်ဆိုရင်လည်း မဖြစ်သေးဘူးပေါ့။ သမီးက ဘယ်လိုပုံစံ လာမှာ ပါလိမ့်။ ကျွန်မကသာ အရှည်ကြီး လျှောက်တွေးနေတာ။ သမီးက လမ်းတောင်မှ တစ်ယောက်တည်း ဖြတ်မကူးနိုင်သေးတဲ့ ပိစိကွေး ကလေးငယ်လေးပဲရှိသေးပါလား....။
            အင်း..တစ်ခါတစ်ခါကျတော့လည်း တစ်ကိုယ်ရေလွတ်လပ်သူတွေကိုကြည့်ပြီး အပျိုဘဝကအချိန်တွေ ပြန်ရချင်လိုက်တာလို့ တမ်းတလွမ်းဆွတ်မိတဲ့အခါတွေလည်း ရှိဖူးတယ်ဆိုတာ ကျွန်မ ဝန်ခံပါတယ်။ ဒါပေမဲ့ အိမ်ထောင်သည်မိခင်ဘဝမျိုးဟာ သိပ်အရေးကြီးပြီး ကျွန်မတို့မိန်းမသားတွေအတွက် မရှိမဖြစ် ပိုင်ဆိုင်သင့်တဲ့ဘဝတစ်ခု လည်း ဖြစ်တယ်လို့ စဉ်းစားမိတဲ့အခါ အဲဒီတမ်းတမှုတွေအကုန်လုံး ကြက်ပျောက် ငှက်ပျောက် ပျောက်သွားတော့တာပါပဲ။
            ပြောမယ်ဆိုရင် အလုပ်ကပြန်လာတဲ့အဖေကို သမီးလေးကပြေးကြို၊ မောမောနဲ့ပြန်လာတဲ့ ခင်ပွန်းသည်က ကျွန်မ တိုက်တဲ့ ရေတစ်ခွက်ကိုတောင် မသောက် နိုင်အားသေးဘဲ သမီးကိုအရင်ပွေ့ချီ နမ်းရှုပ်နှုတ်ဆက်လိုက်တဲ့ မြင်ကွင်းမျိုးကို ညနေတိုင်း စောင့်ကြည့်ရတာ ကျွန်မအတွက် တကယ့်ကို ပီတိဖြစ်စရာပါပဲ။ နေ့စဉ်တွေ့မြင်နေကျ ဖြစ်ပေမဲ့လည်း အဲဒီမြင်ကွင်းဟာ ရိုးအီမသွားခဲ့ဘဲ ကျွန်မအတွက် တစ်ရက်ပြီးတစ်ရက် ခွန်အားအသစ်တွေတိုးစေတဲ့ ကြည်နူးဖွယ်မြင်ကွင်း အစစ်အမှန်လေးဖြစ်လေရဲ့။
            ဒါကြောင့် ကျွန်မ မပြောလား။ တစိမ့်စိမ့် ဖြစ်ရတဲ့ သည်လိုပီတိမျိုးကို ကလေးရှိတဲ့ ကျွန်မလို မိခင်တွေမှသာ ခံစားဖူးမှာပါ။ ပြီးတော့ မိခင်ဆိုတဲ့ အခန်းကဏ္ဍဟာ  ကျွန်မဘဝမှာ အကြီးမားဆုံးနဲ့ နောက်ဆုံးစွန့်စားမှုကြီးတစ်ရပ်လည်းဖြစ်ရဲ့။ နောက်ထပ် သည်လောက်ကြီးမားတဲ့ စွန့်စားမှုမျိုး ကျွန်မတို့မိန်းမတွေ ကြုံရလိမ့်မှာ မဟုတ်တော့ဘူး။
            ဒါတွေကို ကျွန်မအနေနဲ့ ချို့ကိုပြောပြခဲ့ဖို့ကောင်းတာနော်။
            ဒါပေမဲ့ သည်စကားတွေကို ခုချိန်မှာ ချိုသဘောပေါက်လိမ့်မှာမဟုတ်ဘူး။ကျွန်မတုန်းကလည်း ဒါတွေကိုကြိုတင်ပြီး သဘောပေါက်ခဲ့တာမှ မဟုတ်ဘဲ။ ဘဝနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေက ကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ကြုံမှ သိရတာမျိုးလေ။ ခုနေခါမှာတော့ ချိုဟာ တစ်ကိုယ်ရေဘဝရဲ့ လွတ်လပ်မှုတွေအကြားမှာ ရှင်သန်ပျော်မြူးရင်း ကျွန်မရဲ့အိမ်ထောင်သည် မိခင်ဘဝကိုကြည့်ပြီး စိတ်မောချင် မောနေဦးမှာပေါ့။
            တစ်နေ့တော့ ချိုလည်း အလိုလိုသိလာမှာပါ။
            စိတ်မောစရာလို့ အထင်ရှိခဲ့ဖူးတဲ့ဘဝကို သူကိုယ်တိုင် တမက်တမောနဲ့ပွေ့ပိုက် နေမိတဲ့အချိန်လေးတစ်ချိန်ကို ရောက်လာလိမ့်ဦးမှာပါ။
            ဘာလို့ဆို သူဟာလည်း ကျွန်မလို မိန်းမထဲကမိန်းမတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ သေချာပေါက် မိခင်တစ်ဦး ဖြစ်လာမှာမို့လို့ပေါ့။
            အိမ်ရောက်မှပဲ ကျွန်မအတွေးစတွေပြတ်တောက်သွားပါတော့တယ်။ သမီးက ခေါက်ဆွဲကြော်စားချင်တယ်ဆိုတာနဲ့ သွားလိုက်ကြတာ..ကျွန်မကိုယ်တိုင် ဘာမှ မစားဖြစ်ခဲ့တဲ့အပြင် ကျွန်မခင်ပွန်းအတွက်လည်း ဘာမှ မဝယ်ခဲ့ရပါလား လို့စဉ်းစားမိတော့ ကျွန်မ ကျေကျေနပ်နပ်ကြီး ပြုံးလိုက်မိသေးတယ်။ ဒီလိုပါပဲလေ..။ ကျွန်မတို့မိခင်တွေ ဆိုတာက ကိုယ့်အတွက်ကို ကိုယ်မေ့ပြီး အရာရာမှာ ကလေးအတွက်ကိုသာ စဉ်းစားတတ် ကြတာမဟုတ်လားနော်။
            သည်အချိန်မှာ ကျွန်မတို့ကိုမြင်လို့ အိမ်တံခါးကို သော့မဖွင့်သေးဘဲ ရပ်စောင့်နေ တဲ့ ကျွန်မခင်ပွန်းကို တွေ့လိုက်ရပါတယ်။ သမီးက သူ့ဆီကို ခုန်ပေါက် ပြေးသွားတဲ့အခါ သူက လက်ဆန့်တန်းပြီး အားပါးတရဆီးကြိုပါတယ်။
            သမီးကို သန်မာတဲ့လက်တွေနဲ့စွေ့ခနဲကောက်ယူပွေ့ချီလိုက်တဲ့ ခင်ပွန်းဖြစ်သူကို ချစ်မြတ်နိုးမှုအပြည့်နဲ့ ကျွန်မငေးကြည့် လိုက်မိတယ်။ အဲဒီအချိန် တစိမ့်စိမ်နဲ့ဖြစ်ပေါ်လာတဲ့ ပီတိနဲ့ ခံစားမှုမျိုးဟာ လောကမှာရှိသမျှ ဘယ်လိုအဖိုးတန်အရာနဲ့မှ နှိုင်းယှဉ်လို့မရဘူး ဆိုတာကို ကျွန်မ ကောင်းကောင်းကြီးသိလိုက်ရပြန်တယ်။
            အဲဒီနောက် သမီးရဲ့ပါးပြင်လေးနှစ်ဖက်ကို ကျွန်မခင်ပွန်းက မွှေးကြူ နမ်းရှုပ် လိုက်တဲ့အခါ အဲဒါဟာ ကျွန်မအတွက် ဘယ်တော့မှ မရိုးနိုင်တော့တဲ့ ရှုမျှော်ခင်းလေး တစ်ခု ဖြစ်သွားပါတော့တယ်။


စုမီအောင်
(၂ဝဝ၂၊ ဇွန်၊ အနုပညာမြင်ကွင်းမဂ္ဂဇင်း)